ထောင်နံရံများတွင်ထင်ဟပ်နေသောခေတ်၏ပုံရိပ်များ(၃) ...

ထောင်နံရံများတွင်ထင်ဟပ်နေသောခေတ်၏ပုံရိပ်များ(၃) ...

          (ယခင်အပတ်မှ အဆက်)  

၆။ “ကျွန်တော်လွန်သလား" .. မောင်ပုသည် အသက် (၁၉) နှစ်သာရှိသေး၏။ရန်ကုန်၊ ကမာရွတ်ဇာတိဖြစ်ပါသည်။စစ်မဖြစ်မီက သံလျင်ဘီအိုစီတွင် စာရေးဖြစ်ပြီး၊ စစ်အပြီးတွင် သစ်ပွဲစားအဖြစ် အသက်မွေးပါသည်။မောင်ပုတို့တွင် သားချင်း (၉)ယောက်ရှိလျက် သူက နံပါတ် (၈) ဖြစ်ပါသည်။

မောင်ပု အဖေက မူဆလင်။အမေက ဗမာဖြစ်၏။မောင်ပု အသက် (၄) နှစ်တွင် မူဆလင်လို ရှင်ပြုရသည်။ကမာရွတ် ဒေါ်သာထက်ကျောင်း၌ ဒုတိယတန်းထိနေပြီးနောက် မောင်ပု ကျောင်းထွက်ခဲ့ရပါသည်။ထို့နောက် အစ်ကိုကြီး ကာစင်နှင့်အတူ ကားနောက်လိုက်ရသည်။ယခင်ခေတ်အခေါ် စပယ်ယာလုပ်ရခြင်းဖြစ်၏။အသက် (၁၇) နှစ်ခန့်ရောက်သော် ကားပညာလည်း တတ်လာသည့်နည်းတူ လူရည်လည်း လည်လာပါသည်။ဒရိုင်ဘာလိုင်စင်ယူပြီး ဂျစ်ကားတက္ကစီ စမောင်းပါသည်။တစ်နှစ်နှင့် ရှစ်လလုပ်ပြီးနောက် ကားမမောင်းတော့ဘဲ တောင်ငူသို့သွားကာ ထီးရိုးပညာသင်ပါသည်။နောက် ထီးရိုးအလုပ်သာ လုပ်ကိုင်နေထိုင်ခဲ့၏။တစ်နေ့တွင် အလွန်ဆင်းရဲသည့် အိမ်နီးနားချင်းအိမ်၌ နာရေးကိစ္စဖြစ်၏။သေဆုံးသူမှာ အိမ်ထောင်ဦးစီးယောက်ျားဖြစ်သည်။ဇနီးနှင့် သမီးသုံးယောက် ကျန်ရစ်လေသည်။မောင်ပုက ဓာတ်မီးတစ်လုံး ငှားထွန်းပေးပြီး ဖဲတစ်ထုပ်ဝယ်ရာ ဖဲလာရိုက်မည့်သူမရှိသဖြင့် သူနှင့် အိမ်ရှင်မိန်းမ ပေါင်း (၄) ယောက် ဖဲထိုင်ရိုက်ကြရပါသည်။ထိုစဉ် ရပ်ကွက်တွင်းမှ ကိုစိုးတင့် အရက်မူးရောက်လာပြီး ငွေ ၃ဝဝိ/- လောင်းမည် ဆို၏။မောင်ပုတို့က ဖဲရိုက်သူမလာသဖြင့် မီးခြစ်ဆံကြေး အပျော်ကစားနေကြောင်း ပြောပြကြပါသည်။ကိုစိုးတင့်က မောင်ပုနောက်ကျောကို ခြေဖြင့်ကန်လိုက်သည်။နောက်ဒူးနှင့် ဆက်တိုက်ပြန်ရာ မောင်ပုက အိမ်မှ ရဲဒင်းပြန်ယူကာ ခုတ်ချလိုက်သည်။သို့ဖြင့် မောင်ပု ထောင် (၂) နှစ် ကျခဲ့ပေသည်။

၇။ “ပြည်တွင်းစစ်” ... ဖျာပုံတွင် ထီးပြန်အရေးပိုင်ရှိနေစဉ်ကာလ၌ ကျွန်တော့်ကို မွေးဖွားခဲ့သဖြင့် ကျွန်တော့်ကို စောထီးပြန်ဟု ခေါ်ကြပါသည်။ကျွန်တော့်ကို ဖျာပုံနှင့် မိုင် (၃၀) ခန့် ဝေးသည့် “အမာရွာ” တွင် မွေးဖွားခဲ့ ပါသည်။အဖေက အညာသား။အမေက ကရင်။အဖိုးက ရွာသူကြီးဖြစ်ပြီး ကရင်-ဗမာ ကပြား သူ့မြေးဖြစ်သူ ကျွန်တော့်အား လွန်စွာချစ်ခင်ပါသည်။

ကျွန်တော် ငါးနှစ်သား၌ အဖိုးဆုံးပါးသွာပါသည်။ကျွန်တော်တို့မိသားစုက ညင်တပင်ရွာသို့ ပြောင်းရွှေ့ခဲ့ကြပါသည်။အဖေက လက်သမားလုပ်ပြီး အမေက စာသင်ကျောင်းလေးဖွင့်ထားပါသည်။ဗိုလ်ကြိုင်က အချိန်မကျမီ ဂျပန်ကို ထတိုက်သဖြင့် ဂျပန်က ကျွန်တော်တို့ရွာကို မြေလှန်ပစ်၏။ကျွန်တော်တို့လည်း မြစ်ငါးဆိပ်ရွာသို့ ထွက်ပြေးကြရပါသည်။ စုစပ် ကုန်စုံဆိုင် တည်ရောင်းကြသည်။အမေက စာမသင်တော့။ကျွန်တော်လည်း ကရင်စာသင်ကျောင်း၌ ကျောင်းတက်ရသည်။ထိုအချိန်ကပင် ကရင်-ဗမာ အဆင်မပြေမှုများရှိနေလေပြီ။ကုန်စုံဆိုင်ကို ကေအင်ဒီအိုများ လာရောက် သေနတ်ပစ်သဖြင့် အဖေထွက်ပြေးရပါသည်။

စင်စစ် အဖေ့ခမျာ အဘိုးကျေနပ်စေရန် ခရစ်ယာန်ဘာသာထဲ ဝင်ထားရုံသာမက တရားဟောသင်းအုပ် ဆရာပင် လုပ်နေသူဖြစ်ပါသည်။အိမ်ထဲတွင် သေဆုံးကျန်ရစ်သူများမှာ ကရင်များဖြစ်ကြပြီး အဖေက ထွက်ပြေးလွတ်မြောက်သွားသဖြင့် အဖေ့ကို တရားခံအဖြစ် စွဲကြပါသည်။သည်ကတည်းက အဖေနှင့် အမေ ကွဲသွားကြပါသည်။

ရွာတွင်နေရခိုက် ကရင်-ဗမာ ကပြားအဖြစ် ကျဉ်းကျပ်ရခြင်းများရှိပါသည်။ဖြစ်ပွားကြသောကိစ္စများတွင် ရံဖန်ရံခါ ဗမာက လွန်၏။တစ်ခါတရံ ကရင်က လွန်၏။အဖေမရှိသည့်နောက် အမာရွာသို့ပြန်ပြီး ဂါးပိုက် ပုစွန်ဖမ်းသည့်အလုပ် လုပ်ကြပါသည်။တောနယ်များတွင် လက်နက်ကိုင် ကရင်အမျိုးသားများတပ်၌ ကျွန်တော် ကာကွယ်ရေးတပ်စိတ်မှူး လုပ်ခဲ့ဖူးပါသည်။တစ်ရက် ဖျာပုံမြို့ပေါ်တက်ပြီး ပုစွန်ခြောက်ရောင်းစဉ် ကာကွယ်ရေးတပ်စိတ်မှ ကျွန်တော့်ရဲဘော်တစ်ဦး ပစ္စည်းလုခဲ့ဖူးသည်ကို အကြောင်းပြုလျက် ပုလိပ်ကဖမ်းပါသည်။ထောင် (၂) နှစ် အပြစ်ပေးခံရပါသည်။

လူထုဦးလှက သူနှင့်တွေ့ရချိန်၌ စောထီး အသက် (၂၄) နှစ်။တွေ့သည့် ခုနှစ်ကား ၁၉၅၆ ဟု ဇာတ်လမ်းအဆုံးတွင် ဖော်ပြပါသည်။

၈။ “အပေါင်းမတော်သော် တစ်ကြိမ်” ... ကျွန်တော့်နာမည် “လေး" တစ်လုံးတည်းဖြစ်ပြီး မွန်လူမျိုးဖြစ်ပါသည်။မိမိအသက်ကို သေချာမသိပါ။(၂၈) နှစ်ဟု ထင်ပါသည်။မုဒုံအပိုင် “ကမာဝက်ရွာ” ဇာတိဖြစ်ပါသည်။မိဘများက လယ် (၃၅) ဧကနှင့် နွား (၅) ရှဉ်း ပိုင်ပါသည်။ကျွန်တော့်တွင် အစ်ကိုတစ်ယောက်၊ ညီတစ်ယောက်နှင့် ညီမတစ်ယောက်ရှိပါသည်။

ဘုန်းကြီးကျောင်းတွင် တစ်နှစ်၊ စာသင်ကျောင်းတွင် (၃) လခန့်သာ ပညာသင်ကြားရပြီးနောက် မိဘနှင့်အတူ လယ်လုပ်ရပါသည်။စပါးပေါ်ချိန်၌ စပါးတလင်း လယ်ထဲတွင် ကျွန်တော်စောင့်အိပ်ရပါသည်။တစ်ည ကြိုတင်တိုင်ပင်ထားခြင်းမရှိဘဲ ကလော့သော့ရွာမှ သူငယ်ချင်း (၃) ယောက်နှင့် ညီဝမ်းကွဲတစ်ယောက် သန်းခေါင်ကျော်ချိန် ရောက်လာကြပါသည်။သူတို့က “စပါးလှည်းများ ရွာထဲဝင်လာနေပြီ။လှည်းလေးငါးစီးလောက် တိုက်ရအောင်” ဟု ဆိုပါသည်။ကျွန်တော်က ငြင်းဆန်ပါသည်။သူတို့ကလည်း “မင်းမပါလို့ မဖြစ်ဘူး” ဟု ဆိုကြပါသည်။အတန်တန်ငြင်းသော်လည်း မရသဖြင့် ကျွန်တော်ပါသွားပါသည်။မနက် (၄) နာရီလောက်တွင် ကျွန်တော်တို့ လှည်း (၂) စီးကို ဖမ်းလိုက် ပါသည်။လှည်းတစ်စီးလျှင် လူ (၂) ယောက် ပါပါသည်။လှည်းပေါ် ပါလာသူ (၃) ယောက်အား ကြိုးဖြင့်တုပ်လျက် အဖော်နှစ်ယောက်က ခေါ်သွားပါသည်။သူတို့ထဲမှတစ်ယောက်က လမ်းတွင် ထွက်ပြေးပါသည်။အဖော်တစ်ယောက်က လိုက်ဖမ်းကာ ဒေါသဖြစ်လျက် သတ်လိုက်ပါသည်။သူက ကျန်နှစ်ယောက်အား မသတ်ပါက အမှုကို ဖော်လိမ့်မည်ဟု ပြန်လာပြောပြီး ကျန်နှစ်ယောက်ကိုပါ သတ်လိုက်ပါသည်။တရားခံမပေါ်ဘဲ တစ်လလောက် ကြာသွားပါသည်။တစ်နေ့တွင် ကျွန်တော်တို့ထဲမှ တစ်ယောက်ဖြစ်သည့် ကျန်စိန်ကို ကစားဝိုင်းတွင် ဖမ်းမိသွားပါသည်။ကျန်စိန်ကို အကြမ်းကိုင်စစ်ရာ လူသတ်မှုပါ ပေါ်သွား၏။ကျွန်တော်တို့အားလုံး အဖမ်းခံရပြီး မုဒုံအချုပ်သို့ ရောက်လာကြပါသည်။သို့သော် ကျန်စိန် တရားလိုဘက်မှ ဖော်ကောင်ဖြစ်နေမှန်း မည်သူမျှမသိကြ။ကျန်စိန်တစ်ယောက်သာ ဗမာလိုတတ်ပြီး ကျွန်တော်တို့က မွန်လိုသာ ပြောတတ်ကြပါသည်။ဗမာလို သုံးလေးခွန်းသာ ပြောနိုင်ပါသည်။အမှုကို ကျန်စိန်က ကျွန်တော်တို့ဘက်ကလိုလို၊ ရှေ့နေလိုလို ပြောသွားလျှင် ကျွန်တော်တို့ “အင်း” လိုက်ရုံသာ တတ်နိုင်ကြပါသည်။ကျန်စိန်က လွတ်သွားသော်လည်း ကျွန်တော်တို့ ကျန်လေးယောက်မှာမူ ထောင်ဒဏ် (၂၅) နှစ်စီ ကျခံစေ အမိန့်ချခံကြရပါသည်။

၉။ “ရွှေလင်ပန်းနှင့် အချင်းဆေးခဲ့သူ” ကန်နယားသည် မြန်မာပြည်ပေါက် တမီးလ်လူမျိုးတစ်ယောက်ဖြစ်ပါသည်။မိဘများက အိန္ဒိယနွယ်ဖွားများဖြစ်သော်ငြား၊ သူ့ကို မန္တလေးတွင် မွေးဖွားခဲ့ခြင်းဖြစ်ပါသည်။ကန်နယားက သားဦးဖြစ်သဖြင့် မင်္ဂလာယူသည့် တမီးလ်ဓလေ့အရ သူမွေးစဉ်က သူ့ကို မိဘများက ရွှေလင်ပန်းနှင့် အချင်းဆေးခဲ့ကြ၏။

အဖေက မန္တလေးတွင် စာရေးဖြစ်ပါသည်။အဖေက မြင်းပွဲ အလွန်ဝါသနာပါ၏။အဖေ မြင်းရှုံးသဖြင့် မန္တလေးမှာရော အိန္ဒိယ၌ပါ ကြွေးတင်လေသည်။ကြွေးမှုဖြင့် အဖေ အိန္ဒိယသို့ ပြန်ရပါသည်။အမေနှင့် ကန်နယားတို့ မောင်နှမကား မန္တလေးမှာပင် ကျန်ရစ်ကြ၏။ကန်နယားတွင် သူ့ထက် (၄) နှစ်ငယ်သော ညီမတစ်ယောက်ရှိပါသည်။တစ်နှစ်ကြာသော်လည်း အဖေပြန်မလာသဖြင့် အမေက ရှိသမျှထုခွဲရောင်းချပြီး အမျိုးများရှိရာ ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ကြပါသည်။လမ်း (၃၀) တွင် နေကြ၏။ရှိသမျှ ကုန်လုလု၌ အမဲသားကုမ္ပဏီမှ အရောင်းစာရေး ပါဆူးဒေဗင်းနှင့် အမေယူလိုက်ပါသည်။နောက်ပိုင်းတွင် ပထွေးက အလုပ်ထွက်ပြီး နွားသတ်အသားရောင်းသည့် အလုပ်လုပ်ပါသည်။သို့သော် ပထွေးက ဟိန္ဒူဖြစ်သဖြင့် နွားသားတော့ မစားပေ။ငွေစုမိလာသော် အသားမရောင်းတော့ဘဲ ရွှေဆိုင်အသေးလေး ဖွင့်ပါသည်။ ၁၉၄၅ အင်္ဂလိပ်များ ပြန်ဝင်လာသောအခါ ပထွေးက မဂိုလမ်းရှိ တိုက်ခန်းများကို ယူထားလိုက်သည်။ပထွေးက အပေါ်ဆုံးထပ်၌ တက်နေပြီး ကျန်အခန်းများကို ပြန်ရောင်းစားခြင်းဖြင့် တစ်ခါတည်း သူဌေးဖြစ်လာတော့သည်။ပထွေးက ရွှေဆိုင်ကို အစုစပ်မလုပ်တော့ဘဲ တစ်ဦးတည်းလုပ်တော့သည်။လက်ထဲ၌ ငွေများများမထားဘဲ အိန္ဒိယသို့ပို့ကာ ငွေတိုးချေးလေသည်။ထိုစဉ်က မဂိုလမ်းမှ ကုလားများ ငွေပို့ရာတွင် ပင်လယ်ကူးသင်္ဘော ကပ္ပတိန်များအား ပေါင်းသင်းပြီး ပို့ကြရပါသည်။

၁၉၃၈ ကတည်းက ပြန်သွားသည့် အဖေရင်းသည် ၁၉၄၇ ဇွန်လတွင် ပြန်ရောက်လာပါသည်။အမေက နောက်အိမ်ထောင်နှင့် ကလေး (၃) ယောက် ထပ်မွေးထားသေးသည်။အဖေက ကန်နယားကို သူနှင့်လိုက်ရန်ပြော၏။ပထွေးက ကန်နယားကိုသာမက အဖေ့ဘက်ကပါလာသော သမီး (ကန်နယား ညီမ) ကိုပါ ခေါ်သွားခိုင်းသည်။ ၂၀ ဇူလိုင်တွင် ကန်နယားနှင့် အဖေ အိန္ဒိယသို့ သင်္ဘောဖြင့် ပြန်ခဲ့ကြပါသည်။ပသုပုတေးရွာသည် အဖေ့ရွာဖြစ်ပြီး ခြံထဲ၌ တဲနှစ်လုံးတွေ့ရလေသည်။သည်မှာလည်း အဖေက မိန်းမ (၂) ယောက်နှင့်ပေကိုး။အဖေတွင် လယ်အသင့်အတင့်ရှိသော်လည်း ထိုနှစ်က နေပူလွန်းသဖြင့် စပါးများ ခြောက်ကုန်ပါသည်။ ကန်နယားတို့သာမက အိန္ဒိယ၏ နေရာအတော်များများ၌ စားရေးသောက်ရေး အခက်ကြုံနေကြပေသည်။သည့်ပြင် ကန်နယားအတွက်မူ မိထွေးနှိပ်စက်သည့်ဒဏ်ကိုလည်း ခံရသေးသည်။ထမင်းကလည်းမဝ။မိထွေးများဒဏ်လည်းခံရသဖြင့် အမေ့ထံ စာခိုးရေးလိုက်သည်။အမေ အိန္ဒိယသို့ လိုက်လာ၏။အဖေနှင့် အခြေအတင်ပြောကြပြီး အမေက ကန်နယားကို ရန်ကုန်သို့ ပြန်ခေါ်လာသည်။ပထွေး၊ အမေတို့နှင့် ကောင်းမွန်စွာ လုပ်ကိုင်နေထိုင်ပါသည်။ကန်နယားက စာရင်းရေးရသည်။အတိုးချထားသည်များကို လိုက်ကောက်ရသည်။ ၁၉၄၉ တွင် အမေ နောက်ကလေးတစ်ယောက် ထပ်မွေးပြီး ကန်နယားကို ပထွေးနှင့်ထားခဲ့ပြီး အိန္ဒိယသို့ ပြန်သွားပါသည်။ပထွေးနှင့်ရသော ကလေးအားလုံးကိုမူ ခေါ်သွားပါသည်။အကြောင်း ပထွေးတွင် နောက်မယားရှိနေခြင်းကြောင့်ဖြစ်၏။ပထွေးနှင့် နောက်မိန်းမလုပ်သမျှ ကန်နယား အမေ့ထံ ရေးထားသောစာကို ပထွေးတွေ့သွားသဖြင့် .. ကန်နယား အိမ်ပေါ်မှ ဆင်းခဲ့ရပေသည်။ကန်နယားကို လက်ခံထားသော အိမ်က ပထွေးကြောင့် လက်မခံရဲသဖြင့် ကန်နယား (၃၁) လမ်းရှိ ဘာဘူတစ်ယောက်အိမ်တွင် ထမင်းချက် အိုးတိုက်အလုပ် ဝင်လုပ်ရတော့သည်။အဝတ်လျှော်သည့်နေရာမှ ပိုက်ဆံ ၁ ပဲတွေ့သဖြင့် ဆေးလိပ်သောက်ရန် ကန်နယား ယူထားလိုက်သည်။အိမ်ရှင်မက မေးသည့်အခါ မယူဟု ဖြေသဖြင့် သူခိုးစွဲကာ ရိုက်နှက်လေသည်။ကန်နယား၏ ငိုသံကြောင့် အိမ်နီးပါးချင်းများ ရောက်လာကြသည်။အိမ်ရှင်များက ကန်နယား ငွေ ၅ဝိ/- ခိုးသည်ဟုဆိုသော် အများ၏ တိုက်တွန်းချက်ဖြင့် ဂတ်တဲသို့ အပ်လိုက်သည်။ကျောက်တံတား အချုပ်ခန်းတွင် ကန်နယား အိပ်ရလေသည်။ထိုစဉ်က ကန်နယား အသက် (၁၄)၊(၁၅) ခန့်သာ ရှိပါသေးသည်။ည (၁၀)နာရီ ခန့်တွင် ရဲကစစ်သည်။ကန်နယား၏ လက်ဆစ်များကို တုတ်သေးသေးဖြင့် အချက်ပေါင်းများစွာခေါက်လျက် မှန်မှန်ပြောဟုဆို၏။ကန်နယားက ငို၍သာနေသည်။ရဲက သဘောပေါက်ကာ “ကောင်းကောင်းနေ” ဟု ဆိုလျက် နောက်နေ့မနက်၌ ပြန်လွှတ်လိုက်ပါသည်။

ဘာဘူလင်မယား သတင်းလွှင့်ထားသဖြင့် သူခိုးဟု အထင်ခံရပြီး အလုပ်ပေးမည့်သူမရှိပေ။ကန်နယား ထမင်း (၂) ရက် ငတ်လေသည်။တွေ့ရာ ကလေးများနှင့် ကန်တော်ကြီးသွား ရေကူးရင်း သိမ်ဖြူကွင်းအတွင်း ဆပ်ကပ်ပွဲ၌ မြေပဲဆားလှော်၊ ကွာစိလှော်ရောင်းသည့် ကလေးများနှင့် သိကျွမ်းပြီး သူတို့နှင့်အတူ ဈေးလိုက်ရောင်း၏။သို့ဖြင့် ဆပ်ကပ်မန်နေဂျာသူဌေးနှင့် သိကျွမ်းခင်မင်လာ၏။သူဌေးက သူ့ဆပ်ကပ်တွင် အလုပ်သွင်းပေးထားသည်။ကန်နယား အလုပ်မှာ ဘားတန်းဆင်ရခြင်း၊ ပစ္စည်းများသိမ်းရခြင်းတို့ကို ဆောင်ရွက်ရ၏။သူတို့ဆပ်ကပ်က တစ်နေရာမှ တစ်နေရာ ပြောင်းရွှေ့ကပြကြရပါသည်။

တောင်ငူမှ ပျဉ်းမနားသို့ ပွဲရွှေ့ရာတွင် လူနှင့် ပစ္စည်းများအား ကားဖြင့်သွားစေပြီး ဆင်၊ မြင်း စသည့် တိရစ္ဆာန်များအား ခြေကျင်သွားစေရပါသည်။တောတွင်းတစ်နေရာ၌ ဆင်ဂိုပေါလ်နှင့် မာနီကမ်းတို့သည် လူများကို သူတို့ကိုယ်ပေါ်မှ ခါချလျက် ထွက်ပြေးကြပါသည်။သူတို့ပြေးသဖြင့် ဆင်ကလေးများကပါ ပြေးကြပြန်ပါသည်။ဆင်များကို ရအောင်ဖမ်းပြီး သူဌေးမသိစေရန် ဆောင်ရွက်ရ၏။ထို့နောက် တခြားမြို့များတွင်ဆက်ပြီး သွားရောက်ကြပြကြရသည်။မန္တလေးအပြန်တွင် အမေထံသွားသော်လည်း အိမ်ပေါ်မတက်ရဲပေ။အမေက အိမ်ပေါ်အတင်းခေါ်ပြီး ကော်ဖီ၊ မုန့်တို့ကို တိုက်ကျွေးပါသည်။သို့ကျွေးမွေးရမည်လားဟု အမေကို ပထွေးက ဆူပူပါသည်။အမေက ကန်နယားအား သူ့အသိအိမ်တစ်အိမ်သို့ ပို့ထားပါသည်။ထို့နောက် ပျဉ်ဆိုင်တစ်ဆိုင်တွင် အလုပ်သင်အဖြစ် ဝင်လုပ်ပါသည်။၎င်းဆိုင်ကလည်း ပထွေးနှင့် မကင်းသဖြင့် ကန်နယားကို မထားရဲပြန်ပေ။သို့ဖြင့် ကန်နယား အိမ်ပေါ်ပြန်ရောက်လာပြန်ပါသည်။

တစ်နေ့တွင် ပထွေး၏ ငွေတိုးများလိုက်သိမ်းရာ ငွေတစ်ကျပ်ကွာသဖြင့် ပထွေးက အိမ်မှနှင်၏။ကန်နယားလည်း ပန်းဆိုးတန်းဆိပ်ကမ်း ဘောတံတားပေါ်မှ ခုန်ချလိုက်သည်။သို့သော် သမွန်သမားများက ဆယ်ကြသဖြင့် ဆေးရုံသို့သာ ရောက်ခဲ့ရ၏။ဆေးရုံမှဆင်းသော် ဂဲလီယားနားဘာဘူအိမ်တွင် အလုပ်ဝင်လုပ်ပါသည်။တစ်လ ၃ဝိ/- ရပြီး ထမင်းချက်၊ အိုးတိုက် စသည့်အလုပ်များ လုပ်ရပါသည်။တစ်နေ့တွင် ကန်နယားအား အိမ်ရှင်က ငွေ ၅ိ/- ပေးပြီး ဈေးဝယ်ခိုင်း၏။ကန်နယားသည် တစ်လလခ ၃ဝိ/- ရသော်လည်း ပင်ပန်းလှသဖြင့် ထိုငွေ ၅ိ/- ကို မဆလာဆိုင်မှ ဘာဘူအား တစ်ဆင့်ပေးခိုင်းကာ အလုပ်လည်း လုပ်တော့မည်မဟုတ်ကြောင်း သတင်းပါးခိုင်းလိုက်၏။ကန်နယားသည် လမ်းဘေးပလက်ဖောင်းတွင် တခြားဆင်းရဲသားများနှင့်အတူ ရောနှောအိပ်လိုက်သည်။နောက်နေ့ အလုပ်လုပ်ခဲ့သည့်အိမ်သို့ ပြန်သွားရာ အိမ်ရှင်ကုလားမနှင့် တခြားအိမ်ဖော်များက ဝိုင်းရိုက်ကြတော့သည်။ငွေကို မခိုးပါ။မဆလာကုလားထံ အပ်ထားကြောင်း ဖြေရှင်းသော်လည်း မရပေ။

အရပ်လူကြီးများရောက်လာကာ စစ်ဆေးကြ၏။ကန်နယား မှန်နေသဖြင့် အရပ်လူကြီးများ ကြားဝင်ပေးမှုဖြင့် ကန်နယားအား အိမ်ရှင်က လခပေးလိုက်ရသည်။ကန်နယား လမ်းပေါ်ပြန်ရောက်လာပြန်သည်။လမ်းပေါ်၌ သိခဲ့သူ ကရစ်ရှနားက “ကောင်းကောင်းလုပ်စားလို့ အလကားပဲ” ဟူသည့် ဒဿနကို ဖွင့်ပြသည်။ကန်နယား သဘောတူလေပြီ။နှစ်ယောက်အတူ ခိုးကြ၊ ဖောက်ထွင်းကြ ရသည့်ငွေများဖြင့် လည်ပတ်သုံးဖြုံးကြ၏။ကုန်လျှင် ကြုံရာအလုပ်ဝင်လုပ်ပြီး ဖောက်ထွင်းကြ၊ ခိုးကြ အဆင်ပြေသလို လုပ်ကြလေသည်။ ဝိုင်းဝန်းဖမ်းဆီးပြီး အချုပ်သို့ပို့ခြင်းခံရ။အချုပ်တွင် ရိုက်နှက်စစ်ဆေးခံရပြီး ပြန်လွတ် ပြန်လုပ်နှင့် သံသရာလည်နေပါသည်။သည်နောက် မစ္စတာအမ်ဆိုသူ၏ ဖျားယောင်းသွေးဆောင်မှုဖြင့် ကလေးပြန်ပေးဆွဲမှုတွင် ကန်နယားတို့လူစု ငြိသွား၏။သို့ဖြင့် ကန်နယားတစ်ယောက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၄) နှစ် ကျခံရတော့သည်။

ထောင်တွင်း၌ အိန္ဒိယအမျိုးသားလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် “သွေးနှင့် မျက်ရည်” ပြဇာတ်ကပြလျှင် ကန်နယားက ဘိလပ်ပြန် ပညာတတ် သူဌေးသား မိုဟန်အဖြစ် သရုပ်ဆောင်ရာ လူကြိုက်အလွန်များသည်ဟု ဆိုပါသည်။

          (ဆက်လက်ဖော်ပြပါမည်)

ခင်နှင်းဦး