【 အလှအပနှင့်ကျန်းမာရေး 】“ ၃လခံကိုယ်ဝန်တားဆေး ”

【 အလှအပနှင့်ကျန်းမာရေး 】“ ၃လခံကိုယ်ဝန်တားဆေး ”

ဒီတ‌စ်ခေါက်တော့ ၃လခံ ကိုယ်ဝန်တားဆေး အကြောင်းပြောပြပေးချင်ပါတယ်။ သူ့နာမည်အတိုင်းပဲ ၃လခံကိုယ်ဝန်တားဆေးဖြစ်တဲ့အတွက် ၃လတစ်ကြိမ် ဆေးပုံမှန်ထိုးဖို့လိုတဲ့တားဆေး အမျိုးအစားဖြစ် ပါ တယ်။ဒါကြောင့် ဆေးနေ့တိုင်းသောက်ဖို့ အခက်အခဲရှိတဲ့သူ၊ မေ့တတ်တဲ့သူတွေအများစု အသုံးပြုကြတဲ့ တားဆေးအမျိုးအစားလည်းဖြစ်ပါတယ်။

၃လခံကိုယ်ဝန်တားဆေးမှာ ပါဝင်တာကတော့ ပရိုဂျက်စတီရုန်းဆိုတဲ့ ဟော်မုန်းအမျိုးအစားပဲဖြစ်ပါတယ်။ဒီဟော်မုန်းက မမျိုးဥကြွေခြင်းကို တားဆီးပေးပြီး သားအိမ်ခေါင်းအကျိအချွဲတွေ ထူစေပြီး သုတ်ပိုးကို မျိုးဥဆီမရောက်အောင် တားဆီးပေးခြင်းနည်းနဲ့ ကိုယ်ဝန်တားပေးတာဖြစ်ပါတယ်။

ဘယ်အချိန်မှာ ၃လခံ ကိုယ်ဝန်တားဆေး ထိုးသင့်သလဲ?

  • ရာသီစက်ဝန်းဓမ္မတာလာစဉ် (၇)ရက်အတွင်းမှာ စတင်ထိုးနိုင်ပါတယ်။
  • ကလေး‌မီးဖွားထားတဲ့မိခင်‌ တွေအတွက်ကတော့ကလေးမွေးပြီး(၅)ရက်အတွင်းမှာစတင်ထိုးနိုင်ပါတယ်။
  • ရာသီစက်ဝန်းရဲ့အခြားရက်မှာစတင်ထိုးမယ်ဆိုရင်တော့ကိုယ်ဝန်ရှိမရှိစစ်ဆေးပြီးနောက် ထိုးနိုင်ပါတယ်။ အခြားကိုယ်ဝန်တားနည်းအမျိုးအစားဖြစ်တဲ့ ကွန်ဒုံးကိုဆေးထိုးပြီး ၁ ပတ်အထိအသုံးပြုဖို့လိုပါတယ်။

၃လခံ ကိုယ်ဝန်တား‌ ဆေးရဲ့အားသာချက်တွေက ဘာတွေလဲ?

  • နေ့စဉ်ဆေးသောက်ဖို့မလိုခြင်း
  • ရာသီလာစဉ်မှာ ခံစားရတတ်တဲ့ နာကျင်ကိုက်ခဲမှုတွေကိုသက်သာစေခြင်း၊
  • ရာသီသွေးပမာဏကို လျော့နည်းစေခြင်း
  • သားအိမ်ကင်ဆာဖြစ်ပွားမှုကို လျော့ချပေးခြင်း စတဲ့အားသာချက်တွေ ရှိပါတယ်။

အားနည်းချက်တွေကတော့

  • ကိုယ်ဝန်တားဆေးကို ရပ်ပြီးချိန်မှာ ကလေးပြန်ရဖို့ ၁၀လကျော်လောက် အချိန်ယူရတတ်ပါတယ်။
  • ၃လခံ ကိုယ်ဝန်တားဆေးက ထိုးဆေးအမျိုးအစားဖြစ်တဲ့အတွက် ဆေးထိုးရမှာကြောက်တဲ့ သူတွေ၊အပ်‌ ကြောက်တဲ့သူ‌ တွေအတွက်တော့ အဆင်မပြေပါဘူး။
  • ၃လခံ ကိုယ်ဝန်တားဆေးဟာ ကိုယ်ဝန်မရအောင် တားဆီးပေးခြင်းသာဖြစ်ပါတယ်။လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုတော့ မကာကွယ်နိုင်ပါဘူး။

၃လခံကိုယ်ဝန်တားဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

  • ရာသီမမှန်ခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း
  • ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း
  • ဗိုက်နာခြင်း၊အစာမကြေသလိုခံစားရခြင်း
  • စိတ်ဓါတ်ကျခြင်းတွေခံစားရနိုင်ပါတယ်။

၃လခံ ကိုယ်ဝန်တားဆေး မထိုးသင့်တဲ့သူတွေကတော့

  • အသည်းရောဂါရှိသူများ
  • နှလုံးရောဂါရှိသူများ
  • ရင်သားကင်ဆာရောဂါခံစားနေရသူများ
  • လေဖြတ်ဖူးသူများ
  • အရေပြားလေးဖက်နာ (SLE) ရောဂါရှိသူများ စတဲ့သူတွေမှာတော့ ၃လခံ ကိုယ်ဝန်တား‌ဆေး မထိုးသင့်ပါဘူး။

သတိပြုရမှာကတော့ ၃လခံကိုယ်ဝန်တားဆေးကို ၁၂ပတ် (၃လ) တစ်ကြိမ် မှန်မှန်ဆေးထိုးဖို့ လိုပါတယ်။ ဆေးထိုးဖို့ ၂ပတ်ထက်ပိုပြီး နောက်ကျတာမျိုး ဖြစ်မယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။

အခြားကိုယ်ဝန်တားနည်းအမျိုးမျိုးရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေမယ့်နည်းကို ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ သေချာစွာ တိုင်ပင်ပြီး အသုံးပြုနိုင်ပါတယ်။

Dr.Phyu

Photo crd:medical news today