【ဆောင်းပါး】ကမ္ဘာ့အကြီးဆုံး ရွှေ့နိုင်သောတံတား

 【ဆောင်းပါး】ကမ္ဘာ့အကြီးဆုံး ရွှေ့နိုင်သောတံတား

ကမ္ဘာပေါ်မှာ အံဩဖွယ်ရာဆောက်လုပ်ထားတဲ့ တံတားပေါင်းများစွာရှိပါတယ်။ ပင်လယ်ဖြတ်ကျော်ကာ ဆောက်လုပ်ထားတဲ့ တံတားတွေ၊ မြို့ပြ ၅ ခုကိုကျော်ဖြတ်ကာတည်ဆောက်ထားတဲ့ ကမ္ဘာအရှည်ဆုံးတံတားတွေ၊ တောင်တန်းတောင်စဉ်တွေပေါ်မှာ ဆောက်လုပ်ထားတဲ့ ရိုလာကိုစတာပြေးလမ်းပုံတံတားတွေစတဲ့ ထူးဆန်းအံ့ဩဖွယ်ရာ တံတားပေါင်းများစွာရှိပါတယ်။

ဒီအထဲမှာ တရုတ်နိုင်ငံ ထျန်းကျင်းမြို့မှာတည်ရှိတဲ့ ဒေါင်လိုက်ရွှေ့နိုင်သောတံတားကြီးလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ထျန်းကျင်းမြို့မှာ တံတားပေါင်း ၁၀၀ ကျော်ရှိကာ ၎င်းတို့အထဲမှ ဒေါင်လိုက်ရွှေ့နိုင်သောတံတားကြီးက အများပြည်သူလမ်းပန်းဆက်သွယ်ရေးအတွက် အားကိုးအားထားပြုနေရသောတံတားကြီးတစ်စင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထျန်းကျင်းမြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မြို့ပြလမ်းကွန်ရက်များ ထူထောင်မှုကြောင့် ထျန်းကျင်းမြို့ရှိတံတားများဟာ မြို့ပြသွားလာမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။

ထျန်းကျင်းမြို့မှာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာရှိသော မြူနီစီပယ်မြို့ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့မြောက်ပိုင်းမှာတည်ရှိသော အကြီးဆုံးသော ကမ်းခြေမြို့ ဖြစ်ကာ  ထျန်းကျင်းမြို့သည် မြောက်တရုတ်လွင်ပြင်ရှိ ပင်လယ်နှင့်တိုက်ရိုက်ဆက်သွယ်နေသော  မြစ်လက်တက်များ ပေါင်းဆုံရာအရပ်မှာ တည်ရှိနေပါတယ်။

ထျန်းကျင်းမြို့ဟာ ရေလမ်းခရီးဆက်သွယ်ရေးရဲ့အားသာချက်တွေကြောင့် ၁၈၆၀ ခုနှစ်တွင် ဆိပ်ကမ်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး စက်မှုလုပ်ငန်းများအများအပြားထူထောင်ခဲ့ကာ တရုတ်နိုင်ငံမြောက်ပိုင်းရဲ့ အပြင်ဘက်သို့ ဖွင့်ပေးသော နယ်နိမိတ်ဖြစ်လာခဲ့ပါတယ်။

ထိုအချိန်မှစတင်ကာ ထျန်းကျင်းမြို့သည် တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး စက်မှုကူးသန်းရောင်းဝယ်ရေး မြို့ဖြစ်လာကာ ထိုအချိန်က မြောက်ဘက်မှာ  အကြီးဆုံးသောဘဏ္ဍာရေးနှင့်ကူးသန်းရောင်းဝယ်ရေးစင်တာ ဖြစ်လာခဲ့ပါတယ်။

၂၀၀၆ ခုနှစ် မတ်လတွင် နိုင်ငံတော်ကောင်စီမှ အတည်ပြုခဲ့သော "Tianjin City Master Plan" သည် ထျန်းကျင်း ကို "နိုင်ငံတကာဆိပ်ကမ်းမြို့၊ မြောက်ပိုင်းစီးပွားရေးအချက်အချာနှင့် ဂေဟစနစ်မြို့တော်" အဖြစ် သတ်မှတ်ကာ တရုတ်ခေတ်သစ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာမှာ နယ်မြေသစ်၊ အမျိုးသားဘက်စုံ ပြုပြင်ပြောင်းလဲရေး ရှေ့ပြေးဇုန်အဖြစ် တည်ထောင်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးစက်မှုကူးသန်းရောင်းဝယ်ရေးမြို့အဖြစ်သတ်မှတ်ထားတဲ့ ထျန်းကျင်းမြို့မှာ မြို့ပြအင်္ဂါရပ်နဲ့အညီ သိပ္ပံနည်းကျခေတ်မီတံတားကြီးတွေတည်ဆောက်ထားကာ တံတားများစွာရှိတဲ့အနက်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်းကျင်းမြို့ပင်းဟိုင်ဇုန်သစ်၊ ရှန်လော်ကွေ့ဟိုင်မြစ်မှာတည်ရှိတဲ့ ဒေါင်လိုက် ရွှေ့နိုင်သောတံတား (Moveable Bridge) လည်း အပါအဝင်ဖြစ်ပါတယ်။

၎င်းတံတားကြီးကို ယွမ်သန်းပေါင်း ၂၅၀ ကျော်အသုံးပြုကာတည်ဆောက်ထားပြီး အဆင့်မြင့်သိပ္ပံနည်းပညာ အသုံးပြုထားကာ အထူးဆန်းဆုံး အဖုံးဖွင့်နိုင်သော တံတားကြီးတစ်စင်းလည်းဖြစ်ပါတယ်။ အဆိုပါ ကမ္ဘာ့အကြီးဆုံး‌ဒေါင်လိုက်ရွှေ့နိုင်သောတံတားကြီးကို ၂၀၁၀ ပြည့်နှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။ 

၎င်းတံတားရဲ့ ဖွဲ့စည်းပုံစနစ်ကလည်း ဒေါင်လိုက်ရွေ့လျားသောပုံစံဖြစ်ကာ ကုန်းလမ်းဆက်သွယ်ရေးနဲ့ ရေကြောင်း ဆက်သွယ်ရေးဆိုပြီး လုပ်ဆောင်ချက်နှစ်မျိုးပါရှိပါတယ်။ ကမ္ဘာ့အကြီးဆုံး ရွှေ့နိုင်သောတံတားကြီးရဲ့ စုစုပေါင်းအလျားအရှည်ကတော့ ၈၆၈ ဒသမ ၈ မီတာ ရှည်လျားကာ နှစ်ဖက်လေးလမ်းသွားပုံစံနဲ့ တည်ဆောက်ထားပါတယ်။

အများအားဖြင့် ၎င်းရွှေ့နိုင်သောတံတားများကို လည်ပတ်နေတဲ့ winches၊ ဂီယာ သို့မဟုတ် ဟိုက်ဒရောလစ် ပစ္စတင်တွေ၊  လျှပ်စစ်မော်တာတွေနဲ့ မောင်းနှင်ပါတယ်။ အဆိုပါ ရွှေ့နိုင်သောတံတားကြီး တစ်ခုလုံးရဲ့ အလျားမှာ အတော်လေးရှည်လှသော်လည်း ခေတ်မီနည်းပညာ၏ အထောက်အပံ့အဖြစ်နဲ့ ၈၅ ဒီဂရီ အထိ မြှင့်တင်ဖွင့်ဟနိုင်ကာ ၎င်းရဲ့အမြင့်မှာလည်း တိုက်အလွှာပေါင်းဆယ်နဲ့ချီကာ မြင့်မားလှပါတယ်။

ရွှေ့နိုင်သော တံတားအောက်မှာ သင်္ဘောကြီးများရေကြောင်းသွားလာရန် အကျယ် ၆၈ မီတာကျယ်ဝန်းပါတယ်။ ကုန်သေတ္တာပေါင်းများစွာနဲ့  တန်ချိန်သောင်းချီကုန်တင်သင်္ဘောကြီးတွေပါ လွယ်လင့်တကူ ခုတ်မောင်း သွားနိုင်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ရွှေ့နိုင်သောတံတားကြီး အားသာချက်တွေကတော့ လွယ်ကူလျင်မြန်ချောမွေ့စွာ သွားလာနိုင်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ပိုမိုအဆင်ပြေလာခြင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်လာခြင်း၊ ဆိပ်ခံ တံတားများ တည်ဆောက်စရာမလိုအပ်တော့ခြင်း၊ ဆိပ်ခံတံတားများ တည်ဆောက်စရာမလိုအပ်တော့တာကြောင့် ကုန်ကျစရိတ်များ သက်သာစေပါတယ်။ 

အဓိကအားနည်းချက်ကတော့ ၎င်းတံတားကြီးကို ရေလမ်းက ဖြတ်သန်းသွားလာခွင့်ဖွင့်ထားရင် ကုန်းလမ်းကိုတော့ ခဏတာရပ်တန့်ထားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့အကြီးဆုံး ရွှေ့နိုင်သောတံတားကြီးရဲ့ ကုန်းလမ်းကြောင်းနဲ့ ရေလမ်းကြောင်းကို အဖွင့်အပိတ်ပြု လုပ်ဖို့ ၃ မိနစ်ဝန်းကျင်သာအချိန်လိုအပ်ပါတယ်။ ဒါ‌ကြောင့် ကမ္ဘာ့အကြီးဆုံး ရွှေ့နိုင်သောတံတားကြီးကို ဖြတ်သန်းသွားသော ခရီးသွားများအဖို့ လွန်စွာအဆင်ပြေချောမွေ့လွယ်ကူလှပါတယ်။

ဒါ့အပြင် ကုန်းလမ်းပို့ဆောင်ရေးရဲ့ အားသာချက်တွေကြောင့် အချိန်ကုန်သက်သာစေကာ ကုန်စည်စီးဆင်းမှုရဲ့ သွားရေးလာမှုစရိတ်တို့ကို များစွာချွေတာပေးတဲ့အတွက် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အရှိန်အဟုန်ကို  မြှင့်တင်ပေးနေပါတယ် ။

နိုင်တံခွန်