【ဆောင်းပါး 】အွန်လိုင်းဆွေးနွေးပွဲမှသိရသည့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု

【ဆောင်းပါး 】အွန်လိုင်းဆွေးနွေးပွဲမှသိရသည့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု 

ကမ္ဘာ့နိုင်ငံများအနက်တွင် နည်းစနစ်ကောင်းများဖြင့် တိုးတက်မှုအရှိန်အဟုန်ကောင်းနေပြီး ထိပ်သီးနိုင်ငံကြီးဖြစ်လာသည့် တရုတ်ပြည်၏ အကြောင်းကို ဗဟုသုတရဖွယ် သိရှိနိုင်ရန် အခြေအနေအကြောင်းဖန်လာခဲ့သည်။

ခေတ်မီတိုးတက်၍ စည်းစနစ်ကောင်းများဖြင့် ကျော်ကြားသည့် အိမ်နီးချင်းတရုတ်ပြည်သို့ တရုတ်-မြန်မာ နှစ်နိုင်ငံ မီဒီယာပူးပေါင်းဖလှယ်မှုအစီအစဉ်ဖြင့် သွားရောက်တာဝန်ထမ်းဆောင်ခဲ့သော ဆရာမစုသက်မှူးက သူမ၏ အတွေ့အကြုံကို ဒီဇင်ဘာ ၂၆ ရက် ညပိုင်းကပြုလုပ်သည့် အွန်လိုင်းဆွေးနွေးပွဲ၌ ပြန်လည်ဝေမျှပြောကြားခဲ့သည်။

နှစ်ပေါင်း ၃၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည့် ပေကျင်းမြို့ကို ရောက်ရှိသွားသောအခါ လည်ပတ်စရာ နေရာများစွာ အပါအဝင် စည်းကမ်းသပ်ရပ်ပြီး အတုယူစရာအမူအကျင့်ကောင်းများကို အံ့အားသင့်ဖွယ်မြင်ရသည့်အကြောင်း သူမက ဖောက်သည်ချ၍ ပြန်ပြောပြခဲ့သည်။

ထိုသို့ တိုးတက်မှုအခြေအနေသည် တရုတ်အစိုးရက ပြည်သူအပေါ်မည်သို့ကူညီပုံ၊ မည်သို့လုပ်ဆောင်ခဲ့ပုံများက စိတ်ဝင်စားစရာ ဖြစ်စေခဲ့သလို မြန်မာနိုင်ငံအတွက်လည်း အတုယူဖွယ်ရာအခြေအနေမျိုးဖြစ်ကြောင်းကို သူမကဆိုခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် ပြည်သူကိုအဓိကထားကာ စိတ်တူကိုယ်တူ ကြိုးပမ်းရင်းဖြင့် တိုးတက်ပြောင်းလဲလာမှုက အံ့မခန်းဖွယ်ရာ ဖြစ်လာစေခဲ့သည်။

သိပ္ပံနှင့်နည်းပညာကဏ္ဍတွင်လည်း ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် အံ့မခန်းလောက်အောင် တိုးတက်လာခဲ့သလို လက်ရှိတွင် ၂၀၂၂ ခုနှစ်မှာ သိပ္ပံပညာရပ်အတွက် မယုံနိုင်ဖွယ်ရာ နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ အမျိုးသားအာကာသ ဓာတ်ခွဲခန်းတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီး ပရိုတိန်းဖြင့် အရိုးဖွဲ့စည်းပုံ ဒီဇိုင်းပြုလုပ်သော နည်းလမ်းသစ်ကို တီထွင်နိုင်ခြင်း၊ ကမ္ဘာ့အမြင့်ဆုံးဖြစ်သည့် ဧဝရတ်တောင်ပေါ်တွင် မိုးလေဝသစခန်းတည်ဆောက်နိုင်ခြင်း၊ ကမ္ဘာ့ပထမဆုံး ပိုးမျှင်ကောင်၏ တိကျသော မျိုးဗီဇပြောင်းလဲမှု သရုပ်ပြပုံဖော်ရေးဆွဲနိုင်ခဲ့ခြင်း၊ “ငါးမှ လူသို့” ဇာစ်မြစ် ရှာဖွေရေးသုတေသနနယ်ပယ်၌ ကြီးမားသည့် အောင်မြင်မှုများရခဲ့ခြင်း၊ လကမ္ဘာတွင် သတ္တုသစ် “Changesite-(Y)” ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်း၊ အင်္ဂါဂြိုဟ်ပေါ်တွင် မကြာသေးမီက ရေလှုပ်ရှားမှုလက္ခဏာများကို လေ့လာရေးယာဉ် “Zhurong”မှ တွေ့ရှိခြင်း၊ တရုတ်နိုင်ငံ၏ အထွေထွေ နေကမ္ဘာအာကာသစူးစမ်းလေ့လာရေးခေတ်သစ်ကိုဖွင့်လှစ်နိုင်ခြင်း စသည်တို့မှာ သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထင်ရှားသည့် တိုးတက် အောင်မြင်ခဲ့သော အခြေအနေများဖြစ်ခဲ့သည်။

အလားတူ ကျန်းမာရေးကဏ္ဍ၊ လယ်ယာနှင့် သီးနှံစိုက်ပျိုးရေးကဏ္ဍများ၊ ကုန်သွယ်ရေး၊ စီးပွားရေး စသည့် ကဏ္ဍ အသီးသီး တို့တွင်လည်း တစ်ဟုန်ထိုးအောင်မြင်လာသည့် အခြေအနေမျိုးကို ပိုင်ဆိုင်လာခဲ့သည်။ ထိုတိုးတက်အောင်မြင်မှုများက သန်းပေါင်း ၁၄၀၀ လောက်ရှိသည့် ပြည်သူများကို နှစ်အနည်းငယ်အတွင်းမှာပင် လူနေမှုစနစ် မြင့်မားလာကာ ချမ်းသာသည့် ဘ၀မျိုးဖြစ်စေခဲ့သည်။ ယင်းကဲ့သို့ တိုးတက်စေသည်မှာလည်း ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးစသော နယ်ပယ်များ အပါအဝင် ကဏ္ဍအသီးသီးတွင် ပြည်သူများ၏လိုအပ်ချက်အတွက် ထောက်ပံ့ကြေးများအပါအဝင် အထောက်အပံ့ကောင်းများနှင့် မှန်ကန်ထိရောက်ခဲ့သည့် စီမံခန့်ခွဲမှု ဆိုင်ရာမူဝါဒဦးတည်ချက်များကြောင့် ချမ်းသာသော ဘ၀မျိုးကို ဖြစ်လာစေသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ယခု ၂၀၂၂ ခုနှစ်၏ ၁၀ လတာကာလအတွင်း တရုတ်နိုင်ငံမှ လက်တွေ့အသုံးပြုနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ တရုတ်ယွမ်ငွေ ၁၀၈၉ ဒသမ ၈၆ ဘီလီယံရှိနေသည်ဟု တရားဝင်ဖော်ပြထားသလို မကြာသေးမီက ကျင်းပခဲ့သည့် ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေး၌လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုအားကောင်းစွာ ဆွဲဆောင်အသုံးပြုရမည်ဟူ၍လည်း ထောက်ပြထားသလို အဆင့်မြင့်တံခါးဖွင့်မူဝါဒဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးနှင့် အဆင့်အတန်းများ မြှင့်တင်ကာ လုပ်ဆောင်သွားရန်လည်း စီစဉ်ထားကြသည်။

ကမ္ဘာ့ဘဏ်၏ သုတေသနအစီရင်ခံစာတွင်လည်း  တရုတ်ပြည်၏ “Belt and Road” အဆိုပြုချက် ဘက်စုံဖော်ဆောင်မှုမှာ နိုင်ငံအတွင်းမှ လူဦးရေပေါင်း ၇ ဒသမ ၆ သန်းခန့် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုမှ ကင်းလွတ်စေပြီး တစ်ကမ္ဘာလုံး ကုန်သွယ်ရေး၏ ၆ ဒသမ ၂ ရာခိုင်နှုန်း၊ တစ်ကမ္ဘာလုံးဝင်ငွေ ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာစေကြောင်းလည်း အခိုင်အမာဖော်ပြထားလျက်ရှိသည်။

တရုတ်ပုံစံဒီမိုကရေစီကို ဖော်ဆောင်နေသလို ကမ္ဘာ့စီးပွားရေး၏ ၁၈ ရာခိုင်နှုန်းလောက် ဖြစ်လာပြီး တရုတ်နိုင်ငံအတွင်း လက်တွေ့အသုံးပြုနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ယမန်နှစ်ထက် ၁၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာသလို အဆင့်မြင့်နည်းပညာလုပ်ငန်းများ၌ လက်တွေ့အသုံးပြုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၃၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

ပညာရေးကဏ္ဍတွင် တရုတ်နိုင်ငံမှ တက္ကသိုလ်ပေါင်း ၃၀၀ ကျော်၌ နိုင်ငံခြားပညာတော်သင်များကို လက်ခံကာ သင်ကြားပေးနေပြီး ပညာသင်ဆုများကိုလည်း ဆက်လက်ပေးနေသလို ပညာတော်သင် ငါးသိန်းလောက် ရှိနေကြသည်။ တရုတ်ပြည်၏ ပညာတော်သင်ဆုရသော မြန်မာလူငယ်တစ်ဦးနှင့် တရုတ်ပြည်တွင်ဆုံခဲ့သည့်အကြောင်းအပါအဝင် လေ့လာရေး ရောက်ရှိခဲ့သည့် စာရေးဆရာတစ်ဦးနှင့်တွေ့ဆုံပုံကိုလည်း အွန်လိုင်းဆွေးနွေးပွဲတက်ရောက်သူများ သိရှိအောင် ပြန်လည်ပြောကြားထားသည်။

ထို့အပြင် ပြည်သူများအတွက် လုံခြုံမှုစနစ်ကလည်းကောင်းမွန်ခဲ့ပြီး ကိစ္စရပ်တစ်ခုခုကြောင့် ည ၁၀ နာရီကျော် အပြင်ထွက်၍ သွားလာသည့်အခါ၌လည်း စိုးရိမ်စရာမရှိဘဲ ကောင်းမွန်သော လုံခြုံမှုစနစ်ကလည်း အတုယူဖွယ်ရာပင်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်မြေချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံလည်းဖြစ်သလို ကံကြမ္မာတူသည့် ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးသည်သာမက တရုတ်ခရီးသွားဧည့်သည်များ ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်လောက်က မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ကြပြီး ပုဂံဒေသသို့ အများဆုံးသွားရောက်လည်ပတ်လေ့လာမှုများ ပြုလုပ်ခဲ့ကြသည့်အတွက် ဒေသခံများအဖို့ ဝင်ငွေတိုးကာ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေခဲ့သော အခြေအနေမျိုးရောက်ခဲ့သည်။

ခရီးသွားဧည်သည်များ၏ စီးနင်းမှုနည်းပါးခဲ့သော မြင်းလှည်းများကြောင့် မြင်းလှည်းကိုအသုံးပြုကာ ဝမ်းစာရှာဖွေသည့် ဒေသခံများအဖို့ အခက်ခဲကြုံနေချိန်တွင် အလည်အပတ်လာကြသော တရုတ်ခရီးသွားဧည့်သည်များက မြင်းလှည်းများကို အသုံးပြုစီးနင်းရာမှ မြင်းလှည်းများတစ်ခေတ်ပြန်ကောင်းလာကာ မိသားစုစားဝတ်နေရေးအတွက် လုံလောက်အောင် ရပ်တည်လာနိုင်ခဲ့သည့် အခြေအနေမျိုးပြန်ကြုံလာပြန်ခဲ့သည်။

ထို ၂၀၁၉ ခုနှစ်အတွင်း ပုဂံသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွားများအနက်တွင် ခရီးသွား ၁၈၀၀၀၀ ဝန်းကျင်ဖြင့် ဂျာမန် ဧည့်သည်များမှာ အများဆုံးဖြစ်သော်လည်း တရုတ်ဧည့်သည်များမှာ ၁၅၀၀၀၀ ကျော်ဖြင့် ဒုတိယအများဆုံး လာရောက်ခဲ့ကြပြီး ကိုဗစ်ကာလမှာပင် ၁၂၀၀၀ ကျော်လာရောက်ကာ အခြားသောကမ္ဘာလှည့်ဧည့်သည်များထက် လာရောက်မှု အများဆုံးသော အခြေအနေဖြစ်ခဲ့သည်။

ယခုအခါ ပုဂံမှဟိုတယ်များက တရုတ်ဘာသာစကားကိုသင်ယူရန် စိတ်ဝင်စားနေပြီး Heritage Bagan ဟိုတယ်ရှိ ဝန်ထမ်းများကို သင်ကြားနေသလို သင်ယူရသော ဝန်ထမ်းများကလည်း နှစ်သက်မှုရှိခဲ့ကြောင်း Heritage Bagan မှ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းအောင်က ပြောပြသည်။ သာမန်အားဖြင့် သင်ယူကြသော သင်ခန်းစာများမှ အကြောင်းအရာများသာမကဘဲ ဧည့်သည်များဘက်မှ တုန့်ပြန်ပြောဆိုချက်များအပေါ် တရုတ်ဘာသာစကားဖြင့် ပြန်လည် ရှင်းပြတတ်ရန် စိတ်ဝင်တစားမေးမြန်းလာကြသလို သိချင်သောအကြောင်းအရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်း အရာများကိုလည်း မေးမြန်းလာကြကာ စိတ်ဝင်စားမှုများစေခဲ့သည်။

ပုဂံဒေသရှိ ဝန်ထမ်းများကို တရုတ်ဘာသာစကားသင်ယူပေးဖြစ်သည့် အခြေအနေကိုလည်း မန္တလေးအခြေစိုက် တရုတ်စာသင်ကြား‌ရေးဆရာမ ဒေါ်စန္ဒာထွန်းက ပြန်ပြောင်းပြောပြခဲ့ပြီး သင်ယူသူများ၏ စိတ်ဝင်စားမှုအပေါ် ချီးမွမ်းခဲ့ပြန်သေးသည်။

လက်ရှိတွင်လည်း ကိုဗစ်နှင့်ပတ်သက်ပြီး ကူးစက်ရောဂါကာကွယ်ထိန်းချုပ်မှုစနစ်အပေါ် တရုတ်နိုင်ငံမှ ကိုင်တွယ်လုပ်ဆောင်ပုံမှာ အတုယူဖွယ်ရာဖြစ်ပြန်သည်။ ကိုဗစ်ကြောင့် အမေရိကန်တွင် လူပေါင်း ၂ ဒသမ ၀၉ သန်း ဝန်းကျင်၊ ဥရောပဒေသတွင် ၂ သန်းကျော်လောက် သေဆုံးမှုများရှိခဲ့သော်လည်း တရုတ်ပြည်တွင် ထိခိုက်သေဆုံးမှု နည်းပါးခဲ့သည့်အပြင် ရောဂါကာကွယ်တားဆီးရေးဆိုင်ရာအကူအညီများကို မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသို့ အကူအညီ ပေးနေလျက်ရှိသည်။ မြန်မာနိုင်ငံသို့လည်း ကိုဗစ်နှင့်ပတ်သက်သည့် ဆေးဝါးများအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အကူအညီအများအပြားပေးနေသလို လက်ရှိတွင် တရုတ်ပြည်အတွင်း တရုတ်နိုင်ငံသို့ ဝင်ရောက်လာသူအားလုံးကို နျူကလိစ်အက်ဆစ်စမ်းသပ်ခြင်း၊ ကွာရန်တင်းနေရန် သတ်မှတ်ထားသည့် သတ်မှတ်ချက်များ ဖျက်သိမ်းလိုက်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီ ပူးတွဲကာကွယ်ထိန်းချုပ်ရေးယန္တရားမှ ဆိုထားခဲ့သည်။

တရုတ်နိုင်ငံသို့ ဝင်လာမည့်သူများအတွက်သာမကဘဲ တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်မည့် သူများအတွက်ကိုလည်း စနစ်တကျဖြင့် စီစဉ်နေခြင်းကြောင့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများအပါအဝင် စီးပွားရေး၊ ယဉ်ကျေးမှု အစရှိသည့် ဆက်နွယ်သောပူးပေါင်းဆောင်ရွက်မှုများအရလည်း တရုတ်နိုင်ငံသားများ အနာဂတ်မှာ ပိုမိုလာရောက်မည့် အခြေအနေများရှိနေသလို ကိုဗစ်ကြောင့် ဧည့်သည်မလာသလောက်ဖြစ်ခဲ့၍ စားဝတ်နေရေး အခက်အခဲကြုံသော ဒေသခံများအဖို့ ဝမ်းသာစရာနေ့ရက်များက မကြာခင်ရောက်လာတော့ပေမည်။

ထိုသို့ကူးလူးဆက်သွယ်လုပ်ကိုင်ရာတွင် Communication အတွက် အရေးပါလှသည့် တရုတ်ဘာသာစကားမှာလည်း နိုင်ငံတကာတွင် ဒုတိယဦးစားပေးဘာသာစကားဖြစ်လာသည်ကို ပုဂံဒေသမှ ဟိုတယ်ဝန်ထမ်းများအပါအဝင် Tourism နယ်ပယ်အတွင်းမှ ဒေသခံများမှာ ယုံကြည်ထားကြပြီး အနာဂတ်ကာလအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေကြသည်။

လက်ရှိတွင်လည်း တရုတ်ပြည်မှ တက္ကသိုလ်များက မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူ များကို ပညာသင်ဆုများပေးနေလျက်ရှိသလို အနာဂတ်မျိုးဆက်သစ်များအတွက် အခွင့်အလမ်းများစွာက အခြေအနေ ပေးနေလျက်ရှိသည်။ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုမှ စနစ်တကျတိုးတက်လာသည့် နည်းစနစ်ကောင်းများကို အတုယူကြိုးပမ်းရင်း အခွင့်အလမ်းကောင်းများစွာဖြင့် တိုးတက်မှုရောင်ခြည်သန်းနေသည့် အကြောင်းအရာများကို ဗဟုသုတရဖွယ် ပြန်လည်မျှဝေဆွေးနွေးသည့် အွန်လိုင်းဆွေးနွေးပွဲမှ မှတ်သားမိသလောက် ပြန်လည်ရေးသား ဖော်ပြလိုက်ပါသည်။

ဧပရယ်လ်