【ဆောင်းပါး】နှစ်ဆယ်ရာစုမြန်မာ့လူမှုဘဝအပေါ်မြန်မာဝတ္ထုတိုများ၏ ထင်ဟပ်ချက် တစေ့တစောင်း (၂)

【ဆောင်းပါး】နှစ်ဆယ်ရာစုမြန်မာ့လူမှုဘဝအပေါ်မြန်မာဝတ္ထုတိုများ၏ ထင်ဟပ်ချက် တစေ့တစောင်း (၂)

(ယခင်အပတ်မှ အဆက်)

ကိုလိုနီခေတ်

            ဗြိတိသျှ ကိုလိုနီအစိုးရလက်ထက်တွင် မြန်မာ့လူနေမှုဘဝနှင့် လူ့အဖွဲ့အစည်းကို ရေးသားသီကုံးထား သော ဝတ္ထုတိုအမြောက်အမြားရှိပါသည်။ များသောအားဖြင့် အင်္ဂလိပ် ဝတ္ထုတိုများကို မှီးငြမ်း၍ ရေးသားထား သည့် မြန်မာ့ဝတ္ထုတိုများကြောင့် ပီမိုးနင်း(၁၈၈၃-၁၉၄၀) ကို လူသိများလာပါသည်။ ပီမိုးနင်း ရေးသားသည့်  “ ရွှေ သစ္စာ” ဝတ္ထုကို  ၁၉၃၁ ခုနှစ်၊ ဇန်နဝါရီလ ထုတ် ‘သူရိယ’မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။  ခေတ်ပညာတတ် မြို့သား တစ်ယောက်သည် အင်္ဂလိပ်အစိုးရလက်အောက်တွင် လခစားအလုပ်မလုပ်ဘဲ၊ ဘိုးဘွားဘီဘင်တို့၏ ဇာတိကျေး ရွာသို့ ပြန်သွားပါသည်။ တိုင်းပြည်၏ လူအများစုနေထိုင်ကြသည့် ကျေးလက်ဒေသတွင် ၊ လယ်ယာစိုက်ပျိုးရေးကို ခေတ်မီစိုက်ပျိုးရေးနည်းစနစ်အဖြစ် မြှင့်တင်ရန်လုပ်ဆောင်ပါသည်။ ဝတ္ထုကို သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအဖြစ် ဇာတ်အိမ်တည်ထားပါသည်။   မြို့သားကိုလှရွှေ သည် ဖခင်၏လယ်မြေများကို ကြီးကြပ်လုပ်ကိုင်ရန် ရွာသို့ပြန် လာပါသည်။  ရွာမှ ငယ်ရွယ်ရိုးသားသော မထွေးဆိုသည့် မိန်းမပျိုလေးနှင့် ကိုဘရွှေ ချစ်ကြိုးသွယ်မိသော်လည်း၊ နောက်ဆုံးတွင်မူ မြို့၌ ကျန် ရစ်သည့် သူနှင့်စေ့စပ်ထားသော မိန်းကလေးကို လက်ထပ်ပါသည်။ သို့သော် မြို့သို့ မပြန် ဘဲ၊ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ရွာတွင် ဆက်လက် နေထိုင်ရန် ဆုံးဖြတ်ချက်ချပုံကို ရေးဖွဲ့ထားပါသည်။            ရှားလော့ဟုမ်းဝတ္ထုများနှင့် တခြားစုံထောက်ဝတ္ထုများ၊ စွန့်စားခန်း ဝတ္ထုများကို မှီးငြမ်း၍ရေးသားသည့် မြန်မာဝတ္ထုများနှင့် မဖုံးမကွယ်ပွင့်ပွင့်လင်းလင်း ရေးသားထား သည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ကြောင့် ဆရာကြီး ရွှေဥဒေါင်း  (၁၈၈၉-၁၉၇၃) ကို လူသိပိုများသော်လည်း၊ ဖြစ်ရပ်မှန် ဘဝအတွေ့အကြုံများကို အခြေခံ၍ ဘဝသရုပ်ဖော် ဝတ္ထု များ ကိုလည်း ရေးသားခဲ့သူဖြစ်ပါသည်။ ဆရာကြီးရေးသားခဲ့သည့် ဝတ္ထုတိုများအနက် ၁၉၄၈ တွင်ပုံနှိပ်ခဲ့သော  “အဖေတို့ အမေတို့” သည်  မမေ့နိုင်စရာ ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါသည်။    ၁၉၃၀ ပြည့်နှစ် ဝန်းကျင် ဒိုင်အာခီအုပ်ချုပ်ရေးခေတ်၌၊ မြစ်ကမ်း နံဘေးရှိ မြို့ငယ်လေးတွင် တာဝန်ကျနေသည့် သားဖြစ်သူထံ သွားလည်ပတ်ရန် ကျေးလက်ဒေသမှ အိုမင်းလှပြီဖြစ်သည့် မိဘနှစ်ပါးခမျာ ဧရာဝတီမီးသင်္ဘောစီးလာကြပါသည်။ မိအိုဘအိုနှစ်ပါးနှင့် သားဖြစ်သူက မိဘများအပေါ် ချစ်ခင်မြတ်နိုးတန်ဖိုးထားပုံကို  ထင်ရှားပေါ်လွင်စွာ ရေးဖွဲ့ပြ ထားပါသည်။  မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန် ၁၉၄၈ ခုနှစ်တွင် ရေးသားသးည့် ဤဝတ္ထု၌ အင်္ဂလိပ်ခေတ်က လူတန်းစားလူမျိုး ခွဲခြားဆက်ဆံပုံကို ဆရာကြီးက အပြစ်တင်ရှုတ်ချထားသော်လည်း၊  လွတ်လပ်ရေးရပြီးနောက် မြန်မာတို့ကဲ့သို့ စည်းမဲ့ကမ်းမဲ့ မဟုတ်ဘဲ၊   မီးသင်္ဘောပေါ်တွင် သန့်ရှင်းသပ်ရပ်ပြီး စည်းစနစ်တကျမောင်း နှင် ကြပုံကို ချီးကျူးထားပါသည်။ ထို့ပြင် လွတ်လပ်ရေးရပြီး ခေတ်   မြန်မာခရီးသွား များ၊ သင်္ဘောပေါ်တွင် နေရာ ကောင်း ရရန် နေရာလုကြပုံ၊ သင်္ဘောနံဘေးမှအပေါ်သို့ ကုတ်ကတ် ဖက် တွယ်တက်ကြပုံ၊ ထိုသို့မဟုတ်ပါက ငွေပေးကြသည့်နည်းဖြင့် နေရာကောင်းကို ရယူကြပြီး၊ မလှည်းမကျင်း သန့်ရှင်းရေးလုပ် မထားသဖြင့် ညစ်ပေနေ သည့် ကြမ်းခင်းပေါ်၌ ထိုင်လျက် လိုက်ပါကြပုံများကို ရေးသားဖော်ပြထားပါသည်။    

            ကိုလိုနီခေတ်က  အဖြစ်အပျက်များ၊ ဖြစ်ရန်မှန်ဘဝများနှင့် ဓလေ့စရိုက်တို့ အပေါ်အခြေခံရေးသား ထား သည့် သိပ္ပံမောင်ဝ (၁၈၉၉-၁၉၄၂) ၏ ဝတ္ထုတိုတချို့ကား၊ အလွန်စိတ်ဝင်စားဖွယ်ကောင်းပါသည်။ သိပ္ပံမောင်ဝ သည် မြန်မာစာပေ ဘာသာရပ်ဖြင့် ဘီအေ (ဂုဏ်ထူးတန်း) ကို ရန်ကုန်တက္ကသိုလ်မှ ပထမဆုံး အောင်မြင်ခဲ့ သည့် ကျောင်းသားဖြစ်ပါသည်။  သိပ္ပံမောင်ဝ (အမည်ရင်း ဦးစိန်တင်) သည် အိုက်စီအက်စ် (အိန္ဒိယပဋိညာဉ်ခံ အရာရှိ) တစ်ဦးဖြစ်ပြီး၊ သူရေးသားသည့် ဝတ္ထုတိုများကို လူကြိုက်အလွန်များခဲ့ပါသည်။  သူရေးသားသည့် ဝတ္ထုတိုများတွင် အကြောင်းအချက်အလက်များကိုပါ ရောနှော ဖော်ပြထားသဖြင့်၊ စာပေဝေဖန်သူများက သိပ္ပံမောင်ဝရေးသည့် စာ များကို ဝတ္ထုဆောင်းပါးဟု မှတ်ချက်ချကြ ပါသည်။ တနည်းအားဖြင့် ဝတ္ထုဆန်ဆန် ရေးသားထားသည့်ဆောင်းပါး များဟု ဆိုလိုပါသည်။ စင်စစ် ဝတ္ထုတိုဟူသည် ဘဝဖြစ်ရပ်မှန် နှင့် ဆင်ဆင်တူပြီး၊ စာရေးသူက သူတွေ့မြင်သုံး သပ်ထားသည်များသည့် အဖြစ်အပျက်များတွင် သူ့အာဘော်၊ အတွေးအမြင် ၊အယူအဆတို့ကို ထည့်သွင်းပေါင်းစပ် ရေးဖွဲ့ထားခြင်းပင်ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ဇာတ်လမ်း ဇာတ်ကွက်၊ စကားပြောခန်းများနှင့် ဇာတ်ကောင် စရိုက်များကို လွတ်လွတ် လပ်လပ် ရေးဖွဲ့ကြပါသည်။

            သိပ္ပံမောင်ဝရေးသားသည့် ဝတ္ထုများတွင် သူ့ဘဝနှစ်မျိုး ထင်ဟပ်နေပါသည်။ ဗြိတိသျှအစိုးရလက် အောက်တွင် တာဝန်ထမ်းနေရသည့် ခရိုင်အရာရှိဘဝနှင့် စာရေးဆရာအဖြစ် လယ်သမား၊ ယာသမား၊ တံငါ၊ တခြားကျေးလက်လူထု စသူတို့၏ ဘဝများအပေါ် သူ၏ ရှုမြင်သုံးသပ်ချက်များက်ူ သူရေးသားသည့် ဝတ္ထုများတွင် ဖော်ပြထားပါသည်။ ဥပမာ - ထိုအချက်များကို  သူရေးသားသည့် လေလံပွဲနှင့် ရွှေတိဂုံ ဝတ္ထုဆောင်းပါး နှစ်ပုဒ်တွင် မြင်တွေ့နိုင်ပါသည်။  “လေလံပွဲ” ဝတ္ထုဆောင်းပါးတွင် ထိုအချက်ကိုတွေ့မြင်နိုင်ပါသည်။

ငါးမွေးမြူထားသည့်ကန်များကို မြန်မာတို့က “အင်း” ဟုခေါ်ဝေါ် ကြပါသည်။ ဗြိတိသျှအစိုးရဝန်ထမ်းဖြစ် သည့် မြန်မာအရာရှိများက အင်းများကို နှစ်စဉ်လေလံတင်ရောင်းချကြပါသည်။  လေလံပွဲ၌ ရိုးအသော ရွာသား များသည် အင်းလေလံအောင်ရန် တစ်ယောက် နှင့် တစ်ယောက် ဈေးပြိုင်ပေးရင်း၊ မိမိ မတတ်နိုင်သော ဈေးထိ တိုးပေးလျက် အင်းလေလံအောင်သည်ကို ဂုဏ်ယူကြပါသည်။ သို့သော် ထိုဂုဏ်ယူမှုအမှားက လေလံကြေးမသွင်း နိုင်၍  ဖမ်းဆီးခံရ၊ အပြစ်ဒဏ်ချခံရပြီး ထောင်ကျကြပုံကို ၊ သူ့ဘဝဇာတ်ကြောင်း တချို့ကိုပါထည့်သွင်းပြီး၊ သရော် တော်တော် ထေ့ငေါ့လှောင်ပြောင် ရေးဖွဲ့ထားသည့် ဝတ္ထုဆောင်းပါး တစ်ပုဒ်ဖြစ်ပါသည်။ 

            နောက်ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည့် ‘ရွှေတိဂုံ ’ဝတ္ထုတိုတွင်မူ  မြန်မာပြက္ခဒိန်အရ တပေါင်းလပြည့်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ရွှေတိဂုံဘုရားပွဲသို့  ရန်ကုန် အနီးဝန်းကျင်မှ ရွာသူရွာသားများ လာရောက်ဘုရားဖူးမြော် ကြပုံကို ပျော်ရွှင်ကြည်နူးဖွယ်မြင်ကွင်းအဖြစ် ရေးဖွဲ့ထားပါသည်။   တပေါင်းလရွှေတိဂုံဘုရားပွဲကို ဖေဖော်ဝါရီ လ လယ် သို့မဟုတ် လကုန်ခါနီးမှ တပေါင်းလထိ ကျင်းပလေ့ရှိပါသည်။ ဤဝတ္ထုတွင် စပါးရီတ်သိမ်းပြီးနောက်၊ ရွာသူ ရွာ သားများ လှေကြီးလှေငယ် များဖြင့် ပန်းလှိုင်မြစ်၊ လှိုင်မြစ်စသည့် မြစ်ငယ်လေးများတစ်လျှောက် လှော်ခတ် လာကြပြီး၊  သီချင်းများသံပြိုင်သီဆိုကြ၊ သရော်လှောင်ပြောင်ရေးဖွဲ့ထားသည့် သံချပ်များသီဆို၍ ကခုန်ကြ၊ တစ် ယောက် နှင့်တစ်ယောက် နောက်ပြောင်ကျီစယ်ကြ၊ မိန်းမပျိုလေးများအား ပရောပရည်လုပ်ကြ စသဖြင့်  သူတို့ ဘဝ နှင့် သူတို့ ပျော်ရွှင်ကျေနပ်နေကြပုံကို ရေးဖွဲ့သီကျူးထားသည့် လူထုဘဝသရုပ်ဖော် ဝတ္ထုတစ်ပုဒ်ဖြစ်ပါသည်။  

သူတို့၏ ရွာသူကြီးမှာ အသက်၈၆နှစ်အရွဘ် ကရင်အဘိုးကြီးတစ်ဦး ဖြစ်ပါသည်။ ကရင်သူကြီး၏ အုပ် ချုပ်မှုအောက်တွင် ဗမာများ၊ တခြားတိုင်းရင်းသားများ အားလုံး ခင်ချစ်ညီညွှတ်စွာ အေးအေးချမ်းချမ်း နေထိုင် ကြပါသည်။  ခေါင်းဆောင်ကရင်ကြီးက “  အခုလို လှေလှော်ပြီး တစ်ရက်တန်သည် နှစ်ရက်တန်သည် မြစ်ရိုးတစ် လျှောက် မြစ်ကမ်းပါးနံဘေးက သစ်ပင်သစ်တောတွေငေးရင်း ခရီးထွက်လာရတာ ဘယ်လောက် ပျော်စရာ ကောင်း လဲ။ အခုနောက်ပိုင်း လူအများကြီးနဲ့ အတူ ရထားတို့ မီးသင်္ဘောတို့ စီးပြီးသွားရတာထက်  ပိုကောင်းတာ ပေါ့” ဟု ဆိုပါသည်။  အတိတ်တုန်းက ဤကဲ့သို့ ရွှေတိဂုံဘုရားပွဲတော်သို့ ဖူးမြော်ရန် လူစုလူဝေးဖြင့် တပျော်တပါး ရက်ချီလာရသည့် ဂုဏ်ဝင့်ဖွယ်အလေ့အထတို့ကား  စက်တပ်ယာဉ်များဖြင့် ပိုမိုမြန်ဆန်စွာသွားလာနိုင်ချိန်တွင် ပျောက်ကွယ်သွားပြီဖြစ် ပါသည်။

            သိပ္ပံမောင်ဝသည် သူ၏ဝတ္ထုများထဲ၌ ၁၉၃၀ ပြည့်နှစ်များနှင့် ၁၉၄၀ ပြည့်နှစ် အစောပိုင်းကာလများတွင် တွေ့မြင်ရ သည့်  မြန်မာကျေးလက် ဒေသ လူအဖွဲ့အစည်းနှင့် ဘဝများကို၊ သူကိုယ်စား ပင်တိုင်ဇာတ်ကောင် အ ဖြစ် ဖန်တီးထားသည့် မောင်ရေအေး မှတစ်ဆင့် ရေးပြ ပြောပြခဲ့ပါသည်။  သူရေးသားသည့် ဝတ္ထုဆောင်းပါးများ တွင်၊ ရယ်စရာဟာသ နှင့်သနား ဂရုဏာစိတ် ကို ရောယှက်လျက် မြန်မာစာရေးဟန်အသစ် ( ခေတ်စမ်းစာပေ) ဖြင့် ရေးသားခဲ့ပါသည်။

            မောင်ထင်၏ ‘ကိုဒေါင်းဝတ္ထုတိုများ’ နှင့် သိပ္ပံမောင်ဝ၏ ဝတ္ထုတို တချို့တွင် ကိုလိုနီခေတ်၌ စပါးရောင်းသူ များ လာ၍ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စပါးဈေးများထိုးကျပုံကို လုံလောက်သော သက်သေသာဓကများ ဖြင့် ရေးသားခဲ့ကြပုံကို   အောက်ဖော်ဖြစ်ရပ်များတွင်တွေ့မြင်နိုင်ပါသည်။   

            ကျေးလက်ဒေသရှိ လူငယ်များအတွက် အားလပ်ပျော်ရွှင်မှုကို ရံဖန်ရံခါ အိုးစည်ဗုံမောင်းတီးသီဆိုကခုန်၍ နွားလှည်း ပြိုင်ပွဲများ ကျင်းပချိန်မျှတွင်သာ ရရှိခံစားကြရပါသည်။   ဘုန်းကြီးကျောင်းသင်ပညာရေးနှင့် လူကြီးသူ များ၏ အကြံပေးဆုံးမ စကားများကလည်း၊ ကျေးလက်လူငယ်များ၏ ကိုယ်ကျင့်တရားနှင့် သဘောထားအမြင် များကို ပိုမိုကျယ်ပြန့်လာစေအောင် အားပေးကူညီ နိုင်ခြင်းမရှိပေ။ ကျေးလက်လူငယ်ကာလသားများသည် ကိုယ် ကျင့်တရားပိုမိုကောင်းလာရမည့်အစား၊ အနည်း နှင့် အများ တောအရက်ကို သောက်လာကြပြီး၊ လူပျိုလှည့်သည့် အခါ ရန်ဖြစ်ကြပါတော့သည်။ 

            စပါးဈေးကျလာသဖြင့် ရွာသူရွာသားအများစုမှာ အသက်ရှင်သန်ရပ်တည်ရန် ဒုက္ခများလာကြပါသည်။ အိမ်စရိတ် ရှာဖွေရသည်မှာ ခက်ခဲလာပြီး၊    တစ်နှစ်တစ်ကြိမ် အစိုးရကို ပေးရသည့် လူခွန် မဖြစ်စလောက်ငွေ ၅ ကျပ် ကိုပင် မပေး ဆောင်နိုင်ကြတော့ပေ။  အသေးအဖွဲ့ပစ္စည်းများ ခိုးယူသူ အနည်းအကျဉ်းမှာလည်း အိမ်ခြေ ယာမဲ့ ယောင်သုံးဆယ်များအဖြစ် ဥပဒေအရ နှိပ်ကွပ်ညှဉ်းပန်းခြင်း ခံကြရလေသည်။ တစ်ဦးစ နှစ်ဦးစသည်ကား လုယက်မှုတွင်ပါဝင်ခြင်းကြောင့် ထောင်ကျကြ လေသည်။

            မောင်ထင်သည် ‘ကိုဒေါင်းဝတ္ထုတိုများ’ ကို အရည်အသွေးပြည့်ဝသောဘဝသရုပ်ဖော်များအဖြစ်  ပြောင် မြောက်စွာ ရေးသားထားကြောင်း၊ ဆရာဇော်ဂျီက ဝတ္ထုတစ်အုပ်လုံးကို ခြုံငုံသုံးသပ်ပြထားပါသည်။ ကိုဒေါင်း ဝတ္ထုတို ပေါင်းချုပ်စာအုပ် အတွက် ဆရာဇော်ဂျီရေးသားသည့် နိဒါန်းတွင် - ကိုဒေါင်း အမှန်တကယ် အသက်ဝင် ရှင်သန်နေပါသည်။ ဧရာဝတီမြစ်ဝ ကျွန်းပေါ်သားတစ်ယောက် ဖြစ်သည့် ကိုဒေါင်းသည် ဧရာဝတီမြစ်ဝ ကျွန်းပေါ် သားအားလုံးကို ကိုယ်စားပြုသွားပါသည်ဟု  ရေးသားထားပါသည်။ ဆရာမောင်ထင်၏ ပြောင်မြောက်သည့်လက် စွမ်းကြောင့်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ကျေးလက် တောရွာလူ့အဖွဲ့အစည်း နှင့် ဘဝများကို ကျွန်တော်တို့ မြင်သိလာရပါသည်။ 

ညစ်ပတ်ပေရေသည့်ဝန်းကျင်တွင် နေထိုင်ကြလျက်၊ ဆင်းရဲမွဲတေကြသော်လည်း၊ ပျော်ပျော်ရွှင်ရွှင်နေ ထိုင်ကြသူများဖြစ်ကြပါသည်။  အလုပ်ချိန်တွင် ပြင်းပြင်း ထန်ထန် အလုပ်လုပ်ကြပြီး၊ တရုတ်ခေါက်ဆွဲဆိုင် သွားစား လိုက်၊  အပျင်းထူပြီး ရံဖန်ရံခါ ဟိုနားသည်နားတွင် နားနားနေနေ နေလိုက်၊ အရက်ကလေးသောက် လိုက်၊ သူငယ်ချင်းများ ချစ်သူမိန်းမခိုးလျှင် လိုက်ပါကူညီလိုက်ဖြင့်နေထိုင်ကြရင်း၊ မမျှော်လင့် ဘဲ ရန်ဖြစ်ကြချိန် တွင် ရုန်းရင်းဆန်ခတ် ဖြစ်တတ်ကြပုံများကို ကိုဒေါင်းဝတ္ထုတွင် ရှုမြင်နိုင်ပါသည်။  သို့သော် တစ်ပြိုင်တည်း မှာပင် ဆင်းရဲမွဲတေသည့် လယ်သမားများ၏ဘဝကို စာနာဂရုဏာစိတ်ဖြင့် ရှုမြင်လျက်၊ ဟာသနှင့်ကြင်နာသနားမှု ရော ယှက် ရေးဖွဲ့ထားပါသည်။ မောင်ထင်၏ ပတ်ဝန်းကျင်အပေါ် လေ့လာသုံးသပ်နိုင်စွမ်းက၊ မြေဆီဩဇာ ကောင်းလှ သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ လယ်သမားများ၏ဘဝကို သရုပ်ပေါ်လွင်အောင် ရေးဖွဲ့ခြယ်မှုန်းနိုင်စေ သည်ဟု ဆရာဇော်ဂျီက ဆိုပါသည်။  မောင်ထင်၏ စာပေအနုပညာလက်ရာမှ တဆင့် မြန်မာကျေးလက်လူထု၏ အရုပ်၊ အသံတို့ကို မြင်ယောင် ကြားယောင်လာနိုင်စေရုံသာမက၊ ချစ်ခင်စရာရိုးသားသူတို့၏ ရနံ့ကို ခံစားမိလာ သည်ထိ  စာဖတ်သူတို့စိတ်ကို ပြိုင်ဘက်ကင်း စွာ ညှို့ယူဆွဲခေါ်သွားမည့် ဝတ္ထုများဖြစ်ပါသည်။

            ကိုဒေါင်း၏ ကျေးရွာသား စရိုက်လက္ခဏာသွင်ပြင်များသည်၊ အိပ်ချ် အီး ဘိတ် ၏ “ကျွန်တော့်ဦးလေး ဆိုင်း လက်စ်” ဝတ္ထုတိုများမှ ဦးလေးဆိုင်းလက်စ်နှင့် ဆင်တူပါသည်။         

            လွတ်လပ်ရေးရရန်ကြိုးပမ်းနေစဉ်၊ ဗြိတိသျှကိုလိုနီအစိုးရအုပ်ချုပ်ရေးကို နိုင်ငံရေးအရ ဆန့်ကျင် တိုက် ခိုက်မှုများက မည်သို့မည်ပုံ မြန်မာလူထုအပေါ် ရောင်ပြန်ဟပ်ခဲ့ကြောင်း ဖော်ပြသည့် ဝတ္ထုတိုအများအပြား ရှိခဲ့ ပါသည်။  ဥပမာပြရသော် မိုးကြိုးဦးအုန်းခင် ရေးသားသည့် “ အမျိုးသားနှင့်ဘွိုင်ကော့” အမည်ရှိ ဝတ္ထုတိုဖြစ် ပါသည်။ သည်ဝတ္ထုတိုလေးကို ဦးအုန်းခင် ရေးသားသည့် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော  မြန်မာပြည် ဇာတ်လမ်းရှုပ်သမျှ စာအုပ်တွင် နောက်ဆက်တွဲအဖြစ် ဖော်ပြထားပါသည်။

“ အမျိုးသားနှင့်ဘွိုင်ကော့” ကို  ၁၉၂၁ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မြန်မာ့အလင်းမဂ္ဂဇင်း တွင် ပထမဆုံး ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် ဤဝတ္ထုကိုခေတ်ပြိုင် မှတ်တမ်းအဖြစ် မှတ်ယူနိုင်ပါသည်။ “ အမျိုးသားနှင့်ဘွိုင် ကော့” ကို ဝတ္ထုဆန်ဆန်ရေးထားသည့် မှတ်တမ်းဖြစ်သော်လည်း မောင်မျိုးညွန့်နှင့် မမျိုးခင်တို့၏ အချစ်ဇာတ် လမ်း တစ်ပုဒ် အဖြစ် ရေးသားထားပါသည်။ ဇာတ်ဆောင်နှစ်ဦး၏ အမည်များကိုပင် တိုင်းပြည်နှင့်လူမျိုးကို မျိုးချစ် များအဖြစ် သင်္ကေတယူထား ပါသည်။  ဤဝတ္ထုတွင် ကျောင်းသားကျောင်းသူများ နှင့်သူတို့ကို ထောက်ခံသူများ၏ ခက်ခဲကြမ်းတမ်းသောဘဝများ၊ ထိုအချိန် က သူတို့၏ အတွေးအမြင်များနှင့် ယုံကြည်ချက်များကို ရေးသားထားပါ သည်။ ထိုကာလထုတ် သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများက အသစ်စက်စက်ဖွင့်လှစ်လိုက်သည့် ရန်ကုန် တက္ကသိုလ် ကို သပိတ်မှောက်ကြသော ကျောင်းသားများဘက်မှ မည်သို့မည်ပုံ ရပ်တည်အားပေးခဲ့ကြောင်းများကို ဖော်ပြထားပါသည်။

 

(ဆက်လက်ဖော်ပြပါမည်)

 

စာတမ်းရေးသူ -ဦးသော်ကောင်း

ဘာသာပြန်-  ခင်နှင်းဦး