【ဆောင်းပါး】ဆန်းသစ်မှုတွေနဲ့ မြန်မာစျေးကွက်မှာ စျေးကောင်းနေတဲ့ ဆံပင်တုစျေးကွက်

【ဆောင်းပါး】ဆန်းသစ်မှုတွေနဲ့ မြန်မာစျေးကွက်မှာ စျေးကောင်းနေတဲ့ ဆံပင်တုစျေးကွက်

မြန်မာလူမျိုးများသည် ဆံပင်အား မြတ်နိုးရာတွင် တမူထူးခြားကြသူများဟု ဆိုကြသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာတို့သည် သေချာအရှည်ထားသော ဆံပင်များကိုဖြတ်ကြရာတွင် ယခင်က အကြောင်း အရင်းရှိမှသာ ပြုလုပ်လေ့ရှိကြသည်။ အထူးအားဖြင့် ဘာသာရေးအတွက်လည်းကောင်း၊ ပရဟိတလုပ်ငန်းများအတွက် လည်းကောင်း အသုံးပြုကြပါသည်။ သို့ရာတွင် “ယောကျ်ားတို့ ဘုန်းလက်ရုံး ၊မိန်းမတို့ဘုန်း ဆံထုံး” ဟု ဆိုနေရင်းမှ ယနေ့ခေတ်တွင် ဆံပင်ရောင်းသူများပြားလာလေသည်။ ယင်းသည် စျေးကောင်းသောဆံပင် စျေးနှုန်းများ၏ ဆွဲဆောင်မှုကြောင့်လား၊ စားဝတ်နေရေး၊ ကျန်းမာရေးကဲ့သို့ လိုအပ်ချက်များနှင့် တိုက်ဆိုင်ခြင်းလား တွေးစရာဖြစ်သည်။ သို့သော် ဆံပင်ဖြတ်ရောင်းသူများပြားလာသည်မှာ သေချာနေပြီး ဆံပင်စျေးကွက်သည်လည်း မြို့ပြတွင်သာမက ကျေးလက်များတွင်ပါ တွင်ကျယ်လာနေပါသည်။

“ ဆံပင်ရှည်တွေဝယ်တယ်။ဆံပင်ကျွတ်တွေ ဝယ်တယ်။ ဖုန်းမှန်ကွဲတွေဝယ်တယ်။” စသည်ဖြင့် စပီကာငယ်လေးများမှ အသံသည် ရန်ကုန်မြို့ပေါ်ရပ်ကွက်များတွင်သာမက နယ်မြို့၊ရွာများတွင်လည်း ခပ်စိပ်စိပ် အသားကြလာခဲ့သည်။ ရန်ကုန်မြို့ပေါ်တွင် လှိုင်သာယာ၊ ရွှေပြည်သာ ကဲ့သို့မြို့နယ်များတွင် အဝယ်ဒိုင်များ ပေါများစွာရှိလာသည်။ ယင်းသို့ အဝယ်ဒိုင်များပေါများလာခြင်းသည် တစ်နည်းအားဖြင့် ရောင်းချသူများပြားလာခြင်းနှင့် စျေးကွက်ကောင်းခြင်းကြောင့်ဟုလည်း အကြမ်းဖျင်း သုံးသပ်ကြပါသည်။ သို့ရာတွင်ယင်းတို့နောက်တွင် စိတ်ဝင်စားဖွယ် ဆံပင်စျေးကွက်နှင့် စျေးကွက်အယူအဆများ ရှိနေကြောင်း ရန်ကုန်မြို့ရှိ ဆံပင်အရောင်းအဝယ်ပြုလုပ်သူများက ပြောဆိုကြသည်။

ဆံပင်အစစ်များ၏ အရောင်းအဝယ်စျေးကွက်သည် ခေတ်မီဆံပင်တုပုံစံအမျိုးမျိုး၏ လုပ်ငန်းတွင်ကျယ်လာမှုနှင့်အတူ ကြီးထွားလာသည်ဟု ရွှေပြည်သာမြို့နယ်ရှိ ဆံပင်အရောင်းအဝယ် ဒိုင်ဖွင့်ထားသူ အမျိုးသမီးတစ်ဦးက သုံးသပ်သည်။

“ ဆံပင်ဝယ်တာက နှစ်ဆယ်နဲ့ချီပြီးရှိလာတဲ့အလုပ်ပါ။ အခုတော့ လူတွေကရောင်းချတာ များလာတယ်။ စားဝတ်နေရေးကြောင့်လည်း ပြောကြတယ်။ တစ်ဖက်မှာလည်း အလှပြင်လုပ်ငန်းတွေမှာ ဆံပင်ဆက်တာ။ ဆံပင်စိုက်တာ။ ခေတ်မီဆံပင်တုတွေပေါ့နော် အဲ့တာတွေက အရင်ကထက် ပိုပိုအလုပ်ဖြစ်လာတယ်။ ဆက်စပ်ကြည့်ရင် အလုပ်ဖြစ်လာတော့ ဆံပင်စျေးပေးနိုင်လာကြတယ်။ အခု ဆံပင်တုစျေးက ပြည်တွင်းမှာ သိန်းဆယ်ချီနေပြီ။ လက်မ ၃၀ ကျော်ရင် သိန်း ၂၀ လောက်ကိုဝယ်နေကြပြီ။ ဆိုတော့ ကမ္ဘာ့စျေးကွက်ကြီးကိုလည်း မြင်နိုင်တဲ့ပုံစံပေါ့။ “ ဟု ယင်းဆံပင်အဝယ်ဒိုင် အမျိုးသမီးက ပြောပြသည်။

ယင်းသုံးသပ်ချက်သည် ပြည်တွင်း ဆံပင်စျေး သိန်းဆယ်ချီပေါက်ခြင်း နောက်ကွယ်တွင် ရှိနေသည့် အကြောင်းအရင်းကို စိတ်ဝင်စားမှုပိုစေပါသည်။ ဆံပင်စျေးသည် ဆံပင်တုစျေးကွက်ပေါ်တွင် မှီခိုပတ်သက်နေ သည်ဟု ဆိုကြသည်။ ယနေ့ ကမ္ဘာ့ဆံပင်တုများထုတ်လုပ်ရာနိုင်ငံများတွင် နည်းပညာအဆင့်အတန်းတိုးတက်လာမှုနှင့်အတူ ဆံပင်တုများတွင်  လူ့ဆံပင်၊ ဓာတုဖိုက်ဘာ၊ အပူချိန်မြင့် ပရိုတင်းပိုးနှင့် တိရစ္ဆာန် အမွှေးအမျှင်များ စသည်တို့ဖြင့် ပြုလုပ်လျှက်ရှိကြပြီး ၎င်းတို့အနက် လူ့ဆံပင်တုသည် အကောင်းဆုံး နှင့် ဈေးအကြီးဆုံးဖြစ်နေခြင်းသည်လည်း ဆံပင်စျေးမြင့်တက်လာခြင်း၏ အကြောင်းအရင်းတစ်ရပ်အဖြစ် ရှိနေပါသည်။

သို့ဆိုလျှင် ဆံပင်တုအများစုကို တရုတ်နိုင်ငံမှ အဓိက ထုတ်လုပ်လျှက်ရှိပြီး အခြားတစ်ဖက်တွင် အိန္ဒိယနှင့် ဂျပန်၊ကိုရီးယား၊ အမေရိကန် စသည်ဖြင့်နိုင်ငံများသည် ဆံပင်တုကို ထုတ်လုပ်လျှက်ရှိနေကြောင်း တွေ့ရသည်။ တရုတ်နိုင်ငံ၏ ဆံပင်တုတင်ပို့မှုသည် ကမ္ဘာလုံးဆိုင်ရာဆံပင်တု ထုတ်လုပ်မှု ပမာဏ၏ ၇၀ ရာခိုင်နှုန်းကျော်တွင်ရှိနေကြောင်း GlobeNewswire ၏ စစ်တမ်းများတွင် တွေ့ရသည်။

၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဆံပင်တုထုတ်ကုန်များမှ အမေရိကန်ဒေါ်လာ ၃.၅၉ ဘီလီယံရရှိခဲ့ကြောင်း သိရပြီး စျေးနှုန်းအားဖြင့် ပျမ်းမျှတစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၅၃.၅၆  ဒေါ်လာ ရရှိကြောင်း သိရသည်။ အခြားတစ်ဖက်တွင် အကြောင်းအရင်းအနေဖြင့် COVID-19 ကပ်ရောဂါကြောင့် ဆံပင်တုတင်ပို့မှု ပမာဏသည် ၂၀၂၂ ခုနှစ် ပထမ(၅)လတွင် ကျဆင်းသွားခဲ့ပြီး ဆံပင်တု ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းဆက်လက်မြင့်တက်နေခဲ့ခြင်းလည်းဖြစ်ကြောင်း တွေ့ရသည်။

ယင်းနောက်တွင် ကုန်ကြမ်းပစ္စည်းရှားပါးခဲ့ပြီး ဆံပင်တုဝယ်လိုအားသည် ရောင်းလိုအားထက် သာလွန်သည့်အခြေအနေတွင် ရှိနေခဲ့ကြောင်း Global Times သတင်းတစ်ပုဒ်တွင် ဆံပင်တုထုတ်လုပ်သူ Dongyang Lansi Wig Co မှ မန်နေဂျာ Zheng Jiangmin ၏ပြောစကားတွင် တွေ့ရသည်။

တရုတ်နိုင်ငံသည် ဆံပင်စစ်စစ်နှင့် ဆံပင်ပြုပြင်ခြင်းဆိုင်ရာ စက်ပစ္စည်းများတွင် ဆံပင်အစစ်အမှန်များအတွက် အိန္ဒိယမှ အများဆုံးတင်သွင်းကြောင်း ဖေါ်ပြမှုများရှိပြီး ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဆံပင်အစစ်များကို တရုတ်ကုမ္ပဏီများထံ တင်ပို့လျက်ရှိနေကြောင်းသိရသည်။ အခြားတစ်ဖက်တွင်မူ ပြည်တွင်းဆံပင်များကိုလည်း နိုင်ငံအနှံ့မှဆံပင်ဒိုင်ကြီးများမှတစ်ဆင့် တရုတ်နှင့် ဗီယက်နမ်အပြင် ထိုင်းနိုင်ငံများသို့လည်း တင်ပို့ကြောင်း ပြောဆိုမှုများရှိနေသည်။  မည်သို့ဆိုစေ ကမ္ဘာသည် ခေတ်မီဆန်းပြားမှုနှင့်အတူ အလှအပရေးရာတွင် ဆန်းသစ်ခြင်းများနောက် လူသားတို့သည်လည်း ဆက်လက်လိုက်ပါနေကြသည်ဟု ဆိုရမည်ဖြစ်ပါသည်။

မိုးသား