【ဆောင်းပါး】“ သူ့ဓလေ့ ကိုယ့်ထုံးစံ”

【ဆောင်းပါး】“ သူ့ဓလေ့ ကိုယ့်ထုံးစံ”

စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေမှာ အခြားစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနဲ့ မတူတဲ့  သီးခြား ဝိသေသလက္ခဏာတွေ ရှိတတ်ကြပါတယ်။ ဝိသေသလက္ခဏာတွေမတူညီကြသလို တန်ဖိုးစံနှုန်းတွေလည်း ခြားနားလေ့ရှိကြပါတယ်။ အခြားလုပ်ငန်း အဖွဲ့အစည်းတွေရဲ့ ဝိသေသလက္ခဏာတွေမတူညီတဲ့ တန်ဖိုးစံတွေ မတူညီမှုတွေကို လုပ်ငန်းအဖွဲ့အစည်းရဲ့ Culture လို့ ရည်ညွှန်းနိုင်ပါတယ်။ ပြောဆိုနိုင်ပါတယ်။ လုပ်ငန်းအဖွဲ့အစည်း တွေအနေနဲ့ သူ့ဓလေ့နဲ့သူ ကိုယ့်ထုံးစံနဲ့ကိုယ်လို့ ပြောလို့ရနိုင်ပါတယ်။ မန်နေဂျာအနေနဲ့ ကိုယ့်လုပ်ငန်းအဖွဲ့အစည်း ရဲ့ ဓလေ့ထုံးစံတွေ၊ ယဉ်ကျေးမှုအစဉ်လာတွေ၊ စံထားမှုတွေ၊ တန်ဖိုးထားမှုတွေကို သတိမူရမှာ ဖြစ်ပါတယ်။ မန်နေဂျာတွေအနေနဲ့ မိမိကိုယ်တိုင်က ကိုယ့်လုပ်ငန်းအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု၊ တန်ဖိုးထားမှု စံနှုန်းသတ်မှတ်ထားရှိ မှုများနဲ့ ပတ်သက်ပြီး တာဝန်ရှိသလို မိမိဝန်ထမ်းများ ယဉ်ကျေးမှု၊ တန်ဖိုးထားမှု စံများကိုနားလည်လက်ခံပြီး၊ တိုးတက်လာဖို့တာဝန်ရှိပါတယ်။

လုပ်ငန်းအဖွဲ့အစည်းရဲ့ Culture နဲ့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ယုံကြည်တန်ဖိုးထားမှု၊ လိုက်နာကျင့်ကြံမှုတို့ အံဝင်ခွင်ကျဖြစ်ဖို့ဆိုတာ ပြောသလောက်လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါ။ သို့သော်ငြားလည်းဝန်ထမ်းတွေရဲ့ ယုံကြည်တန်ဖိုးထားမှု ကုမ္ပဏီရဲ့  Culture သည် အံဝင်ခွင်ကျဖြစ်အောင် ဆောင်ရွက်ဖို့တော့ လိုအပ်ပါတယ်။  ဝန်ထမ်းများကို အလုပ်ခန့်အပ်နိုင်ဖို့  အင်တာဗျူးစဉ်ကတည်းက အလေးထားစဉ်းစားဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးပြီးနောက်တွင်လည်း  Organizational  Culture နဲ့ ဝန်ထမ်းများရဲ့ယုံကြည်မှု (Beliefs) တန်ဖိုးထားမှု (Value) နဲ့ ပြုမူဆောင်ရွက်မှု (Behaviors) တို့သည်အံဝင်ခွင်ကျဖြစ်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှုရှိလာဖို့ ကွပ်ကဲကြပ်မတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လေ့ကျင့်ပျိုးထောင် ယူရမှာဖြစ်ပါ တယ်။

ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့  ဆက်သွယ်ပြုမူ ဆောင်ရွက်ချက်တိုင်းသည် ထိုလုပ်ငန်းအဖွဲ့ အစည်း ရဲ့ ယဉ်ကျေးမှုတန်ဖိုးထားမှုများကို ပုံရိပ်ထင်စေပါတယ်။ ဝန်ထမ်းတွေဘာကို၊ ဘယ်လိုယုံကြည်သလဲ၊ ဘယ်လိုစဉ်းစားတွေးခေါ်သလဲ၊ ဘယ်လိုစိတ်ထားလဲ ဘယ်လိုပြုမူဆက်ဆံသလဲဆိုတာ ကုမ္ပဏီရဲ့ Culture ကို ပုံရိပ်ထင်ဟပ်စေပါတယ်။ ဝန်ထမ်းတစ်ဦးတစ်ယောက်ရဲ့ မသင့်တော်တဲ့ မမှန်ကန်တဲ့ ဆောင်ရွက်ချက်တစ်ခု အပြုအမူဟာ ကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ ရည်မှန်းချက်မစ်ရှင်။ တန်ဖိုးထားမှု စံနဲ့  ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်နေသဘောထား (Attitude) အပြုအမူ(Behavior) အစွဲ(Mindset)  တွေကို သဟဇာတဖြစ်အောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာသတိထားရမှာက Diversity ဆိုတဲ့  မတူကွဲပြားမှုဖြစ်ပါတယ်။ မတူကွဲပြားမှုကို တန်ဖိုးထားရမှာဖြစ်သလို  ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီရဲ့ သဘောသဘာ၀နဲ့  လုပ်ငန်းအဖွဲ့အစည်းရဲ့ Cultureတို့ လိုက်လျောညီထွေဖြစ်ဖို့၊ အံဝင်ခွင်ကျဖြစ်ဖို့လိုအပ်ပါတယ်။

ကုမ္ပဏီက ခန့်အပ်ထားတဲ့ လူတွေကိုကြည့်ရုံနဲ့ ကုမ္ပဏီအကြောင်းကိုသိတယ်။ (A company is knowing by the people it keeps) လို့ Bob Nelson က ဆိုခဲ့ဖူးပါတယ်။ မိမိလုပ်ငန်းအဖွဲ့အစည်းရဲ့ Culture နဲ့  ကိုက်ညီမှုမရှိတဲ့ တစ်စုံတစ်ဦးကို အလုပ်ခန့်အပ်မိခဲ့ရင် အခြားဝန်ထမ်းတွေနဲ့ စီမံခန့်ခွဲမှုအပေါ်မှာ သက်ရောက်မှုရှိတဲ့အပြင် ဖောက်သည်ဆက်ဆံရေးအပေါ်မှာပါ  ဆိုးကျိုးများသက်ရောက်နိုင်ပါတယ်။ မလိမ်မာတဲ့ဝန်ထမ်းတစ်ဦးကြောင့် တစ်ရုံးလုံးမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်တွေကို ဆွဲချလိုက်သလိုဖြစ်သွားနိုင်ပါတယ်။ အမှားတွေကိုလမ်းဖွင့်ပေးလိုက်သလိုဖြစ်သွားပြီး စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ လုပ်ငန်းအဖွဲ့ အစည်းရဲ့ Culture နဲ့ ကိုက်ညီတဲ့ အရည်အချင်းပြည့်၀တဲ့ တော်တက်မှန်ကန်တဲ့သူကို ခန့်အပ်ပြီး စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးရင် ရလဒ်ကောင်းများ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းရဲ့  Culture ဆိုတာတစ်ခါတစ်ရံမှာ ချတောင်ရေးထားလေ့မရှိပါ။ တစ်ချို့ကုမ္ပဏီတွေမှာဆို ဆွေးနွေးထားတဲ့ အနေအထားမှာတောင်ရှိချင်မှရှိမှာပါ။ ဒါပေမဲ့အောင်မြင်ချင်တဲ့ မန်နေဂျာတွေအနေနဲ့ ကိုယ့်ကုမ္ပဏီမှာ ဘာတွေတော့လုပ်ရမယ်၊ လုပ်သင့်တယ်၊ ဘာတွေတော့မလုပ်ရဘူး၊ မလုပ်သင့်ဘူးဆိုတာတွေကို လေ့လာထားဖို့ သတ်မှတ်ထားဖို့တော့လိုအပ်ပါတယ်။ မန်နေဂျာတွေရဲ့ ပုဂ္ဂလဟန်ပန်နဲ့ လုပ်ငန်း အဖွဲ့အစည်းရဲ့ ယဥ်ကျေးမှုကို အံဝင်ခွင်ကျလေလေ၊ ပိုမိုကောင်းမွန်လေလေဖြစ်ပါတယ်။

ကုမ္ပဏီလုပ်ငန်းအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဆိုတာတကယ်တော့ လုပ်ငန်းအဖွဲ့အစည်းရဲ့အဓိကအချက်အလက်တွေဖြစ်တဲ့ ရေရှည်ရည်မှန်းချက်(Mission) ရေတိုရည်မှန်းရာပန်းတိုင် (Goal)၊ လုပ်ငန်းခွင်ပတ်ဝန်းကျင် (Workplace environment) စီမံခန့်ခွဲမှုဟန်ပန် (managenment style) စတာတွေနဲ့  ဝန်ထမ်းတွေရဲ့မျှော်လင့်ချက် (EXpectations) ၊ ယုံကြည်မှု(Beliefs) စိတ်နေသဘောထား (Attitude)  အပြုအမူများ (Behaviours) စတာ တွေပေါင်းစပ်ထားတာဖြစ်ပါတယ်။ အံဝင်ခွင်ကျဖြစ်ဖို့လိုအပ်ပါတယ်။ ကုမ္ပဏီတစ်ခု၏ ယဉ်ကျေးမှုသည် အခြား ကုမ္ပဏီများများရဲ့ ဝိသေသများနဲ့မတူ၊ သီးခြား (Unique) ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ယဉ်ကျေးမှုကို လုပ်ငန်းရှင်နဲ့ စီမံခန့်ခွဲမှုက ဦးဆောင်လမ်းညွှန်သလို ဝန်ထမ်းများရဲ့ သက်ရောက်မှုလည်းရှိပါတယ်။ ကုမ္ပဏီရဲ့ ယဉ်ကျေးမှုကို မဟာဗျူဟာကျကျဆောင်ရွက်နိုင်ပြီဆိုလျှင် မိမိလိုလားတဲ့ မိမိဖြစ်စေချင်တဲ့ ပုံစံရှိတဲ့ ဝန်ထမ်းလောင်းလျာများကို ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ Glassdoor ရဲ့ သုတေသနရလဒ်များအရ 77% သောစစ်တမ်းဖြေဆိုသူတွေသည် အလုပ်မလျှောက်မီ ကုမ္ပဏီ၏ယဉ်ကျေးမှုကို ထည့်သွင်းစဉ်းစားကြလေ့ရှိကြောင်း သိရပါတယ်။  73% သောသူများကတော့ ကုမ္ပဏီရဲ့ စံတန်ဖိုးများ (Company’s values) နဲ့ မိမိတို့ရဲ့ တန်ဖိုးစံများ ညီညွတ်မှုမရှိပါက ထိုကုမ္ပဏီတွင် အလုပ်မလျှောက်တော့ကြောင်းသိရသည်။

လုပ်ငန်းရှင်အတော်တော်များများကတော့ ကုမ္ပဏီယဉ်ကျေးမှုနဲ့ အံဝင်ခွင်ကျမယ့် ဝန်ထမ်းတွေကို ရွေးချယ်ခန့်အပ်ဖို့အရေးကြီးကြောင်းကို သိကြပါတယ်။ Glassdoorရဲ့ ထပ်မံရရှိတဲ့ သုတေသနရလဒ်များရဲ့အဆိုအရ ကုမ္ပဏီယဉ်ကျေးမှုနှင့် အံဝင်ခွင်ကျဖြစ်တဲ့ ဝန်ထမ်းတွေသည်လုပ်ငန်းတိုင်းမှာ စိတ်ကျေနပ်ပျော်ရွှင်မှုပိုမိုရရှိခြင်း စေ့စပ်ညှိနှိုင်းမှုအားကောင်းခြင်း၊ စွမ်းဆောင်ရည် နှင့် ထုတ်ကုန်စွမ်းအားမြှင့်တင်ခြင်း စတာတွေကိုတွေ့ရပါတယ်။ Kolbeco ရဲ့ တည်ထောင်သူ lauren kolbeco  ကအခုလိုပြောပါတယ်။ ‘’ ကျွန်မတို့အနေနဲ့ လူတစ်ဦးကို အလုပ်ရအောင်၊ အလုပ်လုပ်တက်အောင်သင်ပေးလို့ရပါတယ်။ ဒါပေမယ့် ကိုယ်လုပ်တဲ့အလုပ်ကို  လုပ်ကိုင် ပုံတွေကို ချစ်တက်လာအောင် သင်ပေးဖို့ကတော့ ခက်လှပါတယ်” လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိပင်ရှိငြား လုပ်ငန်း အဖွဲ့အစည်းရဲ့ အတွေ့အကြုံရင့်ကျက်လျှင်ရင့်ကျက်သော်ငြား။ လုပ်ငန်းအဖွဲ့အစည်း၏ ယဉ်ကျေးမှုနှင့် မအပ်စပ်လျှင် ကတိကဝတ်မပြုနိုင်ခဲ့လျှင် လုပ်ငန်းကိုထိခိုက်စေနိုင်ပါတယ်။

အသက်သုံးဆယ်အောက်လူငယ်များကို မေးမြန်းတဲ့ သုတေသနရလဒ်တစ်ခုကတော့ လုပ်ငန်းကိုရွေးချယ်ရာမှာ လုပ်ငန်းအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုသည် အရေးကြီးကြောင်း 75% ကဖြေဆိုကြပါတယ်။ Glassdoor ကပြုလုပ်တဲ့ သုတေသနရလဒ်မှာ ဖြေဆိုသူ ၅၀,၀၀၀ကျော်အနက် ထက်ဝက်ကျော်ကဒီလိုဖြေကြပါတယ်။ ‘’လစာထက် ကုမ္ပဏီယဉ်ကျေးမှုကပိုပြီးအရေးကြီးပါတယ်။”

သုတေသနရလဒ်များအရ ကုမ္ပဏီယဉ်ကျေးမှုသည်အရေးကြီးကြောင်း မီးမောင်းထိုးပြနေသော်လည်း အချို့သောကုမ္ပဏီတို့သည် ကုမ္ပဏီယဉ်ကျေးမှုကို တည်ဆောက်ဖို့ အာရုံနည်းနေဆဲ။ အမြော်အမြင်ကြီးသော လုပ်ငန်းရှင်များ ဦးဆောင်သူများကမူကုမ္ပဏီယဉ်ကျေးမှုကို နည်းလမ်းသုံးရပ်ဖြင့်  ဆောင်ရွက်ကြလေ့ရှိပါတယ်။ ပထမနည်းလမ်းက ကိုယ်စဉ်းစားသလို ၊ ကိုယ်ခံစားသလို၊ စဉ်းစားတက်တဲ့သူတွေကို ရွေးချယ်ခန့်အပ်ထားတယ်။ ဒုတိယနည်းလမ်းက လုပ်ငန်းရှင်များ၊ ဦးဆောင်သူများသည် ဝန်ထမ်းများကိုသူတို့တွေးသလို  သူတို့စဉ်းစားသလို စဉ်းစားတက်အောင် သွန်သင်သည်။ တတိယနည်းလမ်းကတော့လုပ်ငန်းရှင်များ ခေါင်းဆောင်မန်နေဂျာများသည် စံပြအဖြစ်ပြုမူနေထိုင်ကြပြီး သူတို့၏ ကိုယ်ပိုင်အရည်အသွေးသည် ကုမ္ပဏီယဉ်ကျေးမှု၏ ဗဟိုချက်မသဖွယ် ဖြစ်လာပါတယ်။ ကုမ္ပဏီကို ဦးဆောင်ကွပ်ကဲသူများ မန်နေဂျာများသည် ကုမ္ပဏီယဉ်ကျေးမှု (Company’s Culture) ၏စံနမူနာရယူမည့်သူများ ဖြစ်ကြပါတယ်။

မန်နေဂျာတွေအနေနဲ့ လုပ်ငန်းအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့စပ်လျဉ်းပြီး  ပိုမိုရှာဖွေလေ့လာထားသင့်တဲ့အချက်လေးတွေရှိပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အကဲခတ်ရမယ့်အရာတွေရှိတယ်။ ဥပမာ ဝတ်စားဆင်ယင်မှု၊ ရုပ်ပုံ၊ ဓာတ်ပုံ၊ ဆံပင်အတိုအရှည်၊ ရိုးသားပွင့်လင်းမှု၊ ရုံးခန်းအပြင်အဆင်၊ နေရာချထားမှုစသည့် စကားလုံးအသုံးနှုန်းတွေကို သတိပြုရပါမယ်။ အမိန့်ဆန်ဆန်ပြောဆိုသုံးနှုန်းကြလေ့ရှိလား၊ ခွဲခြားဆက်ဆံလေ့ရှိလား၊ ယဉ်ကျေးပျူငှာလား၊ အပြန်အလှန်လေးစားမှုရှိလား၊ အလိုအလျောက်ထိုးထွင်းသိမြင်တက်လား၊ ခံစားမှုတွေကို ထိန်းသိမ်း နိုင်လား၊ နောက်ကျောကိုဓားနဲ့ ထိုးမယ့်သူတွေရှိလား။ ကိုယ်နေရာရဖို့ သူများကိုနင်းပြီး တက်ချင်သူတွေရှိလား၊ စိတ်နေသဘောထားတွေကောင်းလား။ အချင်းချင်းချစ်သောမျက်စိဖြင့်ကြည့်နိုင်လား။

နောက်လုပ်ရမယ့်တစ်ချက်က မတူတဲ့လူတွေကို တူတဲ့မေးခွန်းတွေမေးပြီး သူ့အဖြေတွေကို နှိုင်းယှဉ် ကြည့်တာ။ ‘’ကုမ္ပဏီကအောင်မြင်မှုတွေကို ဘယ်လိုအဓိပ္ပာယ်သတ်မှတ်ဖွင့်ဆိုသလဲ” ။ “ဝန်ထမ်းတွေအလိုချင် ဆုံးဆုလဒ်က ဘာလဲ” “ကုမ္ပဏီမှာ ရှေ့ဆုံးကဦးဆောင်ပြေးနေတာ ဘယ်သူလဲ။ ဘယ်သူတွေလဲ။ သူတို့ဘာလုပ် လို့ ထိပ်ဆုံးကိုရောက်နေတာလဲ။ သူတို့ရှေ့ကနေရောက်နေတာ ဘာတွေလုပ်ခဲ့လို့လဲ” “ကုမ္ပဏီရဲ့ တန်ဖိုးစံတွေက ဘာတွေလဲ။”

Star buck ကော်ဖီဆိုင်များတွင် မည်သည့်အဆင့်ဝန်ထမ်းဖြစ်ပါစေ သူတို့၏ ပထမရက်သတ္တပတ်အနည်းငယ်တွင် မတက်မနေရတက်ရသည့် သင်တန်းရှိသည်။ အဲဒီ သင်တန်းတွင် ကုမ္ပဏီ၏ သမိုင်းကြောင်းကို သင်ယူရသည်။ ကော်ဖီပြုလုပ်သည့် နည်းလမ်းများကို သင်ရသည်။ ကော်ဖီအရသာကို စမ်းသပ်သည့်သင်တန်းများ တက်ရသည်။ ကော်ဖီအမျိုးအစားများကိုသင်ရသည်။ စားသုံးသူတွေကို ဘယ်လိုရှင်းပြရမလဲ။ ဘယ်လိုဝန်ဆောင်မှုပေးမလဲ စသည်များကို လေ့ကျင့်သင်ကြားပေးပါတယ်။  လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ Cultural fit ဖြစ်စေဖို့အတွက် ဝန်ထမ်းများအလုပ်စတင်ဝင်ရောက်ချိန်မှာ “On Boarding Program” ကိုမဖြစ်မနေတက် ရောက်ကြရပါတယ်။

မန်နေဂျာအနေနဲ့ ကိုယ့်လုပ်ငန်းအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုကိုထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ ဝန်ထမ်းအသစ်များကိုကူညီဖို့ ၊ လေ့လာစေဖို့၊ လိုက်နာကျင့်သုံးစေဖို့ ကူညီအားပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းအဖွဲ့အစည်းအနေနဲ့ ဘယ်အရာတွေကိုတန်ဖိုးထားတယ်။ ဘယ်ဆောင်ရွက်ချက်တွေက ကောင်းတယ်။ ဘယ်လိုအပြုအမူတွေကိုတန်ဖိုးထားရမယ်။ ဘယ်လိုတွေးတောစဉ်းစားသင့်တယ်။ ဘယ်လိုရလဒ်တွေမျှော်လင့်ထားတယ်။  စတဲ့အချက်တွေကို ပြောပေးရမှာလေ့ကျင့် သင်ကြားပေးရမှာ ဖြစ်ပါတယ်။ အဲဒီနောက် “စနစ်” System ကိုလေ့လာစေပြီး ဝန်ထမ်းအသစ်ရဲ့ ရာထူးတာဝန်နဲ့လိုက်လျောညီထွေရှိရမယ့် အတွေးအခေါ်အကြံအစည် အပြုအမူ များကို လုပ်ငန်းအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့သဟဇာတဖြစ်အောင် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါတယ်။ ပွင့်လင်း မြင်သာတဲ့ဆက်သွယ်ရေး၊ အားလုံးပါဝင်တဲ့ ကုမ္ပဏီယဉ်ကျေးမှုကို တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်း ကောင်းတွေကို ရှာဖွေဖန်တီးပေးခြင်း စံပြနမူနာ ခေါင်းဆောင်မှုပေးခြင်းစသည်များဖြင့် အလုပ်ရှင်နှင့် အလုပ်သမားဝန်ထမ်းများ၏ ပင်မတန်ဖိုးများကို ကိုက်ညီအောင် သဟဇာတဖြစ်အောင် ဆောင်ရွက်လျှင် ကုမ္ပဏီဝန်ထမ်း နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်ဆောင်ရွက်သင့်ပါကြောင်းတင်ပြလိုက်ရပါတယ်။

                                                                                                             မှူးခန့်စံ