【ဆောင်းပါး 】“အနုပညာ တာဝန်ကျေပွန်တဲ့ ကျွန်တော့်ရဲ့ ပထမဆုံးအမှုသည်”

【ဆောင်းပါး 】“အနုပညာ တာဝန်ကျေပွန်တဲ့ ကျွန်တော့်ရဲ့ ပထမဆုံးအမှုသည်”

 ၂၀၂၁ စက်တင်ဘာထဲမှာလား အောက်တိုဘာထဲမှာလား သေသေချာချာမမှတ်မိတော့ပါ။ ကိုဗစ်ကြောက် ပြီး အိမ်ထဲနေရတဲ့ ငြီးငွေ့မှု ပျောက်လိုပျောက်ငြား တီဗီလိုင်းတွေကို ဟိုရွှေ့ဒီရွှေ့လုပ်ရင်း၊ အမှတ်မထင် ကျွန်တော့်ရဲ့ ပထမဆုံးအမှုသည် ( My First Client) ဆိုတဲ့ မြန်မာစာတန်းထိုး ကိုရီးယားဇာတ်ကားလေးကို ကြည့်ရှုလိုက်ရပါတယ်။ ပြသတဲ့လိုင်းက Channel Me ပါ။

၂၀၂၁ ဖေဖော်ဝါရီကတည်းက တီဗီ မကြည့်သလောက်ဖြစ်ခဲ့ပေမဲ့၊ အဲဒီနေ့က ပျင်းလို့ဆိုပြီး တီဗီခလုတ်တွေလျှောက်နှိပ်မိတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကျေးဇူးတင်ရတဲ့ ကားလေးပါ။ အခန်းဆက်ဇာတ်ကား ( Series) မဟုတ်ဘဲ တစ်နာရီကျော်ကြာ တထိုင်တည်းကြည့်ခွင့်ရတဲ့ကားလေးပါ။

ဇာတ်ကားကို ဉပဒေဆိုင်ရာကုမ္ပဏီ ( Law Firm) တစ်ခုမှာ အလုပ်လျှောက်ထားကြတဲ့ ဥပဒေဘွဲ့ရသမား တွေ  အင်တာဗျူးလာဖြေရတဲ့ အခန်းနဲ့ စဖွင့်ထားပါတယ်။ အင်တာဗျူးသူက အမှုတစ်မှုအကြောင်းကို အကျဉ်းပြောပြပြီး အလုပ်လာလျှောက်ကြတဲ့ ဥပဒေဘွဲ့ရသမားတွေရဲ့ ထင်မြင်ချက်ကို မေးပါတယ်။ တခြားသူတွေကို အပြစ်ရှိတယ်၊ အစိုးရမှာ တာဝန်ရှိတယ် စတဲ့ သမားရိုးကျအဖြေတွေဖြေပေမဲ့၊ ရင်ဂန်ဟို ဆိုတဲ့ တစ်ယောက်က မတူကွဲပြားတဲ့ သူ့အမြင်ကို ပြောပါတယ်။ ရင်ဂန်ဟိုတစ်ယောက် အလုပ်လက်မဲ့ဖြစ်နေတာကြာပြီဆိုတော့ အစ်မ ဆီမှာ ကပ်စားနေထိုင်နေတာကို အစ်မဖြစ်သူက တကျည်ကျည်ပြောလာပါပြီ။ ဒါကြောင့် ဂန်ဟိုတစ်ယောက် ဥပဒေဘွဲ့နဲ့ ဘာမှမဆိုင်တဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလူမှုဝန်ထမ်းဌာန မှာ အလုပ်ဝင်လုပ်ပါတယ်။

အဲဒီအခန်းအပြီးမှာ ပစ္စည်းတွေ ဖရိုဖရဲ ပွမွနေတဲ့ တိုက်ခန်းကျဉ်းလေးထဲက ကလေး ၂ ယောက်ကိုပြသပါတယ်။ အစ်မဖြစ်သူက ရေချိုးခန်းထဲမှာ အဝတ်လျှော်နေပြီး မောင်ငယ်ဖြစ်သူက အိပ်ခန်းထဲက ကြမ်းပြင်မှာ ဝမ်းလျားထိုးမှောက်ပြီး အမေပုံကို မှန်းဆပုံဆွဲနေပါတယ်။ ပုံဆွဲရင်း အစ်မဖြစ်သူကို“ အမေ့ဆံပင်ကို ဘာရောင်ထည့်ရမလဲ၊ မျက်လုံးက ဘယ်လိုလဲ “ စသဖြင့် မေးပြီး သူတို့မောင်နှမ ၂ ယောက် မမြင်ဖူးလိုက်တဲ့ အမေပုံကို စိတ်ကူးနဲ့ပုံဖော်နေပါတယ်။ အစ်မအဝတ်လျှော်အပြီးမှာ မောင်နှမနှစ်ယောက် ရေညှိမီးကင်စားရင်း တစ်ယောက်နဲ့တစ်ယောက် စနောက်ကျီစယ်နေကြပုံကို ပြသသွားပါတယ်။ မုဆိုးဖို အဖေပြန်လာတော့ သူတို့မောင်နှစ်မ ၂ ယောက်ကို စားသောက်ဆိုင်တစ်ဆိုင်ဆီခေါ်သွားပြီး၊ ဒုတိယအိမ်ထောင်အဖြစ် ယူမယ့်အမျိုးသမီးနဲ့ မိတ်ဆက်ပေးပါတယ်။ ကလေးတွေကလဲ ပြုံးပြုံးရွှင်ရွှင်၊ အမေဖြစ်လာမယ့် မိထွေး ကလဲ ပြုံးပြုံးရွှင်ရွှင်နဲ့ မိသားစုစားသောက်ဝိုင်းလေးပြီးဆုံးသွားပါတယ်။

၁၀ နှစ်သမီး အကြီးမလေး ကင်ဒါဘီက ကျောင်းနေနေပါပြီ။ ၇ နှစ်အရွယ် အငယ်ကောင် ကင်မင်ဂျွန်းက ကျောင်းမနေသေးပါဘူး။ ဒါဘီလေးဟာ ကျောင်းမှာ တခြားအတန်းဖော်တွေနဲ့ အတူ ကကြ သီချင်းဆိုကြပြီး ပျော်ရွှင်နေသူလေးပါ။ ဒါဘီကျောင်းဆင်းချိန်မှာ မင်းဂျွန်းလေးက ကျောင်းထောင့်မှာ လာစောင့်ပြီး အစ်မနဲ့ အတူလမ်းလျှောက်ရင်း ဆော့ကစားရင်း အိမ်ပြန်လေ့ရှိပါတယ်။ ကိုရီးယားထုံးစံ မိထွေးကို အမေလို့ခေါ်ရပါတယ်။ အမေရှိလာတဲ့ အိမ်ဟာ ပစ္စည်းတွေ ရှုပ်ပွ မနေတော့ဘဲ သန့်ရှင်းသပ်ရပ်ပြီး ထမင်း ဟင်းတွေလဲ စားပွဲပေါ်မှာ အရံသင့်စား ရတဲ့ အနေအထားကို မောင်နှမ ၂ ယောက်ခံစားကြရပါတယ်။ ဒါပေမဲ့ ၇ နှစ်အရွယ် မင်းဂျွန်းလေး တူကိုကျွမ်းကျွမ်းကျင်ကျင် မကိုင်တတ်သေးလို့ လုံးဝန်းတဲ့ အစားအစာတွေကို တူနဲ့ ညှပ်ယူတဲ့အခါ ပြုတ်ကျရင် ကလေးဆိုတော့ လက်နဲ့ကောက်ယူစားတာကို မိထွေးက ခွင့်မလွှတ်ပါဘူး။ မိထွေးက “ သင်ခန်းစာပေးရတော့မယ်” လို့ ခပ်တင်းတင်းပြောပြီး၊ သူ့ရဲ့ဖားလျားကျနေတဲ့ ဆံပင်ကို စုစည်းလိုက်ပြီဆိုရင် သူတို့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်တော့မယ့် သင်္ကေတဖြစ်ကြောင်း သူတို့မောင်နှမသိလာပါပြီ။

ဒါဘီလေးဟာ သူဘာအပြစ်မှ မလုပ်ဘဲ မိထွေးက ပြင်းပြင်းထန်ထန်ရိုက်တာကို ရဲစခန်းသွားတိုင်ပါတယ်။ ရဲစခန်းက “ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလူမှုဝန်ထမ်းဌာန” ကို အကြောင်းကြားပါတယ်။ လူမှုဝန်ထမ်း ဌာနက အရာရှိက ဂန်ဟိုနဲ့ အမျိုးသမီးဝန်ထမ်းတစ်ယောက်ကို ရဲစခန်းကိုလွှတ်လိုက်ပါတယ်။ ရဲတစ်ဦးနဲ့ အတူ ဂန်ဟိုတို့ဟာ ဒါဘီ့တိုက်ခန်းကို သွားကြရပါတယ်။ မိထွေးက တံခါးဖွင့်ပေးပြီး မျက်နှာချိုချိုနဲ့ ဖြေရှင်းပါတယ်။ အခန့်မသင့်လို့ သမီးက အမေကို စိတ်ဆိုးတဲ့ဖြစ်ရပ်လို့ ရဲက ယူဆပေမဲ့၊ တံခါးပေါက်ကြားက ချောင်းကြည့်နေကြတဲ့ ဒါဘီတို့ မောင်နှမရဲ့ မျက်လုံးတွေကို မြင်တဲ့ လူမှုဝန်ထမ်းအမျိုးသမီးက မိထွေးပြောနေတာတွေ မမှန်ကန်ဘူး ဆိုတာ သိနေပါတယ်။ သူက လူမှုဝန်ထမ်းတွေမှာ ဘာလုပ်ပိုင်ခွင့်မှ မရှိတော့ အဖြစ်မှန်တွေကို မကာကွယ်ပေးနိုင်တာ စိတ်ပျက်တယ်ဆိုပြီး အလုပ်ကထွက်သွားပါတယ်။

နောက်နေ့မှာတော့ ဒါဘီတို့ မောင်နှမ ၂ ယောက် ဂန်ဟိုရဲ့ အလုပ်ထဲလိုက်လာကြပါတယ်။ ဂန်ဟိုက ဟိုဟိုသည်သည်လိုက်ပို့ ဟန်ဘာဂါနဲ့ အအေးဝယ်ကျွေးတာတွေကို သူတို့သဘောကျကျပါတယ်။ ဒီလိုနဲ့ အငယ် ကောင်လေး မင်ဂျွန်းက ဂန်ဟိုကို တွယ်တာလာပါတယ်။ ဒါပေမဲ့ ဂန်ဟိုတစ်ယောက် ဆိုးလ်မြို့က ဥပဒေ ကုမ္ပဏီ က အလုပ်ခန့်လိုက်တာကြောင့် ဆိုးလ်ကို ပြောင်းရပါတယ်။ သူဒီလို ပြောင်းရလို့ မင်ဂျွန်းက စိတ်ထိခိုက် လက်မခံနိုင်ဖြစ်နေလို့ မင်ဂျွန်းကျေနပ်အောင် ကားပေါ်မှာရှိတဲ့ ဂန်ဟို့ တူလေးရဲ့ လူဝံရုပ်လေးနဲ့ ဝမ်တစ်သောင်းပေးပြီး “ မင်းတို့ဘာသာ ဟန်ဘာဂါ ဝယ်စားကြ “လို့ ချော့လိုက်ရပါတယ်။

ညရောက်တော့ နှစ်ထပ်ကုတင်နဲ့ အိပ်ရင်း မင်ဂျွန်းက အောက်ဘက်ကနေ အပေါ်ထပ်မှာအိပ်တဲ့ အစ်မကို လူဝံရုပ်လေးနဲ့ စကားအပြန်အလှန်ပြောလို့ရကြောင်း ပြောပြပါတယ်။ တစ်ရက်မှာတော့ ဂန်ဟိုရဲ့လိပ်စာ ကဒ်ပြား လေးတွေ့မှုနဲ့ ဒါဘီကို မိထွေးက ပြင်းပြင်းထန်ထန်ရိုက်နှက်ပါတယ်။ အတန်းထဲမှာ စာသင်နေရင်း ဒါဘင် ကုလားထိုင်ပေါ်ကနေ အောက်ကိုပြုတ်ကျပြီး သတိလစ်သွားပါတယ်။ နားထဲကလဲ သွေးတွေထွက်လာပါတယ်။ ဒါဘင်ကို ဆေးရုံတင်လိုက်ရပါတယ်။ ဒါဘင့်ဆရာမက ဒါဘင်ဆေးရုံရောက်နေကြောင်း ဂန်ဟိုကို တနေကြောင်း ဖုန်းဆက်လိုက်လို့ ဂန်ဟိုဆေးရုံရောက်လာပါတယ်။ ဒါဘီက သူတို့မောင်နှမ ၂ ယောက်ကို ဂန်ဟိုခေါ်ထားပါ။ ပြောစကား အားလုံးနားထောင်ပါမယ်လို့ တောင်းပန်ပါတယ်။ ဂန်ဟို မခေါ်ထားနိုင်ပေမဲ့ အကြောင်းရှိရင် ဆက်သွယ်ပါ ကူညီမယ်လို့ ကတိပေးခဲ့ပါတယ်။

တစ်ည မောင်နှမ ၂ ယောက် အပေါ် ထပ် အောက်ထပ်စကားပြောနေတုန်း မိထွေးဖြစ်သူအခန်း ထဲဝင် လာပါတယ်။ ဂန်ဟိုပေးထားတဲ့ ဝမ် ၁၀၀၀၀ တန်တွေ့မှုနဲ့ မင်ဂျွန်းကို ရိုက်နှက်ရင်း လက်လွန်ပြီး မင်ဂျွန်းဒဏ်ရာ အပြင်းအထန်ရသွားပါတယ်။ အဲဒီ ဒဏ်ရာတွေနဲ့ပဲ မင် ဂျွန်းလေးသေသွားတော့ မိထွေးက ဒါဘင်သတ်တာလို့ ဒါဘင်ကို ဝန်ခံစေပါတယ်။ ဒါဘင့်ဆရာမဆီက ရတဲ့ ဖုန်းသတင်းကြောင့် ဂန်ဟိုအပြေးအလွှားပြန်လာချိန်မှာ၊ ဒါဘင်ကို ရဲက လာဖမ်းသွားပါပြီ။ ၁၀ နှစ်ပဲ ရှိသေးလို့ ဒါဘင် ပြန်လွတ်လာပေမဲ့ ပတ်ဝန်းကျင်က သူ့ကို ကိုယ့် မောင်လေးကိုယ်ပြန်သတ်သူအဖြစ် ကြည့်ကြ မေးကြတာတွေကို ရင်ဆိုင်ရပါတော့တယ်။

ဂန်ဟိုစိတ်ထိခိုက်ပြီး မင်ဂျွန်းအမှုကို ပြန်ဖော်ထုတ်ခွင့်ပေးဖို့ သူအလုပ်လုပ်နေတဲ့ ဉပဒေကုမ္ပဏီကို ခွင့်တောင်းပေမဲ့၊ ကုမ္ပဏီက ခွင့်မပြုပါဘူး။ သူတာဝန်မကျေဘူး၊ သူ့မှာ အပြစ်ရှိတယ်လို့ ခံစားရလို့ ဒီအမှုကို ပြန်လိုက်ဖို့ သူအလုပ်ထွက်လိုက်ပါတယ်။ သူနဲ့ ကျောင်းနေဘက် စီနီယာ ဂျူနီယာတွေရဲ့ အကူအညီယူပြီး၊ မင်ဂျွန်းနဲ့ ပတ်သက်တဲ့ အချက်အလက်အထောက်အထားတွေပြန်စုပါတယ်။ အချက်အလက်ပြည်စုံတဲ့အခါ မင်ဂျွန်းအမှုကို ပြန်စစ်‌ဆေးခွင့်ပေးဖို့ ဆိုးလ်ရဲဌာနချုပ်ကို တင်ပြပါတယ်။ ဆိုးလ်ရဲဌာနက ပြန်စစ်ခွင့်ပြုလိုက်ပါတယ်။ ရဲစခန်းက အသိပေးစာကို ရပြီးတဲ့ မိထွေးဟာ ဒါဘင်ကို ပြင်းပြင်းထန်ထန် ထပ်ရိုက်နှက်ပြန်ပါတယ်။ တိုက်ခန်းရှေ့မြေကြီးပေါ်မှာ လဲကျနေတဲ့ ဒါဘင်ဆေးရုံရောက်ရပြန်ပါတယ်။

ဆေးရုံကပြန်ဆင်းလာတဲ့အခါ ဒါဘင့်ကျန်းမာရေးမကောင်းသလို မိထွေးက အပြင်ထွက်ခွင့်မပေးတော့ပါဘူး။ ဒါဘင့်အတန်းဖော် ကျောင်းသားဝတုတ်လေးက၊ ဂန်ဟိုပို့ခိုင်းတဲ့ စားစရာတွေကို နေ့တိုင်း တံခါးလက်ကိုင်ဖုမှာ လာချိတ်ပေးပါတယ်။ ဒါဘင်က ဂန်ဟိုပို့ပေးတာတွေကို မိထွေးမတွေ့အောင်သိမ်းဆည်းထားပါတယ်။ တစ်နေ့မှာတော့ ဖုန်းလေးတစ်လုံးပါလာပါတယ်။ ဖုန်းထဲမှာ ဂန်ဟိုပြောထားတာတွေကို ဒါဘင်က နားကျပ်လေး တပ်ပြီး နားထောင်လို့ရပါတယ်။ ဂန်ဟိုပြောတာတွေကို နားထောင်အပြီးမှာ သူထွက်ပြေးတော့မယ်လို့ ဆုံးဖြတ်ပြီး ဒါဘင်အပြင်ထွက်ဖို့ အလုပ်၊ မိထွေးပြန်လာတာနဲ့တိုးပြီး သေလုနီးပါး အရိုက်ခံရပြန်ပါတယ်။ ရိုက်သံ ငိုသံတွေကို အပြင်ကကြားရတဲ့ ဝတုတ်လေးက ဂန်ဟိုဆီ ဖုန်းဆက်ပါတယ်။ ဂန်ဟို အပြေးအလွှားရောက်လာပြီး အခန်းတံခါး ကို အပြင်က ရိုက်ဖွင့်ပြီး ဒါဘင်ကို ထမ်းထုတ်ရပါတယ်။

ဒါဘင်ကို ဂန်ဟိုအစ်မက လက်ခံပြီး အိမ်မှာထားပေးပါတယ်။ နောက်တစ်နေ့မှာတော့ တရားရုံးမှာ မင်ဂျွန်း သေဆုံးမှုကို ပြန်စစ်ဆေးပါတယ်။ တရားလိုက ဂန်ဟို။ တရားခံက ဒါဘင့်အဖေနဲ့ မိထွေး။ အကြောက်လွန်စိတ်ထိခိုက်လွန်နေတဲ့ ဒါဘင်ဟာ စကားတစ်ခွန်းမှ မပြောလို့ အမှုစစ်ဆေးချိန် အခက်တွေ့ရပါပြီ။ ဂန်ဟို အကြံအိုက်နေတုန်း အစ်မရဲ့သား သူ့ရဲ့ တူလေးက “ ဦးလေးကားပေါ်တင်ထားတဲ့ ကျွန်တော့်လူဝံရုပ်မရှိတော့ဘူး။ အဲဒီထဲမှာ ဗီဒီယိုတွေထည့်ထားတာ” ဆိုတဲ့ အသံက သူ့ကို ဆွဲလှုပ်လိုက်ပါတယ်။ ဧရာမအမှိုက်ပုံမှာ လူဝံရုပ်ကိုသွားရှာပေမဲ့ မတွေ့ခဲ့ရလို့ ဂန်ဟို စိတ်ညစ်ရပြန်ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ဒါဘင့်မိထွေးလွှင့်ပစ်တဲ့ လူဝံရုပ်လေးကို ဝတုတ်လေးက အမှိုက်ပုံက ကောက်ထားလို့ လူဝံရုပ်လေးပြန်ရလာပါတယ်။

ဂန်ဟိုက တရားသူကြီးခွင့်ပြုချက်နဲ့ ဒါဘင်ကို စကားပြောဖို့ကြိုးစားပါတယ်။ လူဝံရုပ်လေးမြင်ရတဲ့အခါ ညတိုင်းသူတို့မောင်နှမ အပြန်အလှန်စကားပြောခဲ့တာတွေကို သတိရပြီး ဒါဘင်မျက်ရည်ကျလာ စကားစပြောလာပါတယ်။ နောက်ဆုံး တရားသူကြီးရဲ့ “ သမီးမောင်လေးကို ဘယ်သူ သတ်သလဲ” ဆိုတဲ့မေးခွန်းကို ဒါဘင်က “အမေ (မိထွေး) သတ်တယ်” လို့ ပြန်ဖြေနိုင်ခဲ့ပါတယ်။

မိထွေးရဲ့ ရှေ့နေက ဘာသက်သေမှ မရှိဘဲ ကလေးတစ်ယောက်ပြောတာကို ထကန့်ကွက်တဲ့အခါ၊ ဂန်ဟို ကို ကူညီနေတဲ့ ရှေ့နေက လူဝံရုပ်လေးထဲက ဗီဒီယိုကိုဖွင့်ပြပါတယ်။ သိပ်အထင်ရှားကြီး မဟုတ်ပေမဲ့၊ မိထွေး လည်ပင်းညှစ်နေပုံ၊ ဆဲဆိုကြိမ်းမောင်းနေသံနဲ့ ရိုက်နှက်ကန်ကြောက်နေပုံတွေ ထွက်လာပါတော့တယ်။ တရားသူကြီးက မိထွေးကို ထောင်ဒဏ် ၁၆ နှစ်။ အဖေဖြစ်သူကို ထောင်ဒဏ် ၅ နှစ် အပြစ်ချမှတ်ပါတယ်။ ကိုယ့်မောင် ကိုယ်ပြန် သတ်သူ အဖြစ်ကနေ ဒါဘင်လေးလွတ်မြောက်သွားပါတယ်။

ရုပ်ရှင်အဆုံးမှာ ကိုရီးယားမှာ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု မှတ်တမ်း( ၂၀၀၁ - ၄၁၃၃၊ ၂၀၁၅ - ၁၉၂၀၈၊ ၂၀၁၇ - ၃၄၁၆၉) ကို ဖော်ပြပေးပြီး ၂၀၀၁ ကနေ ၂၀၁၇ အတွင်း ၁၀ ဆ မြင့်မားလာတယ်လို့ဆိုပါတယ်။ ဒီရုပ်ရှင်ကားလေးမှာ ဇာတ်လိုက်မင်းသမီးက မိထွေးဖြစ်သူပါ။ သမားရိုးကျ ချစ်ကြိုက်ကြိုက်ခန်း တစ်ခန်းမှ မပါပေမဲ့၊ ကလေး ၂ ယောက်နဲ့ ရှေ့နေဂန်ဟိုက ဇာတ်ကားအစမှ အဆုံးထိ ကြည့်ရှုသူကို ဖမ်းစားနိုင်တဲ့ ကားလေးပါ။ ဒီကားလေးကို တစ်ကမ္ဘာလုံးက ဘာသာအမျိုးမျိုးပြန်ပြီး ကြည့်ရှု့ကြပါတယ်။ အောင်မြင်တဲ့ ကားလေး ဖြစ်ရုံသာမက၊ မိမိနိုင်ငံမှာ ကလေးသူငယ်တွေကို အိမ်တွင်း အကြမ်းဖက်မှု တစ်နှစ်ထက် တစ်နှစ်မြင့်မားလာတာကို ကိုရီးယားလူ့ဘောင်က သတိမူမိစေဖို့ ပြုပြင်နိုင်စေဖို့ ဖြစ်ရပ်မှန်တချို့အပေါ် အခြေခံရိုက်ခဲ့တဲ့ ကားလေးဖြစ်ပါ တယ်။ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူ၊ အဓိက သရုပ်ဆောင် လူကြီး ၂ ဦး ( ရှေ့နေနဲ့မိထွေး)၊ အဓိက ကလေးသရုပ် ဆောင် ၂ ယောက်ဟာလဲ ကမ္ဘာကျော်ခဲ့ပါတယ်။ ၂၀၁၉ ခုနျစ်က ရိုက်ကူးခဲ့ပြီး မြန်မာစာတန်းထိုးကားလေးအဖြစ် ၂၀၁၀ မှာ Channel Me က ပြသထုတ်လွှင့်ပေးခဲ့ပါတယ်။

ခင်နှင်းဦး