【ဆောင်းပါး】သံဝေဂ

【ဆောင်းပါး】သံဝေဂ

သံဝေဂဆိုတာထိတ်လန့်ခြင်းပါ။ သံသရာဘေးကိုထိတ်လန့်ခြင်းပါ။  မှားကြောင်းသိ၍သတိတရား ရခြင်းပါ။ အသိဉာဏ်နှင့်ယှဉ်သောထိတ်လန့်ခြင်းပါ။

လေးငါးရက်ခန့်သွေးဆက်တိုက်တိုးနေလို့ ဘာမှမလုပ်နိုင်မကိုင်နိုင်ဘဲ ရောဂါနှင့်နပမ်းလုံးနေခဲ့ ရသည်။ ဘယ်အချိန်လေဖြတ်သွားမလဲ ဘယ်အချိန်ဦးနှောက်သွေးကြောပြတ်သွားမလဲ သောကတွေ တစ်ပွေ့တစ်ပိုက် နှင့်တထိတ်ထိတ်တလန့်လန့်ဖြစ်နေခဲ့ရသည်။

ငါအချိန်မရွေးသေသွားနိုင်တာပါလားလို့ အတွေးတွေဆက်တိုက်ဝင်လာသည်။ သေရမှာထက် ရောဂါဝေဒနာခံစားနေရတာကို ပိုကြောက်မိသည်။ သည်ဝေဒနာခံစားရမယ့်အစား သေသွားတာပို ကောင်းမလားဆိုသောအတွေးဝင်လာသော်လည်း သေပြီးရင်ဘယ်ဘဝရောက်မှာလဲ မကျွတ်မလွတ်နဲ့ တိုးလိုးတန်းလန်းဖြစ်နေရင်ကောဆိုပြီးအတွေးတွေကတစ်ခုပြီးတစ်ခုလာနှောင့်ယှက်ပြန်သည်။

နောက်ဆုံးတော့ အတွေးတွေကိုဖြတ်တောက်ပြီး ကိုယ်နိုင်တာလေးကိုယ်ဆင်ခြင်တော့မယ်လို့ ဆုံးဖြတ်ပြီး ဝင်လေထွက်လေမှတ်နေလိုက်သည်။ အတွေးမျိုးစုံဝင်လာသေးသော်လည်း ဝင်လေထွက်လေမှတ်တာကိုတော့ မပြတ်စေရအောင် သတိထားနေလိုက်သည်။

ယခင်က အဆုတ်နာရောဂါအကြီးအကျယ်ဖြစ်ဖူးသည်။ လူကအရိုးပေါ်အရေသာတင်ကျန်ရစ်သည်။ ကံမကုန်သေး၍သာ အသက်မသေခဲ့တာပါ။ ထိုစဉ်ကတော့ ငယ်ရွယ်နုပျိုဆဲမို့ထင်ပါသည် ယခုကဲ့သို့ သံဝေဂမရခဲ့ပါ။

ယခုကတော့ သားသမီးများလိမ္မာလို့ စားဝတ်နေရေးအတွက် သောကမရောက်ရတာလည်းပါသည်။ တရားနာတာအချိန်စိတ်လာပြီး ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်သုံးသပ်ထားတာတွေလည်း အတော် အထောက်အကူရတာလည်းပါသည်။ အတော်လေးသံဝေဂရမိသည်။ သည်သံဝေဂလေးကို မသေခင် အချိန်တစ်လျှောက်လုံးထိန်းသိမ်းသွားဖို့လည်းသတိကျပ်ကျပ်ထားရပေမည်။

သံဝေဂတရားရဖို့အတော်အရေးကြီးကြောင်းလည်း သတိပြုမိသည်။

ထို့ကြောင့်လည်း မြန်မာလူမျိုးတော်တော်များများက မသာတစ်ခေါက်ကျောင်းဆယ်ခေါက်လို့ ပြောလေ့ရှိခြင်းဖြစ်သည်။ ဘုန်းကြီးကျောင်းကိုဆယ်ခေါက်လောက်သွား၍ ဥပုသ်သီလစောင့်တာ ကုသိုလ်အများကြီးရတာမှန်သော်လည်း သံဝေဂရမရကတော့မသေချာပါ။ နာရေးတစ်ခုကိုလိုက်ပါပို့ ဆောင်သည့်အခါတွင်တော့ အော်မနေ့ကမှအကောင်းကြီး ဒီနေ့သေသွားပါလား။ ငါနဲ့ဟိုတစ်နေ့ကပဲ တွေ့လိုက်သေးတယ် ဒီနေ့မရှိတော့ပါလား။ ငါလည်း သူ့လိုအချိန်မရွေးသေသွားနိုင်ပါလား ဆိုသည့် အတွေးမျိုးဝင်လာလေ့ရှိပါသည်။ ကိုယ့်မိသားစုဝင်သို့မဟုတ် ကိုယ်နှင့်ခင်မင်ရင်းနှီးသောတစ်စုံ တစ်ယောက်ဆိုလျှင် ပို၍သံဝေဂရတတ်ပါသည်။

ဂေါတမမြတ်စွာဘုရားသည် ဘုရားမဖြစ်မီ သိဒ္ဓတ္ထမင်းသားအနေနှင့် ရွှေနန်းသုံးဆောင်းတွင် တစ်ထီးတစ်နန်းစံမြန်းခဲ့ပါသည်။ အရွယ်ရောက်လာသောအခါ မိဘများကယသော်ဓယာမင်းသမီးနှင့် လက်ဆက်ပေးရန်ရည်ရွယ်သည်။ ထိုအခါ ယသော်ဓယာ၏ဘခင်သုပ္ပဗုဒ္ဓမင်းကသဘောမတူခဲ့ပေ။ ထို့ကြောင့် သိဒ္ဓတ္ထမင်းသား၏ဖခင် သုဒ္ဓေါဒနမင်းက သားတော်ကို အဋ္ဌာရသဆယ်ရှစ်ရပ်ပညာများ ထဲမှအခက်ခဲဆုံး လေးအတတ်ကိုအစွမ်းပြစေသည်။ သိဒ္ဓတ္ထမင်းသား၏လေးအစွမ်းကိုတွေ့ပြီးနောက် ယသော်ဓယာ၏ဖခင်လည်း မတတ်သာဘဲ သဘောတူပေးစားလိုက်ရသည်။ ယသော်ဓယာမင်းသမီး နှင့်လက်ထပ်ပြီးနောက် သားတော်ရာဟုလာကိုဖွားမြင်ခဲ့သည်။

သိဒ္ဓတ္ထမင်းသားသည် နတ်စည်းစိမ်နှင့်မခြားသောနန်းသုံးဆောင်တွင် မိသားစုနှင့်အတူ စံစား နေရာမှအသက်နှစ်ဆယ့်ရှစ်နှစ်သို့ရောက်ပြီး ညတစ်ညတွင်ဥယျာဉ်တော်သို့ ထွက်တော်မူသည်။ ထို အခါ တုသိတာနတ်များက သိဒ္ဓတ္ထမင်းသား ကာမဂုဏ်စည်းစိမ်များကြားမှ ထွက်ခွာပြီး တရားကျင့်နိုင်ရန် သတိသံဝေဂရမှဖြစ်မည်မို့ တန်ခိုးဖြင့်ဖန်ဆင်းကာ လူအိုတစ်ယောက်အသွင်ကိုပြသည်။ နောက် လေးလကြာသောအခါ လူနာတစ်ယောက်အသွင်ပြသည်။ နောက်ထပ်လေးလကြာသောအခါ လူသေ တစ်ယောက်အသွင်ပြသည်။ နောက်ဆုံးလေးလကြာသောအခါ ရဟန်းတစ်ပါးအသွင်ကိုပြသည်။

သိဒ္ဓတ္ထမင်းသားလည်း တစ်နေ့အိုရမည် တစ်နေ့နာရမည် တစ်နေ့သေရမည်ကို သတိသံဝေဂ ရသွားပြီး မအို မနာ မသေနိုင်သောတရားထူးတရားမြတ်ရရှိရန် ရဟန်းဘဝခံယူဖို့အတွက် တောထွက်တော်မူခဲ့ပါသည်။

ဒိုင်းနမိုက်ကို တီထွင်ခဲ့သော ဆွီဒင်လူမျိုးဓာတုဗေဒပညာရှင် အဲလ်ဖရက်နိုဗယ်သည် သူ့တီထွင်မှု၏အသုံးဝင်မှု လူသားများကိုအကျိုးပြုမှုတို့ကြောင့်များစွာဝမ်းသာပီတိဖြစ်ခဲ့သည်။ သို့သော်လည်း သူတီထွင်ထားသော ဒိုင်းနမိုက်ကိုအသုံးပြုကာ အဖျက်လုပ်ငန်းများတွင် အသုံးပြုနေသော လူအချို့ကြောင့် စိတ်မကောင်းဖြစ်မိသည်။

၁၉ရာစု၏တစ်ခုသောနံနက်ခင်းမှာတော့ သူသည် သတင်းစာဖတ်ရင်း အံ့သြမှင်သက်နေခဲ့၏။ နာရေးကြော်ငြာမှာ သူ့နာမည်ကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည်။ သတင်းစာကသေသူအမည်ကို လွဲမှားဖော်ပြမိတာဖြစ်သော်လည်း သူကတော့ နာရေးသတင်းခေါင်းစဉ်တွေကိုဖတ်ပြီး အတော်လေး သံဝေဂ ရသွားသည်။

ဒိုင်းနမိုက်ဘုရင်ကြီးကွယ်လွန်ပြီ မရဏပွဲစားကွယ်လွန်ပြီဆိုသည့်စကားလုံးတွေကို မြင်လိုက်ရ လို့ပါပဲ။ သူ့အကိုလုဗစ် သေသွားချိန်မှာ ပြင်သစ်သတင်းစာက သတင်းမှားရပြီး အဲဖရက်နိုဘယ်သေပြီ လို့ မှားယွင်းဖော်ပြခဲ့တာပါ။

အဲဖရက်အတွက် သတင်းဟာအမှားကောင်းတစ်ခုဖြစ်ခဲ့သည်။ သူ့တီထွင်မှုအတွက် သံဝေဂ ဖြစ်ခဲ့ရသည်။

အဲဖရက်သည် သူ့တီထွင်မှုအတွက် ဝမ်းနည်းစွာခံစားရပြီး သည်အတွက်ကမ္ဘာလူထုကိုတစ်ခုခု ပြန်ပေးဆပ်ဖို့ စဉ်းစားလိုက်မိသည်။ ထို့အပြင်ခေတ်အဆက်ဆက် ကမ္ဘာ့သမိုင်းမှာ ဗီလိန်ကြီးတစ်ဦး အဖြစ် မှတ်တမ်းမတင်စေလိုသည့်ဆန္ဒလည်း စိတ်ထဲမှာဖြစ်ပေါ်မိသည်။

ထို့ကြောင့်လည်း သူ့သေတမ်းစာတွင် သူပိုင်ဆိုင်သည့်ငွေများကို ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်သူနှင့်ဓာတုဗေဒ ရူပဗေဒ ဆေးပညာထူးချွန်သူများအတွက် ဆုများချီးမြှင့်ရန်အသုံးပြုစေခဲ့၏။ ၁၉၀၁ ခုနှစ်ကစပြီး ငြိမ်းချမ်းရေး ရူပဗေဒ ဓာတုဗေဒ ဆေးပညာ စာပေ ကဏ္ဍတွေအတွက် နိုဘယ်ဆု ချီးမြှင့်ဖြစ်ခဲ့သည်။ နိုဘယ်ဆုဆိုတာကမ္ဘာပေါ်ကဆုတွေထဲမှာ အကြီးကျယ်ဆုံးပါပဲ။

အခုတော့ သူ့နာမည် ကို နိုဘယ်ဆုနဲ့တွဲပြီး မှတ်မိနေကြပါပြီ။           

နောက်ဆုံးအနေနှင့် အသက်လေးဆယ်အရွယ်မှာ အစာအိမ်ကင်ဆာနှင့်ကွယ်လွန်သွားခဲ့ သော အမေရိကန်နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာအမျိုးသမီး Kirjeda Rodriguez ၏ မကွယ်လွန်မီ နောက်ဆုံးရေးသားခဲ့သော သံဝေဂစာလေးကို ရေးပြပါရစေ။

“လောကမှာ သေခြင်းတရားထက်ပိုတဲ့ အမှန်တရားမရှိပါဘူးရှင်။

လောကမှာ ဈေးအမြင့်ဆုံးဆိုတဲ့ကားတွေ ကျမအိမ်ဂိုဒေါင်ထဲမှာ ရပ်နေကြတယ်။ ဒါပေမယ့် ကျမဝှီးချဲနဲ့သွားနေရပါတယ်။

လောကမှာ အလှဆုံး အဆန်းကျယ်ဆုံး ဒီဇိုင်းအဝတ်အထည်တွေ ကျမဗီဒိုထဲမှာပြည့်နှက်နေပါ တယ်။ ဒါပေမယ့် ကျမဆေးရုံက ပိုးသတ်ထားတဲ့ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပါတယ်။

မြောက်မြားစွာသောငွေတွေ ကျမရဲ့ဘဏ်စာအုပ်ထဲမှာ အိပ်ပျော်နေကြတယ်။ ဒါပေမယ့် တစ်ကျပ်မှ ကျမအတွက်အသုံးမဝင်တော့ပါဘူး။

နန်းတော်ကြီးအလား ခမ်းနားကြီးကျယ်တဲ့အိမ်ကြီးကိုပိုင်ဆိုင်ပေမယ့် ခုတင်အသေးလေး တစ်လုံးပေါ်မှာသာ ကျမအခုလှဲနေပါတယ်။

အလှပဆုံးကြယ်ငါးပွင့်ဟိုတယ်တွေမှာ ကျမခရီးထွက်တိုင်း တည်းခိုခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု ဆေးရုံဓာတ်ခွဲခန်းနဲ့သွေးစစ်ခန်းကြား လူးလာခေါက်တုန့်ခရီးသွားနေရပါတယ်။

တစ်နေ့တစ်နေ့ ကျမဆီက အော်တိုရဖို့ လူထောင်ကျော် တန်းစီတိုးဝှေ့ခဲ့ဖူးပါတယ်။ အခုတော့ ဆရာဝန်ရဲ့လက်မှတ် တစ်ခုသာ ကျမအတွက် အော်တိုဂရပ်ပါ။

ပွဲတွေများလွန်းလို့ တစ်ရက်ထဲ Hair style ခုနှစ်မျိုးလောက် ကျမပြောင်းလဲ အလှပြင်ခဲ့ရပါ တယ်။ ဒါပေမယ့် အခုကျမခေါင်းပေါ်မှာ ဖီးစရာဆံပင် တစ်မျှင်မှ မကျန်တော့ပါ။

အရသာအကောင်းဆုံးဆိုတဲ့ ဟိုတယ်တွေမှာ ကျမစားသောက်ခဲ့ပါတယ်။ အခုဆေးတွေသာ ကျမအတွက် အစာပါ။ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ပျော်ရွှင်စွာ ပျံသန်းနေခဲ့တဲ့ကျမ ဆေးရုံဝရန်တာထွက်ဖို့တောင် လူနှစ်ယောက်ကို အားကိုးနေရပါပြီ။

ကျမ နေ့မအား ညမအားကြိုးစားရှာခဲ့တဲ့ စည်းစိမ်တွေဘာတစ်ခုမှ ကျမကို မကယ်နိုင်ခဲ့ပါဘူး။ ကျမအတွက် အားကိုးရာ မဖြစ်ခဲ့ပါဘူး။

ချစ်ခြင်းမေတ္တာနဲ့ဖေးမပေးတဲ့ မိသားစုဝင်တွေ ဘာမျှော်ကိုးမှုမှမရှိဘဲကျမအတွက် ဆုတောင်း ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေသာ ကျမကို စိတ်ဖြေရာ စိတ်သက်သာရာ အားဆေးတွေပါ။

ဒါကြောင့် ကျန်းမာနေတုန်းမှာ လူတိုင်းအပေါ်မေတ္တာပြပါ။ စေတနာထားပါ။ မိသားစုဝင်တွေကို အချိန်ပေးပါ။ သူငယ်ချင်းကောင်းတွေရှာဖွေပါ။

 

ဘဝဟာ သိပ်ကို တိုတောင်းလွန်းပါတယ်။”

                                                       ရိုက်မောင်း