【ဆောင်းပါး】နှုတ်ဆက်ထွက်ခွာသွားတဲ့ အာဇာနည်မျိုးဆက်တစ်ယောက်

【ဆောင်းပါး】နှုတ်ဆက်ထွက်ခွာသွားတဲ့ အာဇာနည်မျိုးဆက်တစ်ယောက်

အာဇာနည်‌နေ့ကို ကျွန်မတို့ ငယ်စဉ်ကပင် ဘာကြောင့် သိနေသလဲ၊ အာဇာနည်ကြီးများကိုသာမက သူတို့မိသားစုများကိုပါ ဘာကြောင့် စိတ်ဝင်စားခဲ့သလဲ ပြန်တွေးသည့်အခါ၊ ငယ်စဉ်က ပညာသင်ကြားခဲ့ရသည့် ကျောင်းများ၏ စီမံခန့်ခွဲမှုကြောင့်ဟု သိမြင် လာပါသည်။

ကျွန်မတို့ငယ်စဉ်က အာဇာနည်နေ့သာမက အမိနိုင်ငံ၏ တခြားနေ့ထူးနေ့မြတ်များ ရောက်ခါနီးလျှင် ထိုနေ့ရက်နှင့်ဆိုင်သည့် ဟောပြောမှုကို ကျောင်းတွင် ဆရာ၊ ဆရာမများက ကျင်းပပေးပါသည်။ ကျောင်းသား ကျောင်းသူအားလုံး Assembly Hall ဟု ခေါ်သည့် ခန်းမကျယ်ကြီးထဲ စုဝေးထိုင်ကြရပါသည်။ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက ကျောင်းသားများနှင့် မျက်နှာချင်း ဆိုင်ထိုင်ကြပါသည်။ ကိုးတန်း ဆယ်တန်းမှ ကျောင်းသားတယောက်ယောက်က အခမ်းအနားမှူးလုပ်ပပါသည်။  လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့ စသည့်နေ့ထူးနေ့မြတ်များ အကြောင်းကို ဆရာ၊ ဆရာမများက ရှင်းလင်းပြောပြကြပါသည်။ ထို့ပြင် ဟောပြောပွဲမတိုင်မီ သည်နေ့ထူးနေ့မြတ်များအကြောင်းကို စာစီစာကုံးရေးကြရပါသည်။ လွတ်လပ်ရေးနေ့တွင် ကျောင်း၌ ပြေးပွဲ ပြိုင်ပွဲများလုပ်ပေးပါသည်။ အာဇာနည်‌နေ့တွင်မူ ဆရာ ဆရာမများက ဦးဆောင်ပြီး ကျောင်းသားကျောင်းသူများ လိုက်ပါလျက်၊ ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ကြီးများကို  လွမ်းသူ့ပန်းခွေချ အလေးပြုကြရပါသည်။

သို့ဖြင့် ကျွန်မရင်ထဲတွင် မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များ၊ ထို‌နေ့ထူးနေ့မြတ်များနှင့် ဆက်စပ်နေသူများက စိမ့်ဝင်စွဲမြဲနေကြောင်း အသက်အတန်ရလာချိန်တွင် သိလာပါသည်။ စန္ဒာမဂ္ဂဇင်း တွင် ၁၉၇၀ ဝန်းကျင်ကဟု ထင် ပါ သည်၊ အာဇာနည်ကြီးများ၏ ရင်သွေးများဓာတ်ပုံကို တစုတဝေးဖော်ပြခဲ့ပါသည်။ ကျွန်မစိတ်ထဲတွင် ယနေ့ထိ စွဲမြဲနေသည့် ဓာတ်ပုံ ၂ ပုံရှိပါသည်။ ဦးအောင်ဆန်းဦးက ဦးစိန်ဝင်းကို ပုခုံးဖက်ထားသည့် ကိုယ်တပိုင်း ဓာတ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည် လက်တွေ့ခန်းတွင် လက်တွေ့စမ်းသပ်မှုပြုနေသည့် ဓာတ်ပုံ ၂ ပုံ ဖြစ်ပါသည်။ ကျန် အာဇာ နည် ကြီးများ၏ သားသမီးများပုံကို မမှတ်မိတော့ပါ။  ဤသို့ ဘာကြောင့်ဖြစ်ရသနည်း ပြန်ဆန်းစစ်သော် ကျွန်မရင်ထဲတွင် နက်နက်ရှိုင်းရှိုင်းနေရာယူထားသူက ဗိုလ်ချုပ်အောင်ဆန်းဖြစ်နေ၍ ဆိုသည့် အဖြေကို ရရှိခဲ့ပါသည်။

သို့သော် ပြင်ပတွင် ပထမဆုံး လူချင်းတွေ့ဖူးရသည့်အာဇာနည်ရင်သွေးမှာ၊ အာဇာနည်ကြီး မန်းဘခိုင်၏ သမီး ဒေါ်မြင့်မြင့်ခိုင်ဖြစ်ပါသည်။ ကျွန်မတို့ တက္ကသိုလ်တက်ရောက်ချိန်တွင်၊ ဒေါ်မြင့်မြင့်ခိုင်ကို သင်္ချာဌာနမှ ဆရာမတဦးအဖြစ် သိရှိခဲ့ရပါသည်။ ကျွန်မတို့ကဲ့သို့ သိပ္ပံဘာသာရပ် အဓိကယူသူအားလုံး ပထမနှစ်တွင် သင်္ချာကို အပိုဘာသာအဖြစ်သင်ကြရပါသည်။ သို့သော် ကျွန်မတို့ အတန်းခွဲ ( Section) တွင် သင်္ချာသင်ကြားပေးသူမှာ ဒေါ်မြင့်မြင့်ခိုင်မဟုတ်ပါ။ သို့ဖြင့် ဒေါ်မြင့်မြင့်ခိုင်ကို သင်္ချာဌာနမှ ဆရာမတဦးအဖြစ် မြင်တွေ့နေရသည်မှ အပ ဆရာ - တပည့် ဆက်ဆံရေး မရှိခဲ့ပါ။ တနည်းအားဖြင့် ရင်းနှီးသည့် ဆက်ဆံရေးမရှိခဲ့ပါ။ အသားဖြူဖြူ အရပ်မြင့် မြင့်၊ နှာတန်ပေါ်လွင်ပြီး ချောမောလှပသည့် ဆရာမအဖြစ်သာ ရှုမြင်ခဲ့ပါသည်။

ဒုတိယမြောက် ဆုံရသည့် အာဇာနည်ကြီး၏ သမီးကား မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏ အငယ်ဆုံးသမီး ဖြစ် ပါသည်။ အမည်ရင်း စဝ်မြင့်ကြည်။ ကျွန်မတို့အခေါ် မစော်ဘွားကြီး နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် တွင် တွေ့ဆုံခဲ့ရပါသည်။ ကျွန်မတို့က ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေချိန်၊ စာကြည့်တိုက်ပညာသင်တန်းတက်ခွင့် စာမေးပွဲဝင်ဖြေပါသည်။ စာမေးပွဲအောင်သဖြင့် အချိန်ပိုင်းသင်တန်းဖြစ်သည့် စာကြည့်တိုက်ပညာဒီပလိုမာ သင် တန်းကို မနက် ၇ နာရီမှ ၉ နာရီထိ တက်ရောက်ကြရပါသည်။ သင်တန်းချိန်အပြီးတွင် တက္ကသိုလ်များ ဗဟိုစာ ကြည့်တိုက်၌ နေ့စားလုပ်သားအဖြစ် အလုပ်လုပ်ရပါသည်။

ဤတွင် စဝ်မြင့်ကြည် ( ခေါ် ) စော်ဘွားကြီးနှင့် တွေ့ဆုံရခြင်းဖြစ်ပါသည်။ စာကြည့်တိုက်တွင် ကျွန်မတို့ နေ့စားအလုပ်သမားများအဖြစ် ဝင်လာချိန်၌ စာကြည့်တိုက်ရှိ အရာရှိများက သူ့ကို စော်ဘွားကြီးဟုခေါ်ကြသည်။ သူ့ထက်ငယ်သည့် ဝန်ထမ်းများက အမစော်ဘွားကြီးဟုခေါ်ကြပြီး၊ ရွယ်တူများက မစော်ဘွားကြီးဟုခေါ်ကြပါ သည်။ စပ်စုလိုက်သည့်အခါ မိုင်းပွန်စော်ဘွားကြီးသမီးဖြစ်၍ စော်ဘွားကြီးဟု ခေါ်ဝေါ်ကြရာမှ အမည်ရင်းကို မည် သူမျှ မခေါ်ကြဘဲ သည်အမည်ကိုသာ လူသိပြီး တချို့ အမည်ရင်းမသိကြတော့ဟုသိလာရပါသည်။ အများ နည်းတူ ကျွန်မတို့ကလည်း အမစော်ဘွားကြီးဟု ခေါ်ကြပါသည်။

အမစော်ဘွားကြီးနှင့် ကျွန်မ ပိုကံစပ်ပုံရပါသည်။ သူတာဝန်ကျနေသည့် မြန်မာစာဌာနစိတ်တွင် ကျွန်မ အလုပ်လုပ်ရပါသည်။ မစော်ဘွားကြီးက ပျော်ပျော်နေတတ်သည်။ ရယ်စရာပြောတတ်သည်။ စိတ်နည်းနည်းတိုတတ်သည်။ စိတ်ဆတ်သည်။ သို့သော် စိတ်ပြေလွယ်လျက်၊ တဘက်တွင်မူ သူ့နာကျည်းချက်တွေကို တော်ရုံနှင့် မမေ့တတ်သူဖြစ်ကြောင်း သိလာရပါသည်။ အနေကြာသော် လူချင်းရင်းနှီးလာ၍ သူက သူ့အကြောင်း တစွန်းတစ ပြော ပြပါသည်။ သူ့တွင် အစ်ကို ၂ ယောက် အစ်မတယောက်ရှိသည်။ မိခင်ဖြစ်သူ မဟာဒေဝီ ကွယ်လွန်ချိန်တွင် သူ ၂ နှစ်သမီးသာရှိသေးသည်။ ဖခင်ရော မိခင်ပါ ရှိစဉ်က၊ အစ်ကို ၂ ယောက်ကို ဒါဂျီလင်သို့ပို့၍ ပညာသင်ပေး ခဲ့ပြီး၊ အစ်မကိုလည်း ကွန်ဗင့်ကျောင်းထားပေးသည်။ သူကား နိုင်ငံရေးလုပ်သူ ဖခင်က ပြန်လှည့်မကြည့်နိုင်သဖြင့် အဒေါ်များလက်ဝယ်ကြီးပြင်းခဲ့ရသည်။ တဖန် သူ ၅ နှစ်သမီးတွင် ဖခင်ဖြစ်သူ လုပ်ကြံခံရ၍ ကွယ်လွန်ပြန်သည်။ ထို့ကြောင့် အစ်ကို အစ်မများကဲ့သို့ ဒါဂျီလင်သို့လည်း သွားရောက်ပညာသင်ခွင့်မရ၊ ကွန်ဗင့်ကျောင်းလည်း မတက် ခဲ့ရ။ ကျွန်မနှင့်တွေ့ချိန်တွင် အမစော်ဘွားကြီးက သမိုင်းအဓိကဖြင့် လုပ်သားကောလိပ်တက်နေသည်။ ဘွဲ့မရ သေး။ သူ့အငုံ့စိတ်က မေတ္တာငတ်မွတ်ခြင်းဖြစ်ပါသည်။ အဒေါ်တွေက သူတို့ သားသမီးများကို ဦးစားပေးသည်။ သူ့ကို ဦးစားမပေးဆိုသော ခံစားချက်ကို ပြန်ပြောပြချိန်တွင် မျက်ရည်နည်းနည်းဝဲလာတတ်သော်လည်း၊ ချက်ခြင်း ရယ်မောပစ်လေ့ရှိပါသည်။

အမစော်ဘွားကြီး ဘွဲ့ရပြီ။ စာကြည့်တိုက်ပညာသင်တန်းတက်နေပြီ။ တောင်ကြီးတက္ကသိုလ်တွင် စာကြည့်တိုက်မှူးတာဝန်ယူနေပြီ စသည့် သတင်းများကြားရချိန်တွင်၊ ကျွန်မ နယ်ရောက်နေပါသည်။ ကျွန်မ ရန်ကုန်ပြန်ရောက်ပြီး နှစ်အတန်ကြာသော် အမစော်ဘွားကြီး ပင်စင်ယူပါသည်။ သူနောက်ဆုံးတာဝန်ထမ်းခဲ့သည့် နေရာကား၊ ရန်ကုန်နိုင်ငံခြားဘာသာသင် တက္ကသိုလ်စာကြည့်တိုက်ဖြစ်ပါသည်။ ကျွန်မတို့သည် တာဝန်တဘက် နှင့် စနေ တနင်္ဂနွေများ၌ သင်္ကန်းကျွန်းရှိ ငါးကျမ်းပြန် ( ထားဝယ်သာသနာ့ရိပ်သာ) ကျောင်း၏ စာကြည့်တိုက် တွင် လုပ်အားပေးကြပါသည်။ စာကြည့်တိုက်ရှိ စာအုပ်များ နေထားတကျဖြစ်ချိန်တွင် ပင်စင်ယူထားသူ အမစော် ဘွားကြီးက တပါတ်လျှင် ( ၃) ရက်တာဝန်ယူလုပ်ကိုင်ပေးပါသည်။ သို့ဖြင့် ကျွန်မတို့နှင့် အမစော်ဘွားကြီး ပြန်ဆုံတွေ့ကြပါသည်။

ထိုအချိန်က ငါးကျမ်းပြန်၏ ပဓာနနာယကဆရာတော် အရှင်ဒေါက်တာဓမ္မပီယက နိ‌ဂြောဓသာမဏေ စီမံကိန်းဖြင့် အညာမှ ကလေးငယ် ၅၀ ခန့်ကို စည်းရုံးခေါ်ဆောင်လာပြီး ကိုရင်ဝတ်ဖြင့် ဗုဒ္ဓစာပေ၊ လောကီစာပေ  ၂ မျိုးစလုံးကိုသင်ကြားစေပါသည်။ ထိုကိုရင်လေးများ စာသင်ချိန်ပြီးသည်နှင့် အမစော်ဘွားကြီး၏ စာကြည့်တိုက် ထဲ ရောက်လာကြပါသည်။ ကာတွန်းစာအုပ်၊ ပုံပြင်စာအုပ်များ ဆွဲယူဖတ်ရှုကြပါသည်။ ကိုရင် တရုန်းရုန်းဖြစ်နေ သည့် စာကြည့်တိုက်ကို အမစော်ဘွားကြီး ကျေနပ်ပျော်ရွှင်နေပါသည်။ ကိုရင်များကို စာအုပ်၊ ဘောပင် ခဏ ခဏ လှူသည်။ ကိုရင်တွေကလည်း ဘယ်သူက ကျွန်မတို့၏ အခေါ်အဝေါ်ကို ကြားသည် မသိ။ စော်ဘွားကြီးဟုသာ သူတို့၏ စာကြည့်တိုက်မှူးကို ခေါ်ကြပါသည်။ သို့သော် ကံအကြောင်းမလှစွာပင်၊ ၂.၂.၂၀၀၈ တွင် အမစော်ဘွားကြီး ဆုံးပါးသွားပါသည်။

သူ့ခင်ပွန်းပြောပြသည်မှာ - ထိုညက အမစော်ဘွားကြီး ကောင်းကောင်းမအိပ်ဘဲ အိမ်သာ ခဏ ခဏ ထ သွားသည်။ ဘာဖြစ်လို့လဲ မေးသည်ကို တိတိကျကျ ပြန်မဖြေ။ ၅မနက် ၅ နာရီခန့်တွင် သတိလစ်သလိုဖြစ်သွား၍ ဆရာဝန်ခေါ်ရန် လုပ်နေတုန်းမှာပင် ဆုံးပါးသွားသည်တဲ့။ ကျွန်မတို့က အာဇာနည်နေ့ရောက်တိုင်း သူတို့မောင်နှမ တတွေ မိသားစုနှင့် အတူ လွမ်းသူ့ပန်းခွေ အလေးပြုသည်ကို တီဗီတွင် စောင့်ကြည့်ကြပါသည်။ အမစော်ဘွား ကြီးကို မည်သို့ပင် မေ့နေပါစေ၊ အာဇာနည်ရောက်ပြီဆိုလျှင် သူ့ပုံရိပ်များပြန်ထင်ဟပ်လာစမြဲဖြစ်ပါသည်။

ဗိုလ်ချုပ်ရင်သွေး ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ဒုတိယအကြိမ်မြောက် ဝေဝေဆာဆာ မြင်ရသည်မှာ ပေဖူးလွှာမဂ္ဂဇင်းတွင်ဖြစ်ပါသည်။ အငြိမ်းဗိုလ်ချုပ်အောင်ကြီး ရေးသည့် ဆောင်းပါးများ ပေဖူးလွှာ တွင် လစဉ်နီးပါးပါလာပါသည်။ ဒေါ်ခင်ကြည်အကြောင်း၊ ဒေါါအောင်ဆန်းစုကြည်အကြောင်း စသဖြင့် ဖတ်ရပါ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးရှင်ပြုအကြောင်း ရေးသည့်ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများ ဝေဝေဆာဆာပါလာပါသည်။ အစိမ်းရောင်ဝတ်စုံလေး ဝတ်လျက်၊ စံပယ်ပန်းများစွာပန်ထားသည့် ဓာတ်ပုံ များ ကား  အလွန်လှပပါသည်။ သူကိုးတန်း ဆယ်တန်းတုန်းက ပုံဟု ယူဆရသည့် စန္ဒာမှာ ပါသည့် ပုံထက်ပင် ပို၍လှပပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရေစက်နည်းနည်းပါသည်ထင်ပါ၏။ သူ ထူထောင်လိုသည့် ရွေ့လျားစာကြည့် တိုက်တွင် သွားကူလိုက်ပါဟု ဆရာဦးသော်ကောင်းက ကျွန်မကို ပြောပါသည်။ ကျွန်မလည်း စာကြည့်တိုက်ဖြစ် မြောက်ရေး နိုင်သမျှ ဝင်ကူပေးပါသည်။  သူ့မိခင်အမည်ဖြင့် ထူထောင်ထားသည့် ဖောင်ဒေးရှင်းတွင် သူနာယက ဖြစ်သော်လည်း၊ တကယ်လည်ပတ်ပေးနေသည့် အဖွဲ့သီးသန့်ရှိပါသည်။ ကျွန်မတို့ အလုပ်လုပ်သောအခါ ထိုအဖွဲ့ ဝင် များနှင့်သာ ထိတွေ့ဆက်ဆံရပြီး၊ ဒေါအောင်ဆန်းစုကြည်နှင့် တိုက်ရိုက် မထိတွေ့ရပါ။ စာကြည့်တိုက်ဖွင့်ပွဲ များ သို့ သူလာသည့်အချိန်တွင်လည်း သူ့နားတွင် လူတိုးမပေါက်ပေ။ ခပ်လှမ်းလှမ်းမှ မျှော်ငေးကြည့်ရုံမျှသာ။ ၂၀၁၈ နှစ်စတွင် ရွေ့လျားစာကြည့်တိုက်အလုပ်မှ ကျွန်မနားလိုက်သဖြင့် စု နှင့်သာမက သူ့လုပ်ငန်းအဖွဲ့နှင့်ပါ မထိတွေ့ရတော့ပေ။

ဦးအောင်ဆန်းဦးကို မူ ၂၀၀၃ တွင် တကြိမ်သာတွေ့ဖူးပါသည်။ ၂၀၀၃ ခုနှစ်၏ လတလတွင် ( လမမှတ်မိ) ဦးအောင်ဆန်းဦးနှင့် သူ့ဇနီး ရန်ကုန်တက္ကသိုလ်သို့လာရောက်ပြီး ငွေလှူဒါန်းကြပါသည်။ ထိုပွဲသို့ ကျွန်မလည်း တက်ရောက်ရပါသည်။ ဦးအောင်ဆန်းဦးသည် စန္ဒာမဂ္ဂဇင်းတွင် မြင်ရသည့် သွယ်လျလျခန္ဓာပိုင်ရှင် မဟုတ် တော့ပါ။ အတန်ငယ်ဖိုင့်နေသော ကိုယ်ထည်ဖြစ်နေပါပြီ။ ဦးစိန်ဝင်း ပခုံးကို ဖက်ထားသည့် ဆံပင်နက်နက်များ ဝဲကျနေသော မျက်နှာချိုချို လူငယ်ပုံလည်းပျောက်ကွယ်နေပေပြီ။ ဆံပင်မရှိ ကတုံးဟုထင်ရလျက်၊ မျက်နှာ တည်တည်ဖြင့် ငြိမ်သက်စွာထိုင်ကာ အခမ်းအနား အစ - အဆုံး စကားတလုံးပင် မပြောခဲ့ပါ။ ဒေါ်လဲ့လဲ့နွယ်သိန်း က ဦးဆောင်ပြောဆိုပြီး လှူငွေများကိုလည်း ဒေါ်လဲ့လဲ့နွယ်သိန်းပင် ပေးအပ်ပါသည်။

ကျွန်မနှင့် တွေ့ဆုံရသည့် နောက်ထပ် အာဇာနည်မျိုးဆက်တဦးကား၊ ဦးရာဇတ်၏ သားကြီး ဦးတင်မြင့် ဖြစ် ပါ သည်။ ကျွန်မပင်စင်ယူပြီးနောက် ၂၀၁၈ တွင်မမျှော်လင့်ဘဲ၊ ဦးတင်မြင့်က တွေ့ချင်သည် ဆိုသဖြင့် ရန်ကုန် တက္ကသိုလ်စာကြည့်တိုက် ဧည့်ခန်းတွင် တွေ့ဆုံကြပါသည်။ ကျွန်မက ဦးတင်မြင့်ကို တခါမျှ မမြင်ဖူး၊ မသိကျွမ်းခဲ့ ဖူးပါ။ ဆက်စပ်ပေးသူက ဒေါက်တာလှိုင်လှိုင်ကြီး။ ဦးတင်မြင့်က ကျွန်မတို့ တည်းဖြတ်ပေးသည့် “ ဆရာကြီး ဦး သော်ကောင်း အသက် ၈၀ ပြည့် မွေးနေ့ “ စာအုပ်ကို သဘောကျသည်။ သူလည်း ၂၀၁၉ စက်တင်ဘာတွင် ( ၈၀) ပြည့်မည်ဖြစ်၍ သူ့ဘဝဖြတ်သန်းမှု အမှတ်တရအဖြစ် စာအုပ်ထုတ်လိုသည်။ စာမူများကို တည်းဖြတ်ပေးပါ ဟု ဆိုပါသည်။

ဦးတင်မြင့်အကြောင်း ဝိုင်းဝန်းရေးသားသူများက သူ့လုပ်ဖော်ကိုင်ဖက်များ၊ သူနှင့် ရင်းနှီးသူများဖြစ်၍ စာအရေးအသား မချောမွေ့သူကများပါသည်။ သို့သော် ကျွန်မ စိတ်ရှည်လက်ရှည် ပြင်ဆင်တည်းဖြတ် ပေးပါ သည်။ စာမူများကို ဖတ်ရင်း ဦးတင်မြင့်အကြောင်း သိလာရသကဲ့သို့၊ စာမူကိစ္စဖြင့် ဆက်သွယ်စကားပြောရင်း ဦးတင်မြင့် စရိုက်တချို့ကို သိလာပါသည်။ ဦးတင်မြင့်က အလုပ်နှင့် ပတ်သက်လျှင် အသေးစိတ်သည်။ တနည်း အားဖြင့် ချေးထူသည်။ သူ့စာအုပ်အမည်ကို သူကလည်း နှစ်မျိုးခန့်ပေးသည်။ ကျွန်မကိုလည်း ပေးခိုင်းသည်။ သူနှင့် ကျွန်မ ပေးထားသည့် စာအုပ်အမည် ငါးမျိုးခန့်ဖြစ်နေသည့်ထဲမှ တခုရွေးရမည်။ ကျွန်မရွေးပေးသည့် တခုကို အတည်ပြုရမည့်သူက ဒေါက်တာညီညီ။ ဒေါက်တာညီညီကို ကျွန်မကောင်းစွာသိပါသည်။ ကျွန်မတို့အ ထက်တန်း ကျောင်းသူဘဝတုန်းက ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး။ သည့်မတိုင်မီက ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ နာမည်ကြီးဆရာ။

ဦးတင်မြင့်ရေးသည့်ဆောင်းပါးတွင် သူ့ဖခင် ဦးရာဇတ်ပြီးလျင် သူ၏ ဒုတိယဖခင်ကား ဒေါက်တာညီညီ။ ဤတွင် ဦးတင်မြင့်နှင့် ကျွန်မတို့ဆရာ ဦးသော်ကောင်းတို့၌ တူညီမှုတခုရှိကြောင်း သိလာရပါသည်။ ဆရာဦးသော် ကောင်းသည် ဆရာဇော်ဂျီကို သူ၏ ဒုတိယဖခင်အဖြစ် ယခုထိ ရိုကျိုးလေးမြတ်သူဖြစ်သည်။ ဦးတင်မြင့်လည်း ထိုနည်းတူ ဒေါက်တာညီညီကို ရိုကျိုးအလေးထားကြောင်း သိလာရပါသည်။ ထိုကြောင့် ဒေါက်တာညီညီရွေးပေး သည့် “ ဦးတင်မြင့်၏ ပုံရိပ်များ” ကို သူ့ အသက် ၈၀ ပြည့် အထိမ်းအမှတ်စာအုပ်အဖြစ်သုံးခဲ့ပါသည်။ ကျွန်မရွေး ပေး သည့် “ ဦးတင်မြင့်၏ ဘဝပုံရိပ်များ” ကို ပယ်ချခဲ့ပါသည်။

ဦးတင်မြင့်သည် အပေါင်းအသင်းယောင်းရင်းများနှင့်ပတ်သက်၍ မာနမရှိသော်လည်း၊ တိုင်းပြည်နှင့်လူမျိုး နှင့် ပတ်သက်လာလျှင်မာနရှိသည်။ သူတာဝန်ထမ်းဆောင်ခဲ့ရသည့် နေရာများတွင် လာဘ်လာဘ မယူရုံမက၊ အိတ်စိုက်ရသည့်အခါများရှိ၍ ဇနီးက အိမ်စရိတ်ကို တဘက်တလမ်းမှ ကူညီပေးရုံသာမက။ ဇနီးနှင့်သားများက ဦးတင်မြင့် ကိုင်တွယ်ရသည့် ဝန်ထမ်းသက်သာချောင်ချိရေး လုပ်ငန်း အောင်မြင်စေရန် ဝိုင်းဝန်းပံ့ပိုးကြပုံများကို သူ့အကြောင်းဆောင်းပါးများ တည်းဖြတ်ရင်းသိလာရပါသည်။

ဦးတင်မြင့်တို့၏ မိခင်ဘက်မှ အဘွားသည် မြန်မာဗုဒ္ဓဘာသာဖြစ်၍ သူတို့သည် အစ္စလန်ဘာသာဝင်များ ဖြစ်သော်လည်း၊ ဘာသာစွဲ မပြင်းထန်ပါ။ သောကြာနေ့ ဗလီတက်လျှင် ဦးတင်မြင့်က ပုဆိုးနှင့် တိုက်ပုံဝတ်ပြီး တက်ပါသည်။ သူ့သားအကြီး၏ ဇနီးက ခရစ်ယာန်ဘာသာဝင်ဖြစ်၏။ ချွေးမကိုလည်း သမီးသဖွယ်ဆက်ဆံ သည်ကို တွေ့ရပါသည်။ ဦးတင်မြင့်တွင် အပြင်းထန်ဆုံးကား ဖခင်၏ အာဇာနည်ဂုဏ်ကို ထိန်းသိမ်းစောင့် ရှောက်ရမည်ဆိုသည့် စိတ်ဖြစ်ပါသည်။ ထိုစိတ်ဖြင့် ရှင်သန်နေထိုင်ကြောင်း သိမြင်လာပြီး၊ အချိန်တိုအတွင်း ခင်မင်ရင်းနှီးသွားပါသည်။

၂၀၁၉ စက်တင်ဘာ ၂ ရက်နေ့ မွေးနေ့အမှီ ဦးတင်မြင့်၏ ပုံရိပ်များစာအုပ်ထုတ်ဝေနိုင်ခဲ့ပါသည်။ ထို့နောက် ဦးတင်မြင့်နှင့်ကျွန်မ အဆက်အသွယ် မရှိတော့ပါ။ ၂၀၂၁ နှစ်ကုန်ခါနီးတွင် သူ့ဆီက ဖုန်းလာပါသည်။ သူ စာအုပ်တအုပ်ထပ်ရေးနေသည်။ တည်းဖြတ်ပေးပါတဲ့။ မကြာမီသူရေးထားသော စာများကို စာစီစာရိုက်ပေးနေသည့် ဇော်ဇော်ထံမှ အပိုင်းလိုက် ကျွန်မ အီးမေးလ်ထဲဝင်လာပါသည်။ ကျွန်မက ပြင်ပြီး ပြန်ပို့လိုက်။ ဦးတင်မြင့်က ထပ်ရေးပြီးပြန်ပို့လိုက်။ ကျွန်မက ထပ်မံတည်းဖြတ်လိုက်ဖြင့် သူ့အသက် ၈၀ မွေးနေ့စာအုပ်တုန်းက ကဲ့သို့ပင် အကြိမ်ကြိမ် အီးမေးလ်များ တဘက်နှင့်တဘက်ပို့ကြရပါသည်။ နောက်ဆုံးကား စာအုပ်ခေါင်းစဉ်ရွေးရန်။ သည်တကြိမ်တွင်မူ ဒေါက်တာညီညီ ကွယ်လွန်ပြီဖြစ်၍ ကျွန်မရွေးပေးသော ခေါင်းစဉ် ၃ ခုထဲမှ တခုကို ဦးတင်မြင့် ယူပါသည်။

ကျွန်မဘက်က တည်းဖြတ်မှုပြီးလျှင် မြန်နိုင်သမျှ မြန်မြန် စာအုပ်ထွက်မည်ဆိုသော်လည်း ၂၀၂၂ မတ်လ ကုန်သည့်တိုင် စာအုပ်ထွက်မလာပါ။ စာအုပ်၏ အဓိကအကြောင်းမှာ မြန်မာ့ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ဦးတင်မြင့် စွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့ပုံများ၊ ကြုံတွေ့ရသည့် အဖြစ်အပျက်များဖြစ်၍ ယနေ့ကာလ နှင့် ချိန်ထိုးကာ၊ သည်စာအုပ်ထွက်လာပါက တုန့်ပြန်လာနိုင်သည့် ဂယက်များကို ကျွန်မတွက်ဆနေပါသည်။

မေလတွင် ကျွန်မ ဦးတင်မြင့်ကို ဖုန်းဆက်ပါသည်။ ဦးတင်မြင့်နေကောင်းလားဟု နှုတ်ဆက်ရင်း စာအုပ် အကြောင်း မေးမြန်းပါသည်။

“ ကျွန်တော့်သားက အဖေ့စာအုပ်က အဖေ့ခံစားချက်တွေ ပြောတာများနေတယ်။ ခဏထားအုံးဆိုလို့ပါ။ နေကောင်းပါတယ်” ဟု ပြန်ဖြေပါသည်။ ကျွန်မလည်း စိတ်သက်သာရာရသွားပါသည်။

( ၂၁.၇.၂၀၂၂) မနက် ကျွန်မဖေ့စ်ဘုတ်ဖွင့်လိုက်ချိန်တွင် ဦးမြင့်သူ တင်ထားသည့် “ ဦးတင်မြင့် ယနေ့ မနက် ဆုံး ပြီ” ဆိုသည့် ပို့စ်တက်လာပါသည်။ မေတုန်းကတောင် နေကောင်းတယ်ပြန်ဖြေခဲ့သူ၊ ဘာဖြစ်လေသလဲ ဟူသောအတွေးများဝင်လာပါသည်။ ညဘက်ရောက်မှ ဦးတင်မြင့်ဇနီး ဒေါ်ရှယ်လီ ထံဖုန်းဆက်ရပါသည်။ ရုတ်တ ရက် သတိမေ့သွားသည်။ ICU ထဲရောက်သွားသည်။ သတိပြန်လည်မလာဘဲ ဆုံးပါးသွားသည်ဟု သိလိုက်ရပါသည်။

တိုင်းပြည်နှင့်လူမျိုးကို ကောင်းစားတိုးတက်စေချင်သည့် အာဇာနည်မျိုးဆက်တဦးဆုံးပါးရပြန်ပါပြီ။ ဦးတင်မြင့် မချိတင်ကဲဖြစ်သည့် အချက်တချက်ကို ကျွန်မပြန်သတိရလာပါသည်။ “ကျွန်တော်တို့ လူမျိုးဟာ မနာလိုဝန်တိုစိတ်ကြီးတယ်။ တိုးတက်သင့်သလောက် မတိုးတက်တာ အဲဒီအချက်လဲပါတယ် “ တဲ့။

ခင်နှင်းဦး