【ဆောင်းပါး】ကပ်ရောဂါမူဝါဒပြင်ဆင်၍ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းအတွက် အားသစ်လောင်းလာကြ

【ဆောင်းပါး】ကပ်ရောဂါမူဝါဒပြင်ဆင်၍ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းအတွက် အားသစ်လောင်းလာကြ

ကမ္ဘာတစ်လွှားကို ကိုင်လှုပ်ခဲ့သော ကိုဗစ်ဗိုင်းရပ်မှာ လက်ရှိတွင် အားပျော့လာသလို ၂၀၂၂ ခုနှစ်၏ နှစ်ကုန်ပိုင်းအတွင်း နိုင်ငံအသီးသီးက ကိုဗစ်ကြောင့်ထိခိုက်ခဲ့သော စီးပွားရေးကိုကုစားရင်း အရှိန်အဟုန်ဖြင့် ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းလာကြသည်။

ဆက်တိုက်ဆိုသလိုပင် ကိုဗစ်ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းများမှာလည်း ကမ္ဘာတစ်လွှား၌ ကျဆင်းလာသလို မြန်မာနိုင်ငံတွင်လည်း နေ့စဉ် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ၌ ပိုးတွေ့ရှိမှုနှုန်းမှာ ရက်ပေါင်း ၄၀‌ ကျော်လောက် (၁) ရာခိုင်နှုန်း အောက်သို့ ဆက်တိုက်ကျဆင်းနေလျက်ရှိသည်။ အိမ်နီးချင်း တရုတ်နိုင်ငံတွင်လည်း ကိုဗစ်နှင့်ပတ်သက်သော မူဝါဒကို ဖြေလျှော့ခဲ့သလို ကူးစက်ရောဂါ တုံ့ပြန်ရေးမူဝါဒများဆိုင်ရာတွင်လည်း “အေ” အဆင့် ကူးစက်တတ်သောရောဂါများအစား “ဘီ” အဆင့် ကူးစက်တတ်သောရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ချက်များဖြင့် ကိုင်တွယ်သွားရန် ထုတ်ပြန်ထားလျက်ရှိသည်။ ယခင်လို ကွာရန်တင်းဝင်ခြင်းအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖြေလျှော့မှုများ ရှိနေပြီး ဇန်နဝါရီ ၈ ရက်မှ စတင်ကာ နယ်စပ်စခန်းများအပါအဝင် ကူးလူးဆက်ဆံသွားလာလုပ်ကိုင်မှုများအတွက် ယခင်အခြေအနေလို ပြန်လည်ဖွင့်လှစ်ပေးရန် စီစဉ်ထားကြပြီးလည်း ဖြစ်သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက လူမှုကွန်ရက်တွင် ကိုဗစ်တစ်ကျော့ပြန်လာသည့်ဖြစ်ရပ်မျိုးကို ပုံဖော်ကာ မရေရာသော အခြေအနေများကို ဖော်ပြမှုများရှိခဲ့သော်လည်း ရောဂါပိုးအခြေအနေကို အမြဲမပြတ်လေ့လာစောင့်ကြည့်နေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကပင် သာမန်တုပ်ကွေး ရောဂါသဖွယ် ၂၀၂၃ ခုနှစ်အတွင်း ကြေညာရန် ပြင်ဆင်မှုများ ရှိနေကြောင်းကို သတင်းများလည်း ထွက်ပေါ်လာသည်။

ကပ်ရောဂါ၏သဘာ၀သည် အမြဲတစေ မတည်မြဲနိုင်ပေ၊ ကိုဗစ် ၁၉ ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးကြီး အဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ကြေညာခဲ့သော ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်က စတင်ပြီး နှစ်နှစ်ကိုးလကျော်အကြာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် တစ်ကမ္ဘာလုံး ရောဂါပိုးကူးစက်လူနာအသစ်တိုးမှုသည် ဒီဇင်ဘာ ၂၉ ရက်စာရင်းအရ ၈၂၀၀၀ ကျော်သာ ရှိနေပြီး ကိုဗစ်ကြောင့် သေဆုံးသူမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၁၀၀ ကျော်သာ ရှိနေသော အခြေအနေ ဖြစ်သည်ကိုလည်း ကိုဗစ်နှင့်ပတ်သက်သည့် လေ့လာစောင့်ကြည့်နေသော ကျန်းမာရေးဝက်ဘ်ဆိုက်များမှ ဖော်ပြထားကြသည်။

မြန်မာနိုင်ငံနှင့် ထိစပ်လျက်ရှိသည့် အိမ်နီးချင်း တရုတ်နိုင်ငံတွင် အဆင့်လျှော့ချထားသည့် COVID-19 ရောဂါတုံ့ပြန်ရေး အစီအမံများနှင့်အညီ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှ စတင်ကာ လူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲခြင်း မူဝါဒများနှင့် အစီအမံများကို သင့်လျော်သော အခြေအနေမျိုးအဖြစ် လုပ်ဆောင်သွားရန် ပြင်ဆင်နေပြီဖြစ်သည်။ ယင်းအခြေအနေမှာ လက်တွေ့ကျသော ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး မူဝါဒကို စီမံချိန်ညှိခြင်းမျိုးလည်းဖြစ်သလို ရောဂါကူးစက်ခံရသူများကို ယခင်လို သီးသန့်ထားကွာရန်တင်းသတ်မှတ်ခြင်းအပါအဝင် နီးကပ်စွာထိတွေ့သူ၊ ရောဂါဖြစ်နိုင်ချေ များသည့် ဒေသများကို ခွဲခြားကာ ကန့်သတ်ခြင်းများလည်း လုပ်ဆောင်ခြင်း မပြုတော့ဘဲ မူဝါဒများကို ပြောင်းလဲချိန်ညှိကာ လုပ်ဆောင်လာခဲ့သည်။

ထိုအခြေအနေမှာ ဗိုင်းရပ်စ်၏ ဗီဇမျိုးပြောင်းမှု လက်တွေ့အခြေအနေအပါအဝင် အခြေအနေအရပ်ရပ်ပေါ်၌ ကြုံတွေ့ရသည့် အတွေ့အကြုံများကို သုံးသပ်လေ့လာပြီးနောက် သိပ္ပံနည်းကျဖြင့် ထိန်းချုပ်ကာကွယ်ကာ လုပ်ဆောင်ခြင်းမျိုးလည်း ဖြစ်သည်။ ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲကာ ရောဂါဖြစ်နိုင်ချေနှုန်းအားနည်လာပြီး လူအနည်းစုသာ အဆုတ်ရောင်နာဖြစ်စေနိုင်သည်ကို နိုင်ငံတကာဆေးသိပ္ပံလောကမှ ပညာရှင်များက မှတ်ယူထားကြသည်။

ထိုကပ်ရောဂါတိုက်ဖျက်သည့် ကာလအတောအတွင်း တရုတ်နိုင်ငံသည် ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအစဉ်နှင့် ရောဂါရှာဖွေကုသရေး အစီအစဉ် ကိုးခုတို့ကို ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ခဲ့သလို ထိုထုတ်ပြန်ချက်များ၏ အခြေခံအကြောင်း အရင်းမှာ “ပြည်သူလူထုကို ဗဟိုပြုခြင်း”ပင် ဖြစ်သည်မှာ ပေါ်လွင်နေလျက်ရှိသည်။ ဗိုင်းရပ်စ်၏ သဘောတရားအရ အားပျော့လာကာ လူသားတို့၏ ကိုယ်ခံအားကောင်းလာသည့် အခြေအနေအပေါ် အခွင့်အလမ်းဆုပ်ကိုင်ကာ ဖော်ဆောင်လာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့ကုန်စည်ထောက်ပံ့ရေးနှင့် စက်မှုထုတ်ကုန်များကို အဓိကထုတ်လုပ်ပံ့ပိုးနေသလို ကိုဗစ်အပြင်းထန်ဆုံး ဖြစ်ခဲ့သော ကာလအတွင်း ပြည်သူများ၏ အသက်ဘေးနှင့်ကျန်းမာရေးကို ဦးစားပေးကာ မူဝါဒများချမှတ်ခဲ့ပြီး တစ်ဖက်ကလည်း စားဝတ်နေရေး မထိခိုက်စေသော ပုံစံမျိုးဖြင့် လုပ်ငန်းများလည်ပတ်နိုင်အောင် ကိုင်တွယ်နိုင်ခဲ့သည့်အခြေအနေများက ပြည်သူများ၏စားဝတ်နေရေးသာမက တိုင်းပြည်၏စီးပွားရေးကို လည်ပတ်နိုင်ရန် အခြေအနေကောင်းဖြစ်လာစေခဲ့သည်။

တရုတ်နိုင်ငံသည် လက်ရှိတွင် ဈေးကွက်အခြေအနေအရ တရားဝင်အသုံးပြုခြင်း (သို့မဟုတ်) အရေးပေါ်အသုံးပြုခြင်းအတွက် ခွင့်ပြုထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစား စုစုပေါင်း ၁၃ မျိုးမှာလည်း ယခုအခါ ဒုတိယအကြိမ် ထပ်ဆောင်း ကာကွယ်ဆေးအဖြစ် ရရှိနေသည့် အခြေအနေဖြစ်လာခဲ့သည်။ တစ်ဖက် တွင် လည်း စီးပွားရေး မောင်းနှင်အားကို ဟန်ချက်ညီအောင် ထိန်းညှိရင်း အဆင့်မြင့်တံခါးဖွင့်မူကို ဖော်ဆောင်နေလျက်ရှိသည်။ ကိုဗစ်သုည မူဝါဒမှ ပြောင်းလဲကာ အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ ကိုဗစ်နှင့် အတူယှဉ်တွဲ နေထိုင်နိုင်မည့် မူဝါဒဘက်သို့ ပြောင်းလဲခဲ့ရာ တရုတ်၏ စီးပွားရေးမောင်းနှင်အားမှာလည်း အရှိန်ဟုန်မြင့်လာမည့် အနေအထားမျိုးဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံ၏ ရေနံလုပ်ကွက်မှလည်း ၂၀၂၂ ခုနှစ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပမာဏ တန်ချိန် ၃ ဒသမ ၀၉ သန်း ထုတ်လုပ်နိုင်ခဲ့သလို ရောဂါဘယများကြားမှ ခိုင်မာတိကျသည့်မူဝါဒများဖြင့် ညင်သာစွာပြောင်း လဲ ကိုင်တွယ်ရင်း စီးပွားရေးအခြေအနေမှာ တည်ငြိမ်စွာတိုး၍လာသည်မှာ စာရင်းများက အခိုင်အမာပြဆို ထား သည်။ ၂၀၂၁ ခုနှစ်တွင် စီးပွားရေးပမာဏ ယွမ် ၁၁၀ ထရီလီယံ ကျော်လွန်ခဲ့သလို နှစ်နှစ်အတွင်း ပျမ်းမျှ ၅ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်ကုန်သည် ၂၀၂၀ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၂၀၁၉ ခုနှစ်နှောင်းပိုင်း ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် မထိန်းချုပ်မီ ၆ ရာခိုင်နှုန်းထက် တိုးတက်မှုကျော်လွန်ခဲ့သည်ဟုလည်း အမျိုးသားစာရင်းအင်းဗျူရို၏ အစီရင်ခံစာ၌ ဖော်ပြထားပြန်သည်။ ၂၀၂၀ ပြည့်နှစ်အတွင်းက ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပျက်ကပ် ဖြစ်နေသည့် ကာလ၌ပင် စီးပွားရေးကိုတိုးတက်အောင် လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသည့် တစ်ခုတည်းသော နိုင်ငံမျိုးလည်း ဖြစ်လာခဲ့သည်။

ယခုအခါ ကမ္ဘာ့နိုင်ငံများအသီးသီးတွင် ကိုဗစ်ဖြစ်ပွားသူ ဦးရေစုစုပေါင်းမှာ ၆၆၃ ၃၃၃ ၉၅၀ ကျော် စုစုပေါင်း သေဆုံးသူဦးရေ မှာ ၆၆၉၁၃၇၀ ကျော်၊ ပြန်လည်ကောင်းမွန်လာသူဦးရေမှာ  ၆၃၅၆၂၅၄၁၀ ကျော်ဖြစ်နေပြီး နိုင်ငံနှင့်နယ်မြေပေါင်း ၂၂၈ ခုအပေါ် ကူးစက်သက်ရောက်မှုရှိခဲ့သလို တစ်ကမ္ဘာလုံးတွင် ၈၂၄၄၀ ကျော်သာ ကူးစက်ခံရသူ လူနာအသစ်တိုးနေသည့် အခြေအနေမျိုးဖြစ်သည်ကိုလည်း ကျန်းမာရေးဆိုင်ရာသုတေသန ဝက်ဘ်ဆိုက်များက ဖော်ပြထားပြန်သည်။

အများဆုံးကူးစက်ခံရသော အမေရိကန်၊ အိန္ဒိယ၊ ပြင်သစ် တို့တွင်လည်း အသစ်တိုးသူလူနာနည်းလာသလို တောင်ကိုရီးယားနှင့် ဩစတြေးလျနိုင်ငံတို့တွင်လည်း အသစ်တိုးသည့်လူနာနှင့်သေဆုံးသူနည်းနေပြီး အလားတူ တရုတ်နိုင်ငံ အနေဖြင့်လည်း အသစ်တိုးသည့်လူနာနှင့် သေဆုံးသူနည်းပါးနေလျက်ရှိသည်။

တစ်ကမ္ဘာလုံးတွင် ကိုဗစ်ကူးစက်မှုအများဆုံးဖြစ်ပွားခဲ့သည့် နိုင်ငံသုံးခုတွင် ထိပ်ဆုံးဖြစ်ခဲ့သော အမေရိကန်တွင် ကူးစက်ခံရသူပေါင်း ၁၀၂၄၀၇၇၄၀ ကျော်၊ သေဆုံးသူပေါင်း ၁၁၁၇၁၉၀ ကျော်၊ ပြန်ကောင်းသူပေါင်း ၉၉၃၆၇၀၈၀ ကျော်၊ လက်ရှိကူးစက်မှုခံစားနေရသူ ၁၉၂၃၄၅၀ ကျော် ရှိနေသည်။ အလားတူ ဒုတိယအများဆုံးဖြစ်သော အိန္ဒိယတွင် ကူးစက်ခံရသူပေါင်း ၄၄၆၇၈၉၃၀ ကျော်၊ သေဆုံးသူပေါင်း ၅၃၀၆၉၀ ကျော်၊ ပြန်ကောင်းသူ ပေါင်း ၄၄၁၄၃၄၈၀ ကျော်၊ လက်ရှိကူးစက်မှုခံစားနေရသူ ၄၇၅၀ ကျော်ရှိသလို တတိယအများဆုံးဖြစ်ခဲ့သည့် ပြင်သစ်နိုင်ငံတွင်လည်း ကူးစက်ခံရသူပေါင်း ၃၉၂၄၅၉၃၀ ကျော်၊ သေဆုံးသူပေါင်း ၁၆၁၇၁၀ ကျော်၊ ပြန်ကောင်း သူပေါင်း ၃၈၁၆၉၇၁၀ ကျော်၊ လက်ရှိ ကူးစက်မှု ခံစားနေရသူပေါင်း ၉၁၄၅၀၀ ကျော်ရှိနေသည်ကိုလည်း နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာသုတေသနဝက်ဘ်ဆိုက်များက အခိုင်အမာ ပြဆိုထားလျက်ရှိသည်။

ယခုနောက်ပိုင်း ကိုဗစ်လူနာအသစ်တိုးလာသည့် အခြေအနေတွင် တောင်ကိုရီးယားနိုင်ငံသည် လူနာသစ် ၆၅၀၀၀ ကျော်၊ ထပ်မံသေဆုံးသူ ၆၀ ကျော်၊ ပြန်ကောင်းသူ ၂၅၅၀၀ ကျော်ရှိပြီး တရုတ်နိုင်ငံမှာ လူနာသစ် ၅၅၀၀ ကျော်၊ ထပ်မံသေဆုံးသူ တစ်ဦး၊ လူနာသစ်များအနက်မှ ပြန်ကောင်းသူ ၂၃၀၀ နီးပါး၊ လာအိုနိုင်ငံမှာ လူနာသစ် ၂၀ ကျော်ရှိခဲ့သည်ဟု ဒီဇင်ဘာ ၃၀ ရက် စာရင်းများတွင် ဖော်ပြထားသည်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံကျော်ရှိသော တရုတ်နိုင်ငံအနေဖြင့် ကိန်းဂဏန်းများက ဖော်ပြနေသော ကိုဗစ်လူနာသစ် အခြေအနေမှာ နိုင်ငံ၏လူဦးရေနှင့်နှိုင်းယှဉ်ပါက မပြောပလောက်သော ပမာဏလည်းဖြစ်နေပြီး ယင်းအခြေအနေမှာ ပြည်သူများ၏အသက်ကိုတန်ဖိုးထားသော ကိုဗစ်သုညမူဝါဒကို အခြေခံသည့် ကျန်းမာရေးစနစ်မျိုးဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်အောင် လုပ်ဆောင်ခဲ့သည့်ရလဒ်ပင်ဖြစ်သည်။

ယခုအခါ ကိုဗစ်ကပ်ဘေး အားပျော့ပျက်ပြယ်ချိန်လည်းဖြစ်လာသလို ကမ္ဘာတစ်လွှားတွင် ၂၀၂၃ ခုနှစ် အတွင်း စီးပွားရေးကို ယခင်ကထက် ပိုကောင်းအောင် မောင်းနှင်လုပ်ကိုင်ရန်ပြင်နေချိန် တစ်ဖက်တွင်လည်း ကိုဗစ်တစ်ကျော့ပြန်လာသည်ဟူသော ကောလာဟလများ ပေါ်ထွက်ခြင်းများရှိခဲ့သည်။ လက်တွေ့တွင်ကိုဗစ် အခြေအနေနှင့်ပတ်သက်သော ခိုင်မာသည့် အချက်အလက်များကို သုံးသပ်မည်ဆိုပါက အားပျော့ပျက်ပြယ်လာသော ဗိုင်းရပ်စ်၏ အနာဂတ်ကို ရှုမြင်နိုင်မည်ဖြစ်ပြီး မရေရာသော ကောလာဟလများအပေါ် စိုးရိမ်နေမည့်အစား ခိုင်မာသည့်ကိန်းဂဏန်းများနှင့် ထုတ်ပြန်ချက်များကို နားစွင့်ကာ အနာဂတ်အတွက် ပြင်ဆင်ရင်းကြိုးပမ်းနိုင်ပေတော့မည်။

ဧပရယ်လ်