【ဆောင်းပါး 】ပြင်သုံးနိုင်ပြီး စျေးနှုန်းချိုသာသည်

【ဆောင်းပါး 】ပြင်သုံးနိုင်ပြီး စျေးနှုန်းချိုသာသည်

“မရမှာ မပူနဲ့။ အကုန်ပြင်ပေးတယ်။ ဒီနားက ကွိုင်တွေနဲ့ အတွင်းထဲက ပစ္စည်းတွေကအစ အသစ်ပြန်လဲပေးမယ်။ ဒီလိုလဲပစ်လို့ စျေးများမယ်မထင်ပါနဲ့။ ပစ္စည်းဖိုးနဲ့ လက်ခနဲ့ ၂၀၀၀ ပဲကျမယ်။ ယိုးဒယား ဘာညာဆိုရင်တော့  ဒီစျေးနဲ့ မရဘူး။ တရုတ်ထုတ် ပစ္စည်းမို့လို့ရတာ။”ဟု ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ် စျေးအနီးဖွင့်ထားသည့် လျှပ်စစ်ပစ္စည်းပြင်ဆိုင်ရှေ့၌ ဆိုင်ပိုင်ရှင်လည်းဖြစ်၊ လျှပ်စစ်ပြင်ဆရာလည်းဖြစ်သည့် ဦးဘမောင်က ဖုန်ပေပေဖြင့် ဟောင်းနွမ်းစပြုနေသော ရေနွေးကြိုအိုးတစ်လုံးကို ကိုင်ကာ ခပ်ကြွယ်ကြွယ် ရှင်းပြနေသည်။

သူ၏ ဆိုင်အတွင်း၌လည်း ဟောင်းနွမ်းနေသည့် ပန်ကာ၊ အကြော်အိုး၊ ရေနွေးကြိုအိုး၊ အဲလ်ကိုလာ စသဖြင့် စုံစုံလင်လင်ရှိနေသည့်အပြင် တစ်စစီဖြုတ်ထားသည့် လျှပ်စစ်ပစ္စည်းများကလည်း ခန်းလုံးပြည့်နီးပါး တပုံတပြုံ ရှိနေသည်။ အခန်းကျဉ်းထဲ ပြန့်ကျဲနေသည့် ပစ္စည်းအားလုံးနီးပါး၌ တရုတ်စာတချို့ရှိနေခြင်းကလည်း ထို လျှပ်စစ်ပစ္စည်းများသည် တရုတ်နိုင်ငံထုတ်ပစ္စည်းများပင်ဖြစ်ကြောင်း သိသာစေပြန်သည်။

“ တရုတ်ထုတ်လျှပ်စစ်ပစ္စည်းတွေ ပြင်ရတာက စိတ်ချမ်းသာတယ်။ တရုတ်လျှပ်စစ်ပစ္စည်းတွေပဲ လာပြင်သူများတာကိုး။ ဝင်ငွေပိုရတဲ့အပြင် အပိုပစ္စည်းလည်း အလွယ်ဝယ်လို့ရတာကို။ စျေးလည်းချို၊ ပေါလည်း ပေါတယ်။ ဒီအနီးအနားဆိုင်၊ ကိုယ့်ရပ်ကွက်ဆိုင်တွေမှာ လိုတဲ့ပစ္စည်းမရှိရင်တောင် Facebook  ပေါ်တက်မှာလို့ရတယ်။ ဦးလေးကတော့ အဲဒီလိုပဲမှာတယ် ငါ့တူရေ။”ဟု ဦးဘမောင်က ရေနွေးကြိုအိုးဟောင်းကို ပြင်ရင်း၊ ဆင်ရင်း ဆိုသည်။

ဦးဘမောင် ထိုသို့ဆိုခြင်းမှာ မမှားဟုဆိုရမည်။ လက်ရှိ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ၏ နေရာဒေသအများစုတွင် တရုတ်ထုတ် လျှပ်စစ်ပစ္စည်းအများစုကိုသာ  အဓိအားထားနေရသည်။ စျေးနှုန်းချိုသာသည့်အပြင် အပို ပစ္စည်း ပေါပေါများများရှိနေသည့်အတွက် ထိုသို့အားထားနေကြခြင်းဖြစ်သည်။ ထိုထက် လူကြိုက်များသည့် အချက်မှာ တရုတ်ထုတ်လျှပ်စစ်ပစ္စည်းအများစုသည် လူတို့၏ လိုအပ်ချက်ပေါ်မူတည်ပြီး ဖန်တီးမှုနှင့် အဆင့် မြှင့်တင်ခြင်းကြောင့် ဖြစ်သည်။

 ဥပမာဆိုရသော် မြန်မာနိုင်ငံအတွင်း မီးမကြာခဏပြတ်သည့်အတွက် ယခုနောက်ပိုင်းတွင် အားသွင်းသုံးနိုင်သည့် ပန်ကာများနှင့် မီးသီးများကို အဆင့်မြှင့်တင်ဖန်တီးကာ စျေးနှုန်းချိုချိုဖြင့် စျေးကွက်ထဲ အများအပြား တင်ပို့လာခြင်းဖြစ်သည်။ တရုတ်လျှပ်စစ်ပစ္စည်းကို သုံးစွဲသူများ အားထားရရုံမက လျှပ်စစ်ဆိုင်အများစုကလည်း အားထားရောင်းချနေရသည်။ တရုတ်နိုင်ငံထုတ် အထွေထွေလျှပ်စစ်ပစ္စည်းစျေးကွက်သည် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့စျေးကွက်တွင်လည်း လွှမ်းမိုးထားနိုင်သည်ဟု သိရသည်။ တရုတ်၏ပို့ကုန်တိုးတက်မှုမှာလည်း လျှပ်စစ်ပစ္စည်းများနှင့် စက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းက အဓိကပါဝင်နေသည်။

“အဓိကတော့ စျေးကွက်လိုအပ်ချက်ပေါ့။ တရုတ်ပစ္စည်းတွေက အဝင်များသလို ဝယ်လိုအားများတယ်။ နောက်ထပ် အားသာချက်က ဘယ်လောက်ပဲပျက်ပျက်၊ ထောင်တန်ပစ္စည်းတွေကအစ လွယ်လွယ်ပြန်ပြင်သုံး လို့ ရတယ်။ ပစ္စည်းအပိုပေါတာပေါ့။ အဲဒီတော့ အပိုပစ္စည်းထပ်ရောင်းရတော့ အမြတ်ကျန်တယ်။ အရင်ကလို အရည်အသွေးလည်း အရမ်းမညံ့တော့ဘူး။ စျေးနှုန်းအပေါ်မူတည်ပြီး ထိုက်သင့်တဲ့ အရည်အသွေး ကွာလတီရှိတယ်။ ဒါကြောင့်လည်း အရောင်းအဝယ်ပိုသွက်နေတာပေါ့။”ဟု ရန်ကုန်၊ လသာမြို့နယ်အတွင်း လျှပ်စစ်ပစ္စည်းမျိုးစုံဆိုင် လက်လီ၊ လက်ကားဖွင့်ထားသည့် ဦးဝင်းနိုင်က ပြောသည်။

တရုတ်လျှပ်စစ်ပစ္စည်းများကို မူဆယ်နယ်စပ်ဂိတ်များနှင့် အခြား တရုတ်နယ်စပ်ဂိတ်များမှတစ်ဆင့် တင်သွင်းနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စျေးကွက်လွှမ်းမိုးမှု ၅၀ ရာခိုင်နှုန်းကျော် ရှိနေကြောင်း လျှပ်စစ်ပစ္စည်းရောင်း၊ ဝယ်ရေးလက်ကြီးသမားများက ဆိုသည်။ ကျန် ၄၀ ရာခိုင်နှုန်းကျော်ကို ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတို့မှ တင်သွင်းကြောင်းသိရသည်။

“ထိုင်းနဲ့ ဂျပန်ထုတ်တွေလည်း အသုံးများကြပါတယ်။ ဒါပေမယ့် တရုတ်ထုတ်တွေကိုတော့ မမီဘူးပေါ့။ အဓိကတော့ အရည်အသွေးကောင်းတယ်ဆိုပေမယ့် ပျက်ရင် ပြင်ဖို့ခက်တယ်။ စျေးပိုကြီးတယ်။ မြန်မာနိုင်ငံ မှာ လည်း သိတဲ့အတိုင်း ငွေကြေးချွေတာရတော့ အသုံးဝင်တာချင်းအတူတူ စျေးပိုချိုတာ သုံးဖြစ်ကြတယ်။ အဲဒါကြောင့်လည်း တရုတ်ပစ္စည်းတွေက စျေးကွက်လွှမ်းမိုးမှု အားကြီးတာပေါ့။ အခုဆိုရင် ဆိုင်မှာတင်ရောင်းတဲ့ အပြင် Facebook မှာလည်း Page ဖွင့်ပြီး ရောင်းနေတယ်။ ရောင်းအားကောင်းတယ်လို့ ပြောရမယ်။”ဟု ရန်ကုန်အတွင်း လျှပ်စစ်ပစ္စည်းလက်ကား ဖြန့်ဖြူးရောင်းချနေသည့် အမည်မဖော်လိုသော လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိ တရုတ်လျှပ်စစ်ပစ္စည်းများဖြစ်သည့်  မီးသီး၊ ဓာတ်ခဲမှအဆုံး  ဆိုင်ကယ်၊ ရေခဲသေတ္တာနှင့် အထွေထွေ လျှပ်စစ်ပစ္စည်းရောင်းချမှုများကို အွန်လိုင်းစျေးကွက်များတွင်လည်း တွင်ကျယ်စွာ ရောင်းချလာနေကြပြီဖြစ်သည်။ အဓိက ပလက်ဖောင်းမှာ Facebook ဖြစ်ပြီး Facebook တွင် Page များဖွင့်၍တစ်မျိုး၊  Group များဖြင့်တသွယ် အပြိုင်အဆိုင် လက်လီ၊ လက်ကားရောင်းချနေကြခြင်းဖြစ်သည်။

“ အခုက လူတိုင်း ဖေ့ဘွတ်ခ် သုံးလာကြတော့ ပြီးခဲ့တဲ့ ၂ လလောက်ကမှ စမ်းရောင်းကြည့်တာပေါ့။ ဆိုင်မှာ ရောင်းရတာထက်ကို နှစ်ဆလောက် ပိုရောင်းရတယ်။ အရင်ကတော့ အနီးအနားနဲ့ နယ်တွေက ဖောက်သည် တွေ ဖုန်းဆက်မှာတာမျိုး၊ လူကိုယ်တိုင် ဆိုင်လာဝယ်တာမျိုးရှိတာပေါ့။ အခု ဖေ့ဘွတ်ခ်မှာကျတော့ ကိုယ်နဲ့ မသိတဲ့ နယ်ကလူတွေလည်း လက်လီ၊ လက်ကား လှမ်းမှာကြတော့ ပိုရောင်းရတယ်။ ဖေ့ဘွတ်ခ်က သုံးတတ်ရင် အကျိုးများပါတယ်။”ဟု ပန်းဘဲတန်းမြို့နယ်ရှိ လက်လီလက်ကား လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ဦးဝင်းမောင်သိန်းက ပြောသည်။

ထိုသို့ ဝယ်ယူသုံးစွဲသူ များလှသည့်အပြင် အရောင်းတွင်ကျယ်၊ အမြတ်အစွန်းများစွာကျန်လှသည့် တရုတ်ထုတ် လျှပ်စစ်ပစ္စည်းများ ဆိုင်တွင် ပြတ်လပ်မှုမရှိရေးကလည်း လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်များအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ ထိုမျှမက သုံးစွဲသူများအတွက်လည်း စိန်ခေါ်မှုဖြစ်သည်။

“ ပြီးခဲ့တဲ့ ၂၀၂၀ လောက်ကတည်းက တော်တော်ကို အခက်အခဲတွေဖြစ်ခဲ့တယ်။ ကိုဗစ်ကြောင့် နယ်စပ်ဂိတ်တွေ ပိတ်လိုက်တော့ ပစ္စည်းအဝင်မရှိ၊ ပစ္စည်းတွေ စျေးကွက်ထဲပြတ် ကျွန်တော်တို့ ဆိုင်ရှင်တွေရော၊ ဝယ်ယူ သုံးစွဲသူတွေရော အခက်အခဲတွေ ဖြစ်ခဲ့ကြတယ်။ ပစ္စည်းရှားတော့ စျေးတွေတက်တယ်။ အားသွင်းမီးသီးတွေ၊ ပန်ကာတွေကအစ။ ဝယ်သူတွေလည်း စျေးကြီးပေးဝယ်ရတယ်။ နောက်ဆုံး ပစ္စည်းလုံးဝပြတ်သွားလို့ ဆိုင်ပါ ခဏ နားလိုက်ရတယ်။”ဟု အမည်မဖော်လိုသည့် လျှပ်စစ်ပစ္စည်း လက်ကြီးရောင်း၊ ဝယ်သူတစ်ဦးက ပြောသည်။

ထိုကာလက အရေးတကြီးလိုအပ်သည့် လျှပ်စစ်ပစ္စည်းများကို လှမ်းမှာပါက ပုံမှန် ၂ ရက်၊ ၃ ရက်ခန့်ကြာသော်လည်း ထိုကာလတွင် တစ်လနှင့် တစ်လအထက် ကြာသည်။ လက်ရှိတွင် ထိုအခြေအနေဆိုးများ မရှိတော့။ အကြောင်းကာ တရုတ်နယ်စပ်ဂိတ်များကို ကန့်သတ်မှုများ ဖြေလျှော့ပယ်ဖျက်ကာ ဖွင့်ပေးလိုက်ခြင်းကြောင့်ဖြစ်သည်။

“ အခုက မူဆယ်ဂိတ်တွေပါ ဖွင့်ပေးလိုက်တော့ အဆင်ပြေသွားပြီ။ ပစ္စည်းမှာရင်လည်း စောင့်ရတဲ့ ရက်မရှိတော့ဘူး။ ချောချောမွေ့မွေ့ပဲဆိုတော့ အရောင်းအဝယ် ပြန်သွက်နေပြီ။ ပြန်မဖွင့်ခဲ့ရင်တော့ မလွယ်လှဘူး။ ဆိုင်ထပ်ပိတ်ရမယ့် အခြေအနေထပ်ဖြစ်တော့မယ်။ နယ်စပ်ဂိတ်တွေကို အရင်လို ပြန်မပိတ်ဘူးဆိုရင်တော့ အရောင်းအဝယ်က ရေရှည်အရင်ထက် ပိုကောင်းလာနိုင်တယ်။”ဟု ရန်ကုန်၊ လသာမြို့နယ်အတွင်း လျှပ်စစ်ပစ္စည်း မျိုးစုံဆိုင် လက်လီ၊ လက်ကားဖွင့်ထားသည့် ဦးဝင်းနိုင်က ဆိုသည်။

ပြည်တွင်း လျှပ်စစ်ပစ္စည်းစျေးကွက်အတွင်းတွင် တရုတ်ပစ္စည်းများက အခိုင်အမာနေရာယူထားပြီဖြစ်သလို ယခုနောက်ပိုင်း အရည်အသွေးပိုင်းပါ ပိုကောင်းလာသည့် ပစ္စည်းများလည်း ဝင်ရောက်လာပြီး အနာဂတ်တွင် စျေးကွက်၏ အားကိုးရာအခိုင်အမာမျိုးဖြစ်လာပေတော့မည်။

ဘုန်းမြတ်(အုန်းတောမြေ)