【ဆောင်းပါး】“ ပါဝါကိုဘယ်လိုတည်ဆောက်ယူမလဲ ”

【ဆောင်းပါး】“ ပါဝါကိုဘယ်လိုတည်ဆောက်ယူမလဲ ”

Power ကိုဩဇာ၊အာဏာဟု အများနားလည်ထားကြပါတယ်။ ပါဝါအယူအဆတစ်ရပ်အရဆိုလျှင် ပါဝါဟူသည်” အများ၏အမူအကျင့် အတွေးအခေါ်များကို ပြောင်းလဲနိုင်စွမ်းရှိသောအရည်အချင်းတစ်ရပ် ”ဖြစ်ပါတယ်။ Power is the capacity to influence on individual or group to behave in ways they would not otherwise.

ပါဝါဟူသည် အရာရာကို အလုပ်ဖြစ်အောင် စွမ်းဆောင်နိုင်သော အရည်အချင်းတစ်ရပ်သာဖြစ်ပြီး၊ အများကို တစ်ဖက်သတ်လွှမ်းမိုးသော အာဏာမဖြစ်သင့်ပါချေ။ ပါဝါသည် အတင်းအကျပ်စေခိုင်းလုပ်ဆောင်စေခြင်း မဟုတ်ဘဲ ဆောင်ရွက်လုပ်ကိုင်မည့်သူတို့ကို တက်ကြွစိတ်ရရှိရန် လှုံ့ဆော်ဆောင်ရွက်စေခြင်းမျိုးသာ ဖြစ်ပါတယ်။ Power is not forcing to do .Power is just inspiring to do. စီးပွားရေးလုပ်ငန်းကို ဦးဆောင်နေတဲ့ မန်နေဂျာများအနေနဲ့ လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးမှာ ကိုယ့်မှာ ဩဇာအာဏာပါဝါရရှိလာအောင် ဘယ်လိုတည်ဆောက်ယူမလဲ၊ ထိရောက်အောင် ဘယ်လို ကျင့်သုံးရမလဲ။ စတာတွေကို လေ့လာထားမယ် လက်တွေ့ကျင့်သုံးမယ်ဆိုရင် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေ၊ အလုပ်တွေကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

မန်နေဂျာဆိုကတည်းက လုပ်ပိုင်ခွင့်အာဏာ ( Authority )အထိုက်အလျောက်ရရှိထားပြီးသား ဖြစ်ပါတယ်။ လုပ်ငန်းတွေပြီးမြောက်ဖို့ တာဝန်ပေးအပ်စေခိုင်းနိုင်ပါတယ်။ လမ်းညွှန်မှုတွေ ပြုလုပ်နိုင်တယ်။ စွမ်းဆောင်ရည်အကဲဖြတ်မှုတွေ ပြုလုပ်နိုင်တယ်။ဆုပေး၊ဒဏ်ပေးစနစ်တွေ ကျင့်သုံးနိုင်တယ်။ ရာထူးတိုး၊လစာတိုးတွေ လုပ်ပေးနိုင်ပါတယ်။ သို့သော်ငြားလည်း မန်နေဂျာတစ်ဦးအနေနဲ့ အခြားနည်းလမ်းတွေသုံးပြီး မိမိရဲ့ပါဝါကို တည်ဆောက်နိုင်ပါသေးတယ်။ ဥပမာအားဖြင့် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေကို ကိုင်ထားနိုင်တာ။ သူတကာ ထက်သာတဲ့ကျွမ်းကျင်မှုတွေရှိတာ၊ Political Power ကိုတည်ဆောက်နိုင်တာ၊ဗျူဟာမြောက် မဟာမိတ်ဖွဲ့ထားနိုင်တာ စတာတွေပဲဖြစ်ပါတယ်။

မန်နေဂျာတစ်ဦးအနေနဲ့ပါဝါကို ကောင်းစွာတည်ဆောက်ထားနိုင်ဖို့လိုအပ်ပါတယ်။ ပါဝါကိုတည်ဆောက် နိုင်တဲ့ နည်းလမ်းများ ( Ways to build power )လည်းရှိပါတယ်။

(၁)ပေါင်းသင်းဆက်ဆံမှုပါဝါ ( Association Power )

( ၂ )ကျွမ်းကျင်မှုပါဝါ (Expertise  Power )

(၃) သတင်းအချက်အလက်အခွင့်အလမ်းပါဝါ (Access to information)

(၄)ဩဇာတိက္ကမပြည့်စုံခြင်း (Charisma)

(၅)မဲဆွယ်ခြင်း( Politicking)နှင့်၊

(၆) အထင်အမြင် စီမံခန့်ခွဲမှု (Impression Management) ဆိုပြီး ပါဝါကိုတည်ဆောက်နိုင်တဲ့ နည်းလမ်း ခြောက်မျိုးရှိပါတယ်။

Association Power ဆိုတာကတော့ ပေါင်းသင်းဆက်ဆံရေးနည်းလမ်းနဲ့ ပါဝါကိုတည်ဆောက်တာပါ။ ဆက်သွယ်ရေးဆက်ဆံရေးညံ့ဖျင်းတာလောက်ဆိုးတာ မရှိပါ။ အခြားသူများကိုချိုးနှိမ်ခြင်း၊ငြင်းခုံခြင်း၊နှိမ့်ချခြင်း၊’ ငါသာအကြီးအကဲ ငါ့စကားနားထောင် ’ ‘ မင်းကငါ့လက်အောက်က ဝန်ထမ်း ’ဆိုသော သဘောမျိုးဖြင့် ဆက်ဆံခြင်းမျိုးသည် ဆိုးသောဆက်ဆံရေးဖြစ်သည်။

ယခုအခါတွင်လူအများသည် စီးပွားရေးလောက၌ရော အခြားနေရာများ၌ပါ ဆက်သွယ်ရေး၊ဆက်ဆံရေး ကောင်းမွန်ရန် အဘယ်မျှအရေးကြီးကြောင်းကို ကောင်းမွန်စွာ နားလည်လာကြပြီး ဖြစ်ပါတယ်။ နာမည်ကျော် ဂျေပီမော်ဂင် ကုမ္ပဏီဥက္ကဋ္ဌဒေါက်ဂလက်စ်ဝါနာက သူ့ဘဏ်၌ တိုက်ရိုက်ဆက်သွယ်ရေး ဆက်ဆံရေးနည်းကို ကျင့်သုံးပါတယ်။

“ ကိုယ်ကနေရာအနှံ့လျှောက်သွားတယ်။ အခန်းတိုင်းကိုအကုန်ဝင်တယ်။ အောက်ဆင်းပြီး တချို့လူတွေကို တွေ့တယ်။ ရုံးခန်းထဲကနေအပြင်ထွက်ပြီး အခြားနေရာတွေကို လိုက်ကြည့်တယ်။ လူတိုင်းကို တို့ဆီလာ မတွေ့ခိုင်းဘူး” ဟုဆိုပါတယ်။တစ်ပတ်လျှင် ဘဏ်ထိပ်တန်းပုဂ္ဂိုလ် ၃၀ ခန့်နှင့် ကော်ဖီအတူသောက်ကြသည်ဟု သိရပါတယ်။ အောင်မြင်သောထိပ်တန်း ခေါင်းဆောင် ကိုးဆယ်ရာခိုင်နှုန်းကျော်က ယခုလို ထောက်ပြပါတယ်။

“ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး ရင်းနှီးမှုရယူတာဟာ အင်မတန်မှ အဖိုးတန်အကျိုးရှိပြီး ပါဝါတည်ဆောက်မှုကို ထိရောက်စေတယ်။”

လုပ်ငန်းအဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အခန်းကဏ္ဍဟာအလွန်အရေးကြီးပါတယ်။ ဥပမာ အားဖြင့် ကွန်ပျူတာပညာရှင်၊ဈေးကွက်ကျွမ်းကျင်သူ၊ အရောင်းမန်နေဂျာ၊ အခွန်အခကျွမ်းကျင်သူ။ စာရင်းအင်း ကျွမ်းကျင်သူ၊ ဥပဒေပညာရှင် စသူများဖြစ်ပါတယ်။ ပါဝါရှိကြသူများဖြစ်ပါတယ်။မိမိလုပ်ဆောင်ရတဲ့ နယ်ပယ်မှာ ကျွမ်းကျင်နိုင်နင်းရင်ပါဝါရှိလာမှာဖြစ်ပါတယ်။ကျွမ်းကျင်သူများနဲ့ ပြေလည်ရင်သော်မှ ထိုက်သင့်တဲ့ ပါဝါရှိလာ မှာဖြစ်ပါတယ်။အခြားဝန်ထမ်းများနှင့်ဖြစ်စေ၊ကျွမ်းကျင်သူများနှင့်ဖြစ်စေပေါင်းသင်းဆက်ဆံရေးကောင်းမွန်လျှင် မိမိတို့ရဲ့ ပါဝါကို တည်ဆောက်နိုင်မှာဖြစ်ပြီး၊ ထိပ်တန်းရာထူးကြီးကြီး ပုဂ္ဂိုလ်များရဲ့လေးစားမှု ရင်းနှီးမှုကို ရခဲ့ရင်တော့ကုမ္ပဏီမှာ မျက်နှာပွင့်ပြီး လွှမ်းမိုးနိုင်စွမ်း ပိုမိုမြင့်တက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

မိမိမှာ သတင်းအချက်အလက်တွေရှိပြီး အခြားသူတွေလိုအပ်လာတဲ့အခါမှာ မိမိမှာ ပါဝါရှိလာပါတယ်။

                        Access to information is Power.

အခြားသူများက မိမိကို လေးစားကြည်ညိုမယ်၊အသိအမှတ်ပြုလာတယ်ဆိုရင် မိမိမှာ ပါဝါရှိလာတာဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ပါဝါရှိချင်ရင် အများရဲ့လေးစားမှု အသိအမှတ်ပြုမှုရရှိအောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ သံလိုက်က သံကိုဆွဲဆောင်နိုင်သလို ခေါင်းဆောင်သည် နောက်လိုက်ငယ်သားများကို ဆွဲဆောင်နိုင်ပါတယ်။ ဩဇာတိက္ကမရှိသူသည် အခြားသူများကို ဆွဲဆောင်နိုင်ကြပါတယ်။ ဩဇာတိက္ကမသည် နှစ်လိုမှု၊ယုံကြည် လေးစားမှု၊ စိတ်အားထက်သန်မှုတို့မှ ရရှိလာတာဖြစ်ပါတယ်။ ဩဇာတိက္ကမရှိသူများ၏ အပြုအမူများ၊ ဆောင်ရွက်ချက်များ၊ မိန့်ခွန်းများကို လေ့လာပြီး ဩဇာတိက္ကမရှိလာအောင် လေ့ကျင့်အားထုတ်နိုင်ပါတယ်။ အများရဲ့ ကြည်ညိုလေးစားမှုရရှိမှသာ ဩဇာတိက္ကမရှိလာမှာဖြစ်ပါတယ်။

မိမိမှာဘယ်လောက် အရည်အချင်းရှိရှိ၊ ဘယ်လောက်ပင်ကြိုးစားကြိုးစား အခါခပ်သိမ်း အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ပါ။မဟာဗျူဟာတွေနည်းဗျူဟာသစ်တွေနဲ့ တီထွင်ဆန်းသစ် အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ရလဒ်ကောင်းတွေထွက်လာဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ရပါမယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကနေ ရလဒ်ကောင်းတွေရရှိလာအောင် ဆောင်ရွက်နိုင်တယ်ဆိုရင် ဒီဟာမဲဆွယ်ပြီးသားဖြစ်သွားပါပြီ။ သင့်ဆီကို အခြေအနေကောင်းတွေ၊ပါဝါတွေ အလိုလိုရောက်ရှိလာမှာဖြစ်ပါတယ်။

ပါဝါရရှိစေနိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့ အထင်အမြင်စီမံခန့်ခွဲမှု Impression Management ဖြစ်ပါတယ်။ မိမိထင်မြင်ယူဆစေချင်သလို ဖြစ်လာအောင် ပုံဖော်ဆောင်ရွက်တာဖြစ်ပါတယ်။ အခြားသူတွေက မိမိကိုဘယ်လိုမြင်လဲ၊ ဘယ်လိုဆုံးဖြတ်သုံးသပ်ကြသလဲဆိုတာတွေ အပေါ်မှာ လွှမ်းမိုးသက်ရောက်မှု ရှိအောင်ဆောင်ရွက်တာဖြစ်ပါတယ်။

ပါဝါရဲ့ အရင်းအမြစ်ငါးမျိုးရှိပါတယ်။ အခြေခံပါဝါလို့ဆိုနိုင်ပါတယ်။ အဲဒီအခြေခံအရင်းအမြစ်များမှာ ပါဝါရလာသူများရဲ့ ဆောင်ရွက်ချက်များကို ကတိစကား ( Commitment )၊လိုက်နာဖြည့်ဆည်းဆောင်ရွက်မှု ( Compliance )နှင့် ခုခံငြင်းဆိုမှုဟူသော Resistance တို့နှင့် တိုင်းတာကြလေ့ရှိပါတယ်။ ပါဝါအရင်းအမြစ်အမျိုးမျိုးမှ ထင်ရှားတဲ့ ငါးခုကတော့

(၁)ဥပဒေအရ ပေးအပ်ထားတဲ့ပါဝါ( Legitimate Power )

(၂)တင်းကျပ်မှု၊ကြောက်ရွံ့မှုအခြေခံတဲ့ပါဝါ ( Coercive Power )

(၃)ဂုဏ်ပြုခံပါဝါ ( Reward Power )

(၄)ကျွမ်းကျင်မှု အခြေခံပါဝါ (Expert Power)နှင့်

(၅)ယုံကြည်လေးစားမှု အခြေခံပါဝါ ( Referent Power ) တို့ဖြစ်ကြပါတယ်။လုပ်ငန်းထိရောက်အောင်မြင်ဖို့အတွက် ပါဝါတွေကို သုံးစွဲရာမှာ မှန်မှန်ကန်ကန် သုံးစွဲနိုင်ဖို့ အလွန်အရေးကြီးပါတယ်။

Legitimate Power ကတော့ ရာထူးအနန္တရအရ ရရှိတဲ့ပါဝါဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံအရ ရရှိထားတဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်ပါဝါများဖြစ်ပါတယ်။ Coercive Power ဆိုတာကတော့ တင်းကျပ်မှု သို့မဟုတ် ကြောက်ရွံ့မှုအခြေခံထားတဲ့ ပါဝါဖြစ်ပါတယ်။ မန်နေဂျာမှာ အပြစ်ပေး အရေးယူနိုင်တဲ့ ပါဝါဖြစ်ပါတယ်။ Reward Power ဆိုတာကတော့ ဂုဏ်ယူခံပါဝါလို့ဆိုနိုင်ပြီး မန်နေဂျာမှာဆုပေးနိုင်တဲ့၊ဆုကြေးမက်လုံးပေး နိုင်တဲ့၊ရာထူး လစာ တိုးပေးနိုင်တဲ့ပါဝါဖြစ်ပါတယ်။ အခုပြောခဲ့တဲ့ ပါဝါတွေသည် ရာထူးနဲ့ ဆက်နွယ်ပြီး ရလာတဲ့ပါဝါများဖြစ်လို့ Position Power တွေလို့ပြောနိုင်ပါတယ်။

Expert Power ဆိုတာကတော့ မိမိရဲ့ကျွမ်းကျင်မှုအရည်အသွေးပေါ်က ရရှိတဲ့ ပါဝါဖြစ်ပြီး Referent Power ဆိုတာကတော့ မိမိရဲ့လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ဝန်ထမ်းများရဲ့ ယုံကြည်မှု၊ လေးစားကြည်ညိုမှု များကနေ ရရှိတဲ့ ပါဝါဖြစ်ပါတယ်။ Expert Power နဲ့ Referent Power သည်ရာထူးကြောင့်ရတဲ့ ပါဝါမဟုတ်ဘဲ မိမိရဲ့ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေးလေးစားယုံကြည်မှု စတဲ့ ကိုယ်ပိုင်အရည်အချင်းများကြောင့်ရရှိတဲ့ Personal Power များဖြစ်ပါတယ်။ ပင်ကိုယ်ခေါင်းဆောင်မှု အရည်အသွေးရှိရင် အလိုလိုရလာတတ်တဲ့ ပါဝါမျိုး ဖြစ်ပါတယ်။ Personal Power ရှိတဲ့ ခေါင်းဆောင်ကြီးတွေကို ကိုယ်ပိုင်အရည်အချင်းမရှိဘဲ ရာထူးသက်သက် ကြောင့် ပါဝါရလာသူတွေက သွေးလန့်တတ်ကြပါတယ်။ ဥပမာအားဖြင့် Lee Iacocca ဆိုတာ အင်မတန်မှ တော် တဲ့ Ford Motor ရဲ့ လစာနဲ့ ခန့်အပ်ထားတဲ့ CEO ပါ။ Ford Motorရဲ့ ပိုင်ရှင်ဖြစ်သူ(တည်ထောင်သူFord ရဲ့ မြေး) က Lee Iacocca ကို မနာလိုလို့ အငြိမ်းစားပေးခဲ့ပါတယ်။ Iacocca သည် အင်မတန်တော်ပြီး Personal Power ရှိ တော့ Chrysler Motor ကလာခေါ်ပြီး CEO ရာထူးပေးပါတယ်။ ဒေဝါလီခံရလုနီးနီး Chlysler Motor ကို အရည်အချင်းရှိတဲ့ Iacocca က ကယ်တင်နိုင်ခဲ့ပါတယ်။

Position Power ကတော့ရာထူးရှိစဉ်ပါဝါရှိပြီး၊ ရာထူးမဲ့ရင် ပါဝါမဲ့တဲ့သဘောဖြစ်ပါတယ်။ ဥပမာ အနေနဲ့ဆိုရရင် အမေရိကန်သမ္မတ(ဟောင်း) ကလင်တန်သည် ရာထူးရှိစဉ်က လုပ်ပိုင်ခွင့်ပါဝါတွေ အများကြီးရခဲ့တဲ့သူပါ။ အငြိမ်းစားယူတော့ ရာထူးကပေးတဲ့ ပါဝါတွေကို သုံး၍မရတော့ပေါ။ သုံးမယ်ဆိုရင် ကိုယ်ပိုင်အရည် အချင်းကနေလာတဲ့ Personal Power ကိုသုံးရမှာဖြစ်ပါတယ်။ Institutional Power ဆိုတဲ့ပါဝါတစ်မျိုးရှိသေးပြီး၊ အဲဒီပါဝါကတော့ ဖွဲ့စည်းပုံကပေးတဲ့ ပါဝါမျိုးဖြစ်ပါတယ်။

ပါဝါနဲ့ပတ်သက်လို့ သတိပြုရမယ့်အချက်က ပါဝါသည် အတင်းအကျပ်ဆောင်ရွက်မှုက ရတာမျိုးမဟုတ်ပါ။ ( Power is not by force )ပါဝါသည် အများပြည်သူတို့၏ ရင်ထဲမှပေါ်ထွက်လာသောအရာ ဖြစ်ပါတယ်။ ( The Power come From the herart of people.) ယုံကြည်မှုရှိမှပါဝါရှိမှာဖြစ်ပါတယ်။  ( When trust is there, Power is there.) ပါဝါသည် အပြန်အလှန်ယုံကြည်မှုကတစ်ဆင့် တည်ဆောက်ရယူနိုင်ပါတယ်။ ( Power can be gained From Mutual Trust. )ပါဝါကိုတည်ဆောက်လိုလျှင် အပြန်အလှန် ယုံကြည်မှုကို ဦးစွာတည်ဆောက်ရမှာ ဖြစ်ပါတယ်။

( It is needed to build Mutual Trust First, if you want to build Power. )

မှူးခန့်စံ

Reference: The essential managers’ hand book