【ဆောင်းပါး】နှစ်ဆယ်ရာစုမြန်မာ့လူမှုဘဝအပေါ်မြန်မာဝတ္ထုတိုများ၏ ထင်ဟပ်ချက် တစေ့တစောင်း (၃)

【ဆောင်းပါး】နှစ်ဆယ်ရာစုမြန်မာ့လူမှုဘဝအပေါ်မြန်မာဝတ္ထုတိုများ၏ ထင်ဟပ်ချက် တစေ့တစောင်း (၃)

လွတ်လပ်ရေးရပြီးခေတ်- (က)

            ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးပြန်ရပါသည်။ သို့သော်  နိုင်ငံသစ်ကို များပြား လှသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများက ပတ်ခြာလည်ဝိုင်းလျက်ရှိပါသည်။ လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့များထွက်ပေါ်လာပြီး၊ ကွန်မြူနစ်များကတောခိုကြလျက်၊ ဗဟိုအစိုးရကို တိုက်ခိုက်ကြ လေ သည်။  ကေအင်ဒိုအို(ကရင်) နှင့် တခြားတိုင်းရင်းသားတချို့က လက်နက်ကိုင်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဥပဒေ အများစုကို မလိုက်နာဘဲ၊ အာဏာဖီဆန် ကြပါသည်။  ဤအဖြစ်အပျက်များကို ပထမဦးစွာ မဂ္ဂဇင်းဝတ္ထုတိုများ အဖြစ် ထင်ဟပ်ရေးသားကြပြီး၊ နောက်ပိုင်းတွင် တတ္ထုတိုပေါင်းချုပ်စာအုပ်များထုတ်ဝေကြပါသည်။

            မင်းသုဝဏ်၏ ‘သူ့နိဗ္ဗာန်’ ဝတ္ထုတိုနှင့် တက္ကသိုလ်မြစိမ်း၏ ‘မိုးရွာသောညများ’ ဝတ္ထုတိုများတွင်၊ လွတ် လပ်စ မြန်မာနိုင်ငံ၌ လက်နက်ကိုင်များ တိုက်ခိုက်ဖိစီးမှုကြေင့် မိမိတို့၏ကျေးရွာကို စွန့်ခွာလာရသော လယ်သမား များသည်၊ လယ်မလုပ်နိုင် တော့ဘဲ၊၊ အလုပ်လက်မဲ့ဘဝဖြင့်၊ ရန်ကုန်သို့လာရောက်ခိုလှုံရပြီး အလုပ်သမားအဖြစ်၊ ရပ်တည်နေထိုင် ရပုံများ ကို ဝမ်းနည်းဖွယ်ရေးသားဖော်ပြထားကြပါသည်။

            မင်းသုဝဏ်၏ ဝတ္ထုမှ အဓိကဇာတ်ကောင်သည် သူ၏ စိုက်ပျိုးမွေးမြူရေးခြံသေးသေးလေးကို လက်လွှတ် ဆုံးရှုံး လိုက်ရပြီးနောက်၊ သူ့အချစ်တော်ဘဲလေးကို မဖြစ်မနေသတ်ရောင်းရပြီး နေထိုင်မကောင်းဖြစ်နေသည့် ဇနီးအတွက် ဆေးဖိုးရှာရပုံကို ရေးဖွဲ့ထားပါသည်။ ထိုနည်းတူပင်၊ တက္ကသိုလ်မြစိမ်း၏ ဝတ္ထုတိုမှ အဓိကဇာတ် ကောင်သည် ရန်ကုန်ကျူး ကျော်ရပ်ကွက်တစ်ခုရှိ တဲတွင်နေထိုင်ရပြီး၊ တီဘီရောဂါစွဲကပ်နေသော ဇနီးကို  တီဘီ ရောဂါကု အခမဲ့ဆေးခန်းသို့ ပို့ဆောင်ကုသရပုံကို သီကုံးထားပါသည်။

            ကာလရှည်ကြာမျှော်လင့်ခဲ့သော်လည်း၊ နောက်ဆုံးတွင်မူ အားအင်ဆုတ်ယုတ်နေသည့် လူမမာဇနီး သေ ဆုံး သွားပြီး၊ ငယ်ရွယ်သေးသည့်သားလေးမှာလည်း တိုက်ပွဲကျသွားပါသည်။ ထမင်းစားရန် နေ့စဉ်ဝင်ငွေကို ဆိပ်ခံ တံတားတွင် ကူလီထမ်း ပြီး ရှာဖွေရသည်။ တစ်ခါတစ်ရံ ဂိုဒေါင်အရိပ်တွင် တမှေးလောက်မှိန်းပြီး ခဏနားရသည်။ ထို့ပြင်၊ မုဆိုးဖိုကူလီ ဘဝ၏ ဝမ်းနည်းကြေကွဲမှုကို ဖြေဖျောက်ရန် မူးမူးရူးရူးဖြစ်သည်အထိ အရက်သောက် လိုက် သည်။ အရက်မူးရင်း ဈေးရောင်းလည်း သည်နေရာ၊ လိင်လုပ်ငန်းလုပ်လည်း သည်နေရာတွင် လုပ်ကိုင်သည့် ပြည့် တန်ဆာနှင့်  ရင်းနှီးလာပြီး၊ ဖက်လဲတကင်း နေထိုင် ရသည်မှာ သူ့အတွက် ဖြေသိမ့်စရာဖြစ်လာပါသည်။

            ကျေးလက်ဒေသမှ ရွှေ့ပြောင်းလာပြီး ရန်ကုန်တွင် အခြေချနေထိုင်သူများ၏ ပြဿနာများကား များပြား လှပါသည်။   ရွှေ့ပြောင်းအခြေချလာသူများသည်၊ တစ်ချိန်က ရွာတွင် သင့်တင့်လျောက်ပတ်သော ဝင်ငွေရှိပြီး အိုးပိုင်အိမ်ပိုင်နှင့် ပျော်ပျော်ရွှင်ရွှင်နေထိုင်လာကြသည့် လယ်သမားများဖြစ်ပါသည်။ ယခု မြို့တော်ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ရချိန်တွင်၊ ပိုင်ဆိုင်မှုများလျော့ပါးပြီး၊ ဆင်းရဲမွဲတေမှု နှင့် စိတ်ရှုပ်ထွေးမှုကို ခံစားနေကြရသည့် ဘဝများကို ရင်ဆိုင်ကြရလေသည်။ 

           ကျေးလက်မှ ရန်ကုန်သို့ရောက်လာပြီး၊ အိမ်ခြေယာမဲ့ဖြစ်နေသူများဘဝကို ပြသထားသည့် နောက်ထပ် ဥပမာတစ်ခု မှာ သိန်းဖေမြင့် (၁၉၁၄-၁၉၇၈) ၏ ‘တတိယတန်းမှာ တစ်နေရာ’ ဆိုသည့် ဝတ္ထုဖြစ်ပါသည်။ ဤဝတ္ထုမှ  အဓိက ဇာတ်ကောင် သည် ရွာတွင်လုပ်ကိုင်နေသည့် ရွှေပန်းတိမ်လုပ်ငန်းကို ရပ်ဆိုင်းပြီး၊ ရွာဘုန်းကြီးကျောင်း၌ ကိုရင်ဝတ်နေသည့် တစ်ဦးတည်း သော သားကို ထားခဲ့ကာ၊ ရန်ကုန်တွင် မုန့်ဟင်းခါးသည်ဘဝဖြင့် ရပ်တည်ရပုံကို ရေးဖွဲ့ထားပါသည်။ ၁၉ ပေ - ၁၂ ပေ ပတ်လည် အခန်းတွင် တခြားလူ ၆ ယောက်နှင့် အတူမျှနေရပြီး၊ ကျပ်ကျပ်တည်းတည်း အိပ်စက်ရပါသည်။  ရန်ကုန်သို့ သူ့ထက်စော ရောက်နှင့်ပြီး အခြေကျနေကြသည့် တခြားမုန့်ဟင်းခါးသည်များကဲ့သို့၊ သူ့မှာ ပြည့်စုံမှုမရှိကြောင်း သူ့ဘာသာသူ သိလာပါသည်။  ဤဝတ္ထုကို ဦးသိန်းဖေမြင့်နှင်း ရင်းနှီးသည့် ဆွေမျိုးတစ်ယောက်/ အဖြစ်အပျက်ကို အခြေခံ၍ ရေးသားထား သည်ဟုဆိုပါသည်။ 

            မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက်၊ နိုင်ငံရေးလွတ်လပ်ခွင့်ရှိလာပြီဖြစ်သဖြင့်၊ လူမှုရေးတရားမျှတမှုနှင့် စီးပွားရေး တိုးတက်၍ ချမ်းသာကြွယ်ဝမှုကို လူထုက လိုလားကြပါသည်။  သို့သော် နိုင်ငံတော်အရေးကား ပြဿနာအသစ် များဖြင့် ရှုပ်ထွေး လျက်ရှိပါသည်။ 

            ခင်နှင်းယု(၁၉၂၅-၂၀၀၃)၏ ‘ခံပွင့်’ဝတ္ထုတိုတွင် ကျေးရွာတစ်ရွာမှ မိန်းမပျိုလေးတစ်ဦးက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းနေသူများအား၊ အားတက်သရောကူညီခဲ့ပုံများကို ရေးဖွဲ့ထားပါသည်။  တိုင်းပြည်ကို အဓိကဦးဆောင်နေသည့် နိုင်ငံရေးပါတီဖြစ်သည့် ဖဆပလပါတီအစိုးရလက်ထက်တွင် လွတ်လပ်ရေးကြိုးပမ်းစဉ်ကပါဝင်ခဲ့သည့် ပါဝင်ခဲ့သည့် နိုင်ငံရေး သမားသည် ပါလီမန်တွင် အတွင်းဝန်ရာထူးရလာပြီး၊ သူတို့ကို ကူညီခဲ့ဖူးသည့် ကျေးလက်လုံမပျိုနှင့်လက်ထပ်လိုက်ပါသည်။   သို့သော် ပြောင်းလဲလာသော ခင်ပွန်းသည်ကြောင့်၊ နေထိုင်ရင်ဆိုင်နေရသော အသိုင်းအဝန်းအသစ်ကြားတွင် ကျေးလက် လုံမပျိုလေး အဆင်မပြေပေ။ ခင်ပွန်းဖြစ်သူသည် ဘဝစာမျက်နှာသစ်ဖွင့်လျက်၊ တင်းနစ်ကစားနည်းသင်ယူပြီး၊ အနောက်တိုင်း ဆန်သောမြို့သူများနှင့် တွဲသွားတွဲလာ ပြုလုပ်လာပေသည်။ ယခင်က ထိုမြို့သူများသည် သူ့ကို ပစ်ပစ်ခါခါ ဆက်ဆံခဲ့ကြ သူများဖြစ်ပြီး၊ သံရုံးဧည့်ခံပွဲများတွင် သူကို အရေးမစိုက်ခဲ့ကြသူများဖြစ်ကြပါသည်။  နောက်ဆုံးတွင်မူ ခင်ပွန်းသည်ကို လျစ်လျူရှုပြီး၊ ဇနီးဖြစ်သူခမျာ တောသို့ပြန်သွားတော့သည်။ လူ့သဘောသဘာဝမှာ အထင်နှင့်အမြင် ကွာခြားတတ်ကြောင်း ကျေးလက်လုံမပျိုလေး သိနားလည်လာပြီး စိတ်ထိခိုက်ကြေကွဲဝမ်းနည်းမှုကိုခံစားရလေသည်။

            မြန်မာ့လူ့အဖွဲ့အစည်းတွင် အောက်တန်းအကျဆုံးသူများအဖြစ် သတ်မှတ်ခံရသည့် ဘုရားကျွန်များ၏ ဘဝကို ခင်နှင်းယု ရေးသားသည့် “ မြှောက်လင့်လို့ဖြင့်မဆုံးနိုင်တယ်” ဝတ္ထုတွင် ဖျတ်ခနဲတွေ့မြင်နိုင်ပါသည်။ သည်ဝတ္ထုကို ၁၉၅၅ ခုနှစ်တွင် ပထမအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့တွင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီးက၊  ဘုရားကျွန်များ၊ စဏ္ဍာလများ၊ သင်္ချိုင်းတူးသမားများနှင့် တခြားအပယ်ခံ များ အားလုံး၊ ယခုအချိန်မှစ၍ တခြားနိုင်ငံသားများနှင့်တန်းတူ အခြေခံအခွင့်အရေးများကို ခံစားခွင့်ရှိပြီး၊ မိမိတို့ ဆန္ဒရှိရာ အလုပ်အကိုင်များကို လုပ်ကိုင်နိုင်ကြောင်း ထိုဘဝမှ လွတ်မြောက်ခွင့်ပေးကြောင်း ကြေညာခဲ့ပါသည်။ ထိုသို့ ကြေညာ ပေး သည့်တိုင်၊ လူတောမတိုးဝံ့၊ လူရာမဝင်ဝံ့သည့် အမည်းစက်ကား ရှိမြဲရှိနေပါသည်။ ဘုရားကျွန်၊ စဏ္ဍာလ စသည့်ဘဝကို မဖုံးကွယ်နိုင်ခဲ့ပါက၊ မြန်မာ့လူ့အဖွဲ့အစည်းတွင်းရှိ လူများစုက သူတို့ကို တန်းတူရည်တူ လက်မခံကြပေ။ အထူးသဖြင့် တခြားအလွှာမှ လူများနှင့် သူတို့၏ သားသမီးများ လက်ထပ်နိုင်ရေး ခက်ခဲလှပါသည်။

            မြို့မမောင် (၁၉၀၄-၁၉၈၃) ၏ “သတင်းစာအယ်ဒီတာဘဝ” ဝတ္ထုနှင့် “စစ်မုန်တိုင်းထဲက သတင်းစာဆရာ” ဝတ္ထု များတွင် လွတ်လပ်ရေးမပေးမီ အစိုးရနှင့် လွတ်လပ်ရေးရပြီး အစိုးရ အသီးသီး၏၊ မီဒီယာများအပေါ် မတူ ကွဲပြား ခြားနား သည့် ဖိနှိပ်ချုပ်ချယ်ပုံများကို ရေးသားထားသည်ကိုမြင်တွေ့နိုင်ကြပါသည်။ ထိုဝတ္ထုများကို မြို့မမောင်က ၁၉၅၇ ခုနှစ် နှင့် ၁၉၅၈  ခုနှစ်များတွင် ရေးသားခဲ့ပြီး၊ သတင်းစာအယ်ဒီတာများ၏ဘဝနှင့် သူတို့ရင်ဆိုင်ရသည့် ပြဿနာများကို ရေးဖွဲ့ထားပါသည်။

            ၁၉၄၀ပြည့်နှစ်နောက်ပိုင်း ကာလများတွင်၊  အမျိုးသား သတင်းစာများက နိုင်ငံခြားသားအရင်းရှင်များ၏ စီးပွားရေး အမြတ်ထုတ်မှုများကို အာပေါင်အာရင်းသန်သန် လူသိရှင်ကြားရှုတ်ချရေးသားပြီး နိုင်ငံရေးလွတ်လပ်ခွင့်ပေးရန် တောင်းဆိုလာကြပါသည်။ ဒီမိုကရေစီပိုင်ခွင်းများကို လေးစား ဟန်ဆောင်ထားသည့် အာဏာပိုင်များက တာဝန်ရှိသောအယ်ဒီတာများကို ပြည်ထဲရေးနှင့် ကာကွယ်ရေးဌာနသို့ ဖိတ်ကြားပြီး၊ သတင်းစာများတွင် လှုံ့ဆော်ရေးသားခြင်းကို ရှောင်ပါမည်ဟု လက်မှတ်ရေးထိုးရန်၊ ယဉ်ကျေးသိမ်မွေ့ဟန်ဖမ်းလျက် တောင်းဆိုကြပါသည်။   အကယ်၍ အယ်ဒီတာများကလိုက်နာရန်ငြင်းဆိုပါက၊ ချမှတ်ထားသော ဥပဒေကိုဖောက်ဖျက်သည်ဟုယူဆပြီး၊   အစိုးရထံ တင်ထားသည့် အာမခံငွေများဆုံးရှုံးမည်ဖြစ်ပါသည်။  သို့သော် ဒုတိယအကြိမ်ထပ်မံ၍ အာမခံငွေပေးသွင်းပြီး သတင်းစာ ဆက်လက်ထုတ်ဝေနိုင်ပါသည်။ သို့မဟုတ် အခန့်မသင့်ပါက ထောင်ကျမည်ဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားအဆင်(က) အဖြစ် သတ်မှတ်ခံရမည်မဟုတ်ဘဲ၊ အဆင့်(ခ) ကိုသာ ရရှိခံစားရမည်ဖြစ်ပါသည်။ 

            လွတ်လပ်ရေးရပြီး နောက်ပိုင်း ကိုယ်ကျိုးစီးပွားရှာသူများ ကြီးပွားချမ်းသာလာကြသော်လည်း၊ လူထုဘဝမှာမူ ယခင်ထက်စာလျှင် လူမှုရေး၊ စီးပွားရေး အနည်းငယ်တိုးတက်လာရုံသာရှိပါသည်။  အာဏာရပါတီ အဖွဲ့ဝင်များ သည်စိတ်ကြီး ဝင်လာကြပြီး အခွင့်ထူး  ခံများဖြစ်လာကြပါသည်။ သတင်းစာများက ထိုသို့သော နစ်နာမှုများကို ဖော်ပြ၍ အစိုးရ၏ စီမံ ဆောင်ရွက်မှုများကို ဆန့်ကျင်ရေးသားလာကြပြီး၊ အာဏာရပါတီမှ နိုင်ငံရေးသမားများ၏ ပြုမူပုံများကို ဝေဖန် ထောက်ပြ ကြပါသည်။ အစိုးရဘက်က အချိန်ပေး၍ သတင်းစာများ၏ ဝေဖန်ထောက်ပြမှုများအား ဖြေရှင်းအရေးယူမှုခြင်း အကြမ်းဖျင်းမျှပင် မလုပ်ဆောင်ခဲ့ပေ။  ဥပမာအနေဖြင့်  ပါတီမှ လူများက သတင်းစာတိုက်များကို ရုတ်တရက်အလစ် အငိုက်ဝင်ရောက်လာပြီး ထိန်းမနိုင်သိမ်းမရ တိုက်ခိုက်ဖျက်ဆီးလာကြပါက အစိုးရက မသိကျိုးကျွန်ပြုနေမည်ဖြစ်ပေသည်။ သို့မဟုတ် အပြန်အလှန်နားလည်မှုဖြင့် ဖွင့်ပြောရန်မလိုဘဲ၊ အစိုးရက ပုံနှိပ်စက်နှင့် ခဲစာလုံးများကို သိမ်းဆည်းဖြင်းဖြင့် နောက်ထပ် သတင်းစာမထုတ်ဝေနိုင်စေရန် ပြုလုပ်မည်ဖြစ်ပေသည်။ သို့မဟုတ် တာဝန်ခံအယ်ဒီတာကို ရာဇဝတ်မှုဖြင့် ဖမ်းဆီးပြီး၊ သာမန်အကျဉ်းသားများကဲ့သို့၊ အခန်းကျဉ်းလေးထဲသို့ ထည့်သွင်းထောင်ချထားမည်ဖြစ်ပါသည်။ 

 

စာတမ်းရေးသူ -ဦးသော်ကောင်း

ဘာသာပြန်-  ခင်နှင်းဦး