【ဆောင်းပါး】မနက်ခင်းများ(၂)

【ဆောင်းပါး】မနက်ခင်းများ(၂)

လူတစ်ယောက်၏မနက်ခင်းကို သရုပ်ခွဲကြည့်ပါက အကြမ်းဖျင်းအားဖြင့် နှစ်မျိုးတွေ့ရမည်ဖြစ်သည်။ တ မျိုးက အလုပ်လုပ်ရန် ပြင်ဆင်နေခြင်းနှင့် အိပ်ယာထဲ အပျင်းထူနေခြင်းပင် ဖြစ်သည်။  မနက်ခင်းဖြတ်သန်းမှု ကို ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်လိုပုံစံမျိုးဖြစ်ဖြစ် ဖော်ပြသည်ဖြစ်စေ ထိုနှစ်မျိုးထဲမှ လွတ်မည်မဟုတ်ပေ။ မနက်ဆိုတာ အာရုဏ်ဦးကို ကြိုဆိုခြင်းဟု အနက်ဖွင့်သူတွေရှိကြသည်။ သို့သော် ညဘက်လုပ်ကိုင်ရသည့် အလုပ်သမားတွေ၊ ညစောင့်တွေ၊ ညမှာပျော်ရသည့် ပြည်တန်ဆာတွေအတွက် မနက်ဆိုတာ အိပ်ရာဝင်သည့် အချိန် ဖြစ်ပေသည်။

            ဒီလိုဆို ခင်ဗျားရဲ့ မနက်ခင်းရော ဘယ်လိုဖြတ်သန်းကြလဲဆိုတာ တွေးမိမည်ဖြစ်သည်။ ကျနော်အတွက် မနက်ဆိုတာ တခုတ်တရဖြတ်သန်းရလောက်အောင် သီးသန့်မဖြစ်ခဲ့။ မနက်ခင်းကို ဆင်းရဲ နွမ်းပါးသည့် သူတွေ၏ မနက်ခင်းအတိုင်း အင်အားလျော့ကာဒယီးဒယိုင်နှင့် နိုးထလာ၊ လုပ်ငန်းခွင်ဝင်ဖို့သုတ်သုတ် ပျာပျာပြင်ဆင်၊ဘတ်စ် ကား မှတ်တိုင်ကို သုတ်သုတ်လျှောက်၊ မိုးရွာသည်ဆို ထီးကို မစိုအောင်ဆောင်း၊ နှင်းကျသည်ဆို အနွေးထည် အ စား ရှပ်အင်္ကျီလက်ရှည်ကို လက်ထိချဝတ်ကာ နွေးအောင် ခပ်သုတ်သုတ်လျှောက် ဒီလိုနှင့် ဥတုသုံးလီ မနက်ခင်း ဆိုတာ ဘယ်လိုမှန်းတောင်မသိ။ အဲဒီမနက်ခင်းမှာ ကောင်းကင်က ပြာသလား၊နီသလား၊ညို သလား၊မှောင်သ လား၊ လင်းသလား ရွှေရောင်တောက်နေသလားပင် မသိ။ ဒီလိုနှင့် မနက်ခင်းပေါင်းများစွာ ကျနော် ဖြတ်သန်းခဲ့ သည်။     

            ကျနော် ပထမဆုံးမြင်ခဲ့ရသည့် မနက်ခင်းသည် ဇာတိမြို့လေးမှာဖြစ်သည်။ ကျနော်ဇာတိမြို့လေးသည် တောင်ခြေတစ်ခုတွင်ရှိသည်။သို့သော် ရှမ်းပြည်နယ်တွေ၊ ဟိုးအထက်ဘက်တွေကမဟုတ်။ ပဲခူးဘက်ကပဲဖြစ် သည်။ ယခင်က ရွာအနီးတွင် သစ်ပင်တွေ အုပ်ဆိုင်းနေသော တောအုပ်တွေရှိသည်ဟုဆိုသည်။ ဒါတွေက ကျနော် မမွေးခင်ကဖြစ်သည်။ သို့သော်  ကျနော် သိတတ်စအရွယ် မူလတန်းကျောင်းတက်သည့်အချိန်တွင် သစ်ထုတ် လမ်း တွေက တောရှိရာတောင်ပေါ်တွင် လက်ယက်ထိုးသလို ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် တောကိုကြည့်ချင်ပါ က ဖေ့စ်ဘုတ်ခေါ် နေရာတွင် ကြည့်မှရသည်။  တောစစ်စစ်မရှိတော့။ဒီတော့ မြေတောင်ကြီးအောက်က ရွာမှာ နေသော ကျနော်ငယ်ဘ၀သည် ဖုန်တွေ၊ မြေမှုန်တွေနှင့် နွေဆို ခြောက်သွေ့အက်ကွဲနေသည့် ချောင်းတွေထဲ ရွာထိပ်ဟုခေါ်သည့် မန်ကျဉ်းပင်အိုအောက် ကစားရင်းသာ အချိန်ကုန်ရသည်။ ဒီတော့ မနက်ခင်းဆိုသည်မှာ သစ်တင်ကားကြီးတွေ ရိုးမပေါ်တက်သွားသည့်အသံတွေ၊နောက် အရွယ်ရောက်လာသည်အခါ မြေသယ်ကားတွေ အသံသာဖြစ်သည်။ ဆိုရလျှင် မနက်စောစော မြင်ကွင်းဆိုသည်မှာ  ဖုန်မှုန်တွေ ပြည့်နေသည့် ကောင်းကင်သာ ဖြစ်သည်။

            ထို့ကြောင့် မနက်ခင်းဆိုသည်မှာ ကျနော်တို့ဘက်တွင် ဖုန်ထူသော မနက်ခင်းသာဖြစ်သည်။ စိတ်ဝင်စား စရာ မကောင်းလှပေ။ တောရိပ်တောင်ရိပ်ရှိရာအရပ်တွင် မွေးသည်မှန်သော်လည်း တောအရသာ တကယ်ကို မခံစားရပေ။ဒီတော့ မနက်ဆိုလျှင် ငယ်စဉ်က အမေ လာမနိုးမချင်း ပေကပ်အိပ်ပြီး လာနိုးသည့်အခါလည်း ရသ လောက် ကုပ်ကပ်ပြီး မှိန်းလေ့ရှိသည်။ မည်မျှ အအိပ်မက်သလဲဆို မနက်ကျောင်းမသွားခင် အိမ်သာတက်ရ သည့် အခါ အိမ်သာထဲတွင် အိပ်သည်အထိ ဖြစ်သည်။ ထို့သို့သော အကြောင်းတရားကြောင့် မနက်ဆိုတာ ခံစားရသည့် အရသာတမျိုးဆိုတာ နားမလည်ခဲ့ခြင်း ဖြစ်သည်။

            အစောက ပြောခဲ့သည့် မနက်ခင်းတစ်ခုကို ဇာတိမြိုမှာနေစဉ်က တွေ့ရသည်မှာ  မိုးအကုန် ဆောင်းအကူး  ကာလတွင် ဖြစ်သည်။ ထို့နေ့က ဘာကြောင့်မှန်းမသိ စောစောနိုးနေသည်။ အမေက ကန်ဘောင်ဘေးရှိ ကသစ်ပင် မှ အရွက်နုလေးများ ဟင်းညှိခတ်ရန် ခူးခိုင်းထားသဖြင့် နိုးနေပြီး ပြန်အိပ်မရမယ့်အတူတူ လျှောက်သွားရင်း နှင်းမိုး ထဲ လှလိုက်သည့် မနက်ခင်းကို ကြုံရခြင်းဖြစ်သည်။ တကယ်က နှင်းမိုးဟု ကျနော်က တင်စားခေါ်ဝေါ် သော် လည်း နှင်းမိုးကျခြင်းမဟုတ်။ မနက်စောစောမို့ မိုးဖွဲ့နှင့်‌ ဆီးနှင်းပေါင်းကာ နေအတက်တွင် မြူများ ခပ်ပြည့်ပြည့် ဆိုင်း နေခြင်းဖြစ်သည်။သို့သော် ယခုထိ ကျနော် ထိုမနက်ခင်းကို မျက်စိထဲ ခဏခဏမြင်သည်။ ဇာတိကိုလွမ်း သည့် အခါ  အိပ်မက်ထဲ ထိုမနက်ခင်းက အမြဲပါလေ့ရှိသည်။

                                                             (၂)

            ရန်ကုန်တွင် မနက်ခင်းက တစ်နေရာနှင့် တစ်နေရာမတူ။ မြို့စွန်ဘက်က မနက်ခင်းမှာ နယ်နှင့်တူသည်။ ထင်းမီးခိုးများနှင့် လေထုထဲ ဝေ့ကာ အကြော်နံ၊အလှော်နံတွေရသည်။ လမ်းဘေး တဲအချို့နှင့် ထိုင်လို့ရသည့် နေရာများတွင် နေပူဆာ လှုံရင်းဆေးလိပ်ဖွာသူတွေကို တွေ့နိုင်သည်။ တချို့ကတော့ အသုတ်လေး၊ အကြော်လေး ဝယ်ပြီး အိမ်သို့ ပြန်ကြတာ ရှိသည်။ တချို့ကတော့ ထမင်းချိုင်လေးဆွဲကာ ဘတ်စ်ကားမှတ်တိုင်မှာ။ အချိန်က ငါးနာရီသာသာ။

            ရန်ကုန်မြို့ထဲက မြို့နယ်များကတော့ စျေးသည်ကလွဲပြီး မနက်ခင်းက တိတ်ဆိတ်သည်။ ဘယ်သူမှ အားအားယားယား လေ့ကျင့်ခန်းလုပ်သည် လမ်းလျှောက်သည်ကိုလည်း မတွေ့။မြို့စွန်ကလူတွေ မြို့ထဲဝင်လာ သည့်‌ ခုနှစ်နာရီခွဲ ရှစ်နာရီကျော်မှသာ မြို့ထဲက စည်လာသည်။ ထိုအခါ လဘက်ရည်ဆိုင်မှာ စီးကရက် ဖွာရင်း သက်သပ်ရပ်ရပ်ဂေါ်ရေးပြေနေသည့် ရုံးလုလင်တို့ကိုတွေ့ရမည်။ သို့သော်  မနက်ခင်းထက် မနက်ခင်းမှာ လာသည့် ဆိုင်သူတွေကိုသာ စောင့်ကြသည်။

            အညာ၏မနက်ခင်းကကော မေးစရာရှိသည်။ မီးခိုးငွေ့တွေနှင့် အထုပ်ပိုးတွေနှင့်။ ရန်ကုန်မှာ အရင်တုန်း က ကြုံရသည့် မီးလောင်သည့် ရပ်ကွက်များ၏ မနက်ခင်းလို မီးခိုးငွေ့တွေကြားမှာ ဖျာတွေက ရေတွေ နှင်းတွေ စိုရွဲလို့။

            မနက်ခင်းသည် နေ့တစ်ခု၏ အစပြုရာဆိုပါက အညာ၏မနက်ခင်းသည် နေထွက်စမှာပင် မီးခိုးတွေနှင့် ပိန်းပိတ်နေအောင် မှောင်နေသလိုမျိုးခံစားရမိမည် ဖြစ်သည်။ သို့သော် အမြဲတစေတော့ မီးခိုးမဖုံးနိုင်။ အလင်း ကတော့ ပေါက်လာမည်ဖြစ်သည်။ ကမ္ဘာ့ပေါ်မှ ပေါ်ထွက်လာသည့် မည်သည့် တန်ခိုးရှင်ကမျှ အလင်းရောင်ကို ဖုံးထားလို့ ရသည်မျိုးမကြားခဲ့။ အစဉ်အလာလဲ မရှိခဲ့။ 

လင်းနိုင်ကျော်စိုး