【ဆောင်းပါး 】နှစ်သစ်ကို စိတ်သစ်ဖြင့် ကြိုဆိုခြင်း

【ဆောင်းပါး 】နှစ်သစ်ကို စိတ်သစ်ဖြင့် ကြိုဆိုခြင်း

နှစ်သစ်တစ်ခု၏ ပထမဆုံးနေ့ရက်ကို စတင်တိုင်း ပထမဦးဆုံးတွေးမိသည်က ပြီးခဲ့သည့်နှစ်မှာ ငါတို့ ဘာတွေ လုပ်ခဲ့သလဲဆိုသည်နှင့် ဘာတွေ စိတ်ဆန္ဒပြည့်ဝခဲ့သလဲဆိုသည်ကိုပင်။ နှစ်စတိုင်း မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ တစ်ပုံတစ်ပင် ကျနော်တို့ ချလေ့ရှိသည်။သို့သော် နှစ်ကုန်တွင် ဘယ်လောက်ထိပြည့်ဝခဲ့သလဲ ဆိုသည်မှာ ကိုယ်ကိုယ်တိုင်ဘဲ သိကြမည်ဖြစ်သည်။ ဖြစ်ချင်သည်က အများကြီး လုပ်နိုင်ခဲ့သည်က နည်းနည်းလေး ။ထိုထဲ ကိုယ်ဘယ်လောက် ပြီးခဲ့သည့်နှစ်မှာ ကိုယ်ကျင့်တရားပျက်ယွင်းခဲ့တာရှိခဲ့သလဲဆိုတာ တွေးပြီး စိတ်မသက်မသာဖြစ်မိကြမည်ကတော့ အမှန်ပင်။
ပြီးခဲ့သည့်နှစ်များက ဘ၀တစ်လျှောက် ဆိုးရွားသည့် တွေ့ကြုံမှုများ၊ဝမ်းနည်းကြေကွဲရသည့် ခွဲခွာမှုများ၊ တစ်ဖက်စောင်းနင်းကျသည့် အနိုင်ကျင့်ဗိုလ်ကျ ရက်စက်မှုများ၊ ချစ်ခင်ရသည့် သူများကို စွန့်လွှတ်ခဲ့ရမှုများ၊ သူမကယ်နိုင် ကိုယ့်မကယ်နိုင်သည့် အဖြစ်များ၊ မထင်မှတ်လောက်အောင် ယုတ်ညံ့သည် ရက်စက်မှုများ၊ လူလို့ပင် ခေါ်ဖို့ ခဲယဉ်းသည့် လူတချို့၏ ရက်စက်မှုများ၊ အခက်ခဲဆုံးအချိန်တွင် မြင်ရလေ့ရှိသည့် ဇာတိရုပ်များ စသဖြင့် အံဩဖို့ မတတ်နိုင်အောင်ပင် လောက၏ အောက်ဆုံးကျသော စာရိတ္တနှင့် ကိုယ်ကျင့်တရားယုတ်ညံ့သူများစွာကို တစ်ပြိုင်နက်တွေ့မြင် ကြုံ တွေ့ခဲ့ရသည်။
ဘ၀တက်လမ်းပြည့်၀အောင် မဆိုနှင့်။ လက်ရှိအခြေအနေလေးကို ဆက်လက်တည်မြဲနိုင်အောင် မနည်းကြိုးစားရပ်တည်နေရသည့် အခြေအနေပင်ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးကို လက်ရှိလည်း တွေ့ ကြုံနေရဆဲလည်းဖြစ်သည်။ မတည်မြဲသည့်အခြေအနေများကြောင့် နောင်နှစ် ဘာဖြစ်ချင်သည် ဆိုသည်ထက် နောင်နှစ်တွင် ဒီလိုဘဲမိသားစု စုံစုံညီညီ ဆုံချင်ကြသည်စိတ်က ယနေ့ရှိသည့် လူတိုင်း၏ နှစ်သစ်စိတ်ကူးပင်ဖြစ်လိမ့်မည် ထင်သည်။ဒီစိတ်ကူးနောက်တွင် နောက်ထပ် စိတ်ကူးနှင့် မျှော်မှန်းချက်က မိသားစုတွေ ဝဝလင်လင်စားရဖို့နှင့် အန္တရာယ်ကင်းဖို့ ဖြစ်သည်။ ထိုသို့သောမျှော်လင့်ချက်နောက်တွင်သာ တခြားသောမျှော်လင့်ချက်တို့ ရှိနိုင်ပေသည်။
လွန်ခဲ့သော သုံးလေးနှစ်က ဒီလိုနှစ်သစ်ကူးနေ့တွင် လူတိုင်းရင်ထဲရှိသည့်ဆန္ဒက လာမည့်နှစ်တွင် ဘာတွေတိုးတက်ရရှိမည်၊ဘယ်လို ဘ၀မျိုးတည်ဆောက်နိုင်ရမည်၊ ဘယ်လိုနိုင်ငံတွေမှာ ပညာ သင်နိုင်ရမည် ဆိုသည့် လူတန်းစေ့ အတွေးဖြစ်သည်။ သို့သော် သုံးလေးနှစ်ကြာပြီးနောက် လူတွေ၏ဆန္ဒက အပြောင်းလဲကြီး ပြောင်းလဲလာခဲ့ပြီ။ လူတိုင်း အသက်ရှင်နိုင်ရေးပင်ဖြစ်သည်။ စဉ်းစားကြည့်ပါက ဆုတ်ယုတ်ခြင်းကို ထင်ရှားမြင်သာစွာ တွေ့မြင်ရနိုင်ပေသည်။
ဒီသုံးနှစ်အတွင်း အသက်ရှင်သန်ရေးကိုပင် လုံလုံလောက်လောက် အာမမခံနိုင်သည့် ဘဝထိ ထိုးဆင်းသွားသည်မှာ မယုံနိုင်ဖွယ် ဆုတ်ယုတ်မှုကြီးပင်ဖြစ်သည်။ တစ်ကိုယ်ရည်စာ လွတ်လပ်ခွင့်နှင့် အသက်ရှင်သန်မှုကို ကြီးမားစွာခြိမ်းခြောက်ခံနေရသည့် ယခုလို အချိန်အခါတွင် ကိုယ်ချစ်သည့်ခင်သည့် သူများ၏ ရှင်သန်ခွင်ကို အကာအကွယ်မပေးနိုင်သည်အထိ ဖြစ်ရသည်က တုန်လှုပ်စရာ အခြေအနေတစ်ခုပင် ဖြစ်လေသည်။
လူတိုင်းတွင် တစ်နှစ်ထက်တစ်နှစ် တိုးတက်သည့် အခြေအနေကိုမျှော်မှန်းထားကြသည်။ထို့အတွက် ရရှိအောင် ကြိုးစားတည်ဆောက်ကြသည်။ ထိုသို့ ကြိုးစားတည်ဆောက်ရာတွင် လူအချို့မှလွဲပြီး ကိုယ်တည်ဆောက်ရယူချင်သည့် ဘဝရည်မှန်းချက်ကို အတတ်နိုင်ဆုံး တရားသဖြင့် ရယူခြင်းသာ ဖြစ်ချင်ကြသည်။ မတရားသဖြင့် ရလာသည့် ဘဝအောင်မြင်မှုကို မလိုချင်ကြပေ။ ထို့အတွင် စောင့်ထိန်းရသည့် လူမှုကျင့်ဝတ်၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တ စသဖြင့် အကောင်းဆုံးစောင့်ထိန်းကာ လိုက်နာတည်ဆောက်ကြသည်။ သမမျှတစွာ တခြားသူဘဝတွေကို ချနင်းမဖျက်ဆီးဘဲ ကိုယ်လိုအင်ဆန္ဒရယူရန် ကြိုးစားကြသည်။
ထိုသို့သော စောင့်ထိန်းလိုက်နာ ကြိုးစားကြခြင်းကြောင့် ပြည်ဝလာသည့် ဘဝရည်မှန်းချက်များကို လူ့ဘဝတစ်လျှောက်လုံး လိပ်ပြာလုံစွာ ခံစားဂုဏ်ယူနိုင်ပေသည်။ ထိုသည်က နည်းမှန်လမ်းမှန်ဖွံ့ဖြိုးတိုးတက်လာသည့်သူများ၏ လျှောက်ရာလမ်းကြောင်းမှန်နှင့် နှစ်ကူးအစများပင်ဖြစ်သည်။ နှစ်သစ်ကူးသည့်အခါ ပြီးခဲ့သည့်နှစ်က မကောင်းသည့်လုပ်ရပ်များကို သင်ခန်းစာယူကာ လာမည့်နှစ်တွင် ပိုကောင်းသည့် ကြိုးစားအားထုတ်မှုနှင့် ကောင်းမွန်သည့် ကျင့်ကြံမှုများ စောင့်ထိန်းရန်သာ ရည်မှန်းချက်ထားကြသည်။ လာမည်နှစ်တွင် ပိုယုတ်မာဖျက်ဆီးမည်ဟူသည့် ရည်မှန်းချက်မျိုး ဘယ်သူမှ ထားကြမည်တော့ မဟုတ်ပေ။
နှစ်သစ်ကို လူတိုင်းက စိတ်သစ်ဖြင့်သာ ကြိုဆိုချင်ကြသည်။ ဟောင်းနွမ်းသောစိတ်ဖြင့် ဘယ်သူမှ မကြိုဆိုချင်ကြ။ မကောင်းသော လုပ်ရပ်ကို မသယ်ယူချင်ကြ။ မကောင်းသောနာမည်ကို မသယ် ဆောင်သွားချင်ကြပေ။ ယနေ့ကမ္ဘာတွင် သတ္တလောကဟုခေါ်သည့် ရှင်သန်ကြသည့် သတ္တဝါများတွင်လူသည် ဉာဏ်ရည်အမြင့်ဆုံး ဖြစ်သည်။ သတ္တဝါခြင်းအတူတူ လူနှင့်တိရစ္ဆာန်ဟု ခွဲခြားကြသည်မှာ တိရစ္ဆာန်က ဇာတ်တူသားစားသည်။ ရက်စက် ယုတ်မာသည်။ ကျေးဇူးတရားမသိ။ အိပ်စားကာမအတွက် ‘စည်း’ဆိုတာ မသိ။ လူကတော့ ထိုအရာတွေသိသည်။ ထို ‘စည်း’ ဆိုတာကို စောင့်ထိန်းသည်။ မလုပ်သင့်သည်ကို မလုပ်။ တိရစ္ဆာန်နှင့် လူအကြား ကြီးမားသည့် ကွာဟချက်မှာ လူမှန်လျှင် ကိုယ်ချင်းစာ တရားရှိခြင်းဖြစ်ပြီး တိရစ္ဆာန်များတွင် ကိုယ်ချင်းစာတရားမရှိခြင်းပင် ဖြစ်သည်။
ထို့အတွက် ယခုနှစ်သစ်တွင် ထားသည့် စိတ်သစ်နှင့်ဆန္ဒထဲ လူတိုင်းထိုကိုယ် ချင်းစာတရား ထွန်းကားစေချင်သည့်စိတ်က လည်စင်းခံရသည့် သူတွေ၏ စိတ်တွင်ရှိနေမည် ဖြစ်သည်။ထို့အတွက် နှစ်သစ်မှာ ဖြစ်သင့်သည့် စိတ်ဆန္ဒက ကိုယ် ချင်းစာတရား ထွန်းကားစေချင်သည် ဆန္ဒဆိုလျှင် မှန်ပေလိမ့်မည်။
 
ဖြိုးဝေလှ