【 အလှအပနှင့်ကျန်းမာရေး 】 “ စိတ်ဓာတ်ကျခြင်း Depression”

【 အလှအပနှင့်ကျန်းမာရေး 】  “ စိတ်ဓာတ်ကျခြင်း Depression ”

သင့်ကိုယ်သင် စိတ်ဓါတ်ကျနေပြီလို့ ခံစားနေရပါသလား?
စိတ်ကျရောဂါလို့ အများခေါ်ကြတဲ့ Depression ဟာ လူတိုင်းမှာဖြစ်နိုင်ပါတယ်။ ဘဝမှာ ငွေရေးကြေးရေး၊ အလုပ်အကိုင်၊အချစ်‌ရေး၊အိမ်‌ထောင်ရေး၊လူမှုရေး၊ကျန်းမာရေး စတဲ့အကြောင်း အမျိုးမျိုး အဆင်မပြေတဲ့အခါ၊ချစ်ခင်ရသူတွေနဲ့ခွဲခွာရတဲ့အခါ၊ မိသားစုဝင်တစ်ဦးဦးကို ဆုံးရှုံးလိုက်ရတဲ့အခါ၊စိတ်ဖိစီးမှု‌တွေများလာတဲ့အခါ စတဲ့အဆင်မပြေမှု ဝမ်းနည်းမှုတွေ ကြုံတွေ့လာချိန်မှာ စိတ်ကျရောဂါဟာ မိမိဆီကို ဝင်ရောက်လာနိုင်ပါတယ်။ဆင်းရဲချမ်းသာမရွေး စိတ်ကျရောဂါကို ခံစားရနိုင်ပါတယ်။

လူတစ်ဦးနဲ့တစ်ဦးခံနိုင်ရည် မိသားစုပတ်ဝန်းကျင်အခြေအနေတွေ မတူညီကြပါဘူး။ အများက ပျော်ရွှင်အောင်မြင်နေတယ်လို့ ထင်ကြတဲ့လူတွေမှာလည်း စိတ်ကျရောဂါ ခံစားရနိုင်ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ သူဌေးကြီးတွေ မင်းသားမင်းသမီးတွေမှာလည်း စိတ်ကျရောဂါခံစားနေရသူတွေ၊ စိတ်ကျရောဂါကြောင့် ဘဝကို အရှုံးပေးသွားကြသူတွေ အများကြီးရှိပါတယ်။ ဒါကြောင့်စိတ်ကျရောဂါ မိမိကိုယ်ကို ခံစားနေရပြီလို့ ထင်နေပြီ ဆိုရင်တော့ နီးစပ်ရာ ကျန်းမာရေးဆရာဝန်များနှင့် ‌‌ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ စိတ်ကျရောဂါရဲ့ ရောဂါ လက္ခဏာတွေ ဖြစ်တဲ့-

၁. စိတ်ဆိုးစိတ်တိုလွယ်ခြင်း၊‌ နေ့စဥ်လုပ်ငန်း‌ ဆောင်တာများကို စိတ်ဝင်စားမှုမရှိခြင်း၊ပျော်ရွှင်မှုမရှိခြင်း။

၂.စိုးရိမ်ပူပန်မှုများခြင်း၊ ဝမ်းနည်းလွယ်ခြင်း၊အလွန်အမင်းငိုကြွေးခြင်း။

၃.မိမိကိုယ်ကို အပြစ်တင် နောင်တရခြင်း၊မိမိကိုယ်ကို အသုံးမကျသူဟုထင်မြင်ခြင်း။

၄.လူအများနှင့် ဆက်သွယ်မှုမရှိပဲ တစ်ယောက်တည်း ခပ်ခွာခွာနေခြင်း။

၅.ကိုယ်အလေးချိန်ကျဆင်းခြင်း၊အစားအသောက်ပျက်ခြင်း။

၆.ညဘက်အိပ်မပျော်ခြင်း၊ မနက်ခင်းစောစီးစွာအိပ်ရာမှ နိုးလာခြင်း။

၇.အာရုံစူးစိုက်မှုမရှိခြင်း၊ ပင်ပန်းနွမ်းနယ်၍ အားမရှိပဲ နုံးခွေနေခြင်း။

၈.မိမိကိုယ်ကို ဘဝကိုအဆုံးစီရင်ဖို့ ကြိုးစားခြင်း- စတဲ့ ရောဂါလက္ခဏာအများစုကို ခံစားနေရပြီဆိုလျှင်၊ မိမိကိုယ်ကို စိတ်ကျရောဂါခံစားနေရတယ်လို့ သံသယရှိပါက ပတ်ဝန်းကျင်မှသူငယ်ချင်း၊ ဆွေမျိုး၊ မိသားစု၊ မိတ်ဆွေများ၊ ဆရာဝန်များထံမှ အကူအညီတောင်းခံ၍ ထိရောက်စွာကုသသင့်ပါတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက် စိတ်ကျရောဂါ ခံစားရတယ်လို့ သံသယရှိလျှင် အကူအညီပေး၍ နွေးထွေးစွာဆက်ဆံပေးပါ။ စိတ်ကျရောဂါကို ပေါ့ပေါ့ဆဆ သဘောမထားဘဲ ထိရောက်စွာ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင် ကုသဖို့တိုက်တွန်းလိုပါတယ်။

Dr.Phyu

photo crd: images.theconversation.com