【 အလှအပနှင့် ကျန်းမာရေး 】ဟော်မုန်း၂မျိုးပါတဲ့ကိုယ်ဝန်တားဆေး (combined oral contraceptives pill)

【 အလှအပနှင့် ကျန်းမာရေး 】ဟော်မုန်း၂မျိုးပါတဲ့ကိုယ်ဝန်တားဆေး (combined oral contraceptives pill)

ချစ်သူအချင်းချင်း မိသားစုဘဝစတင်ဖို့အဆင်သင့်မဖြစ်သေးခင် ကိုယ်ဝန်မရအောင်၊မိသားစုဘဝကို အစစ အရာရာ ပြည့်စုံမှစတင်ချင်သူတွေအတွက် ကြိုတင်ကာကွယ်လို့ရမယ့် သန္ဓေတားနည်း‌ တွေထဲက တစ်မျိုး ဖြစ်တဲ့ ကိုယ်ဝန်တားဆေးများထဲက သောက်ဆေး အမျိုးအစား ဟော်မုန်း၂မျိုးပေါင်းစပ်ထားတဲ့ combined contraceptives pill (Combined OC pill) လို့ ခေါ်ကြတဲ့ နေ့စဉ်သောက်ဖို့လိုတဲ့တားဆေး အကြောင်းကို ပြောပြပေးလိုပါတယ်။

ဒီတားဆေးအမျိုးအစားကတော့ ဟော်မုန်းနှစ်မျိုးဖြစ်တဲ့ အီစထရိုဂျင် နဲ့ ပရိုဂျက်စတီရုန်း တို့ပါဝင် တာဖြစ်ပါတယ်။

ဒီဟော်မုန်းတွေက သားဥအိမ်ကနေဥမကြွေအောင်တားဆီးပေးပြီး၊ သုတ်ပိုးများသားအိမ်အတွင်း မဝင်ရောက် နိုင်အောင်သားအိမ်ခေါင်း အကျိအချွဲ တွေဖြစ်ပေါ်စေပါတယ်။နောက်ပြီး သားအိမ်နံရံမှာ သန္ဓေ အောင်ပြီး သားမျိုးဥမကပ်တွယ်နိုင်အောင်တားဆီးပေးခြင်းကိုပြုလုပ်ပေးခြင်းဖြင့် ကိုယ်ဝန်တားဆီး ပေးပါတယ်။

တားဆေးကတော့ ၂၁ ရက် ဆေးကဒ်ပုံစံ ရက် ၉၀ ဆေးကဒ်ပုံစံ ဆိုပြီးအမျိုးမျိုး ရှိပြီးအသုံးအများ ဆုံးကတော့ ၂၁ရက် ဆေးကဒ်အမျိုးအစားဖြစ်ပါတယ်။

၂၁ရက် ဆေးကဒ်အမျိုးအစားကတော့ ဆေးကဒ်မှာဆေးလုံး ၂၈ လုံးပါဝင်ပြီး ၂၁လုံးမှာဟော်မုန်း ပါဝင်တဲ့ ဆေးလုံးဖြစ်ပြီးကျန် ၇ လုံးက ဟော်မုန်းမပါတဲ့ဆေးများဖြစ်ပါတယ်။

ဆေးကိုဘယ်လိုသောက်ရမလဲ?

ဆေးကိုကဒ်‌ ပေါ်မှာမြှားပြထားတဲ့အတိုင်းတစ်‌နေ့တစ်လုံး ပုံမှန် အချိန်မှန်သောက်ရမှာဖြစ်ပါတယ်။ ဟော်မုန်း မပါဝင်တဲ့ဆေး ၇ လုံးသောက်ချိန်မှာ ရာသီသွေးပုံမှန်လာမှာဖြစ်ပါတယ်။

ဆေးကို ရာသီစလာတဲ့ ပထမဆုံးရက်မှာစသောက် ရင်တော့ တခြားကိုယ်ဝန်တားနည်းမလိုပဲ သောက်နိုင် ပါတယ်။

ဒါမှမဟုတ်တားဆေးကိုရာသီစက်ဝန်းရဲ့တခြားရက်မှာစသောက်မယ်ဆိုရင်တော့ အခြားကိုယ်ဝန်တားနည်း ဖြစ်တဲ့ အကာအကွယ်ကွန်ဒုံး သို့မဟုတ် သုတ်ပိုးသေစေတဲ့ spermicide ဆေးကို‌ ကိုယ်ဝန်တားဆေး စသောက်တဲ့ ၇ ရက်မှာတွဲအသုံးပြုရမှာဖြစ်ပါတယ်။ဘာကြောင့်ဒီလိုတွဲအသုံးပြုဖို့လိုလဲဆိုရင်တော့ ကိုယ်ဝန် တားဆေး အာနိသင်က ၇ ရက် မှသာ အာနိသင်စရရှိမှာဖြစ်ပါတယ်။

ဆေးသောက်ဖို့မေ့သွားရင်ဘယ်လိုလုပ်ရမလဲ?

- ဆေးသောက်ဖို့(၂၄နာရီမှ ၄၈နာရီ) အတွင်း မေ့သွားတာဆိုရင်တော့ သတိရတဲ့အချိန်မှာ မေ့သွားတဲ့ဆေး ၁လုံးကိုသောက်ပါ၊

ကျန်တဲ့ဆေးကိုပုံမှန်အချိန်မှာသောက်ပါ။

-ဆေးကို ၄၈နာရီ (၂ရက်) နှင့်အထက်သောက်ဖို့မေ့သွားတာဆိုရင်တော့

သတိရရခြင်း ၁လုံးသောက်ပါ၊ကျန်တဲ့ဆေးကိုပုံမှန်အချိန်တိုင်းသောက်ပါ။

နောက်ပြီးအခြားကိုယ်ဝန်တားနည်းအမျိုးအစားဖြစ်တဲ့ ကွန်ဒုံးကို ၇ ရက် အသုံးပြုဖို့လိုပါတယ်။

-အကယ်၍ ဆေးသောက်ဖို့မေ့တာက ဆေးကဒ်ရဲ့နောက်ဆုံး ၇လုံးဖြစ်တဲ့ ဟော်မုန်းမပါတဲ့ဆေးလုံးသောက်နေတဲ့အချိန်တွင်း မေ့တာဆိုရင်တော့ ဟော်မုန်းမပါတဲ့ဆေး(၇)လုံးကိုမသောက်တော့ပဲဆေးကဒ်အသစ်ကနေစသောက်ပါ။

- ဆေးကဒ်အသစ်စသောက်ခါစ ပထမပတ် (စသောက်တဲ့ ၇ ရက်) အတွင်း ဆေးသောက်ဖို့မေ့ခဲ့မယ်၊လွန်ခဲ့တဲ့ ၅ရက်အတွင်း လိင်ဆက်ဆံခြင်းလဲရှိခဲ့မယ်ဆိုရင်‌တော့ အရေးပေါ်ကိုယ်ဝန်တားဆေးသောက်ဖို့လိုအပ်ပါတယ်။

နေ့စဉ်သောက်ရတဲ့ကိုယ်ဝန်တားဆေးတွေရဲ့အားသာချက် ဘာတွေရှိလဲ?

  • ဆေးရပ်လိုက်ပြီဆိုတာနဲ့ကလေးပြန်ရနိုင်ပါတယ်။
  • သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ ၊သားဥအိမ်တွင်အရည်အိတ်တည်‌ခြင်းစသောရောဂါများဖြစ်နိုင်ချေကိုလျော့ချပေးပါတယ်။
  • ဝက်ခြံဖြစ်ခြင်းကိုလျော့ကျစေပါတယ်။
  • ဓမ္မတာလာစဉ်ကိုက်ခဲမှုများကိုလဲလျော့နည်းစေပါတယ်။
  • သားအိမ်မှာဖြစ်တဲ့အလုံး ကြောင့် ရာသီသွေးဆင်းမှုများခြင်းကိုလည်းသက်သာစေပါတယ်။ဘေးထွက်ဆိုးကျိုးတွေရောရှိပါသလား?

ဘေးထွက်ဆိုးကျိုးတွေကတော့

  • ရင်သားနာကျင်ခြင်း
  • သွေးပေါင်ချိန်တက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ရင်ပြည့်ရင်ကယ်ခံစားရခြင်းမျိုး
  • ခြေထောက်သွေးပြန်ကြောသွေးခဲခြင်းဖြစ်နိုင်ချေများခြင်း
  • နှလုံး‌ သွေးကြောကျဉ်းရောဂါ၊လေဖြတ်ခြင်း

ရောဂါများဖြစ်နိုင်ချေများခြင်း စတာတွေဖြစ်နိုင်ပါတယ်။

ဘယ်လိုလူတွေမသောက်သင့်ဘူးလဲ?

  • မိခင်နို့တိုက်နေတဲ့ နို့တိုက်မိခင်တွေအတွက် မိခင်နို့စတိုက်တဲ့ ပထမဆုံးအပတ်မှာ ပေါင်းစပ်ကိုယ်ဝန်တားဆေးကို မသောက်သင့်ပါဘူး။
  • အသက် ၃၅ နှစ်နှင့်အထက် ဆေးလိပ်သောက်သုံးသူအမျိုးသမီးများ
  • သွေးပေါင်ချိန်မထိန်းနိုင်သူများ
  • ခြေထောက်တွင်သွေးကြောပိတ်ရောဂါ၊အဆုတ်သွေးပြန်ကြော

သွေးခဲပိတ်ရောဂါ ဖြစ်ဖူးသူများ

  • နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ၊လေဖြတ်ဖူးသူများ
  • ရင်သားကင်ဆာဖြစ်ဖူးသူများ
  • ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူများ
  • အသည်းရောဂါရှိသူများ စတဲ့သူတွေမှာတော့ ပေါင်းစပ်တားဆေးအမျိုးအစားသောက်လို့မရပါဘူး။

ဒါကြောင့်မိမိဆရာဝန်နဲ့တိုင်ပင်ပြီး ဘယ်ကိုယ်ဝန်တားနည်းက ကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲဆွေးနွေးပြီး မိမိနဲ့အဆင်ပြေရာကိုယ်ဝန်တားနည်းတွေကိုအသုံးပြုနိုင်ပါတယ်။

ကိုယ်ဝန်တားနည်းများစွာရှိတဲ့အတွက် ကိုယ်နဲ့သင့်တော်မယ့်အမျိုးအစားကို ရွေးချယ်ပြီး ပျော်ရွှင်တဲ့မိသားစုဘဝတွေ တည်ထောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

 

Dr.Phyu

Photo credit: google