【နိုင်ငံတကာဆောင်းပါး】လူဦးရေကျဆင်းမှုနှင့် တရုတ်စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု

【နိုင်ငံတကာဆောင်းပါး】လူဦးရေကျဆင်းမှုနှင့်  တရုတ်စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု

တရုတ်နိုင်ငံတွင် လူဦးရေ ၁.၄ ဘီလီယံ နေထိုင်လျက်ရှိပါတယ်။ သို့ရာတွင် အဆိုပါအရေအတွက်မှာ ယခုအခါ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံများ ကြုံရလေ့ရှိသည့်အတိုင်း ကြွယ်၀လာသည်နှင့်အမျှ အိမ်ထောင်ပြု ကလေးယူကြသည့်နှုန်းမှာ ကျဆင်းလာလေ့ရှိရာ တရုတ်နိုင်ငံသည်လည်း အဆိုပါအတိုင်း ယခုဆယ်စုနှစ်ဘက်တွင် လူဦးရေကျဆင်းမှုကို ခံလာရပါတယ်။

မကြာသေးမီက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့၏ ကမ္ဘာ့လူဦးရေအခြေအနေဆိုင်ရာ နောက်ဆုံးအစီရင်ခံစာမှာ လာမယ့်သီတင်းပတ်ထဲမှာပဲ အိန္ဒိယ နိုင်ငံရဲ့လူဦးရေက ၁ ဒသမ ၄၃ ဘီလီယံသို့ ရောက်ရှိမှာဖြစ်လို့ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် တရုတ်ကို အိန္ဒိယက ကျော်တက်သွားမယ်ဆိုပြီး ထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ယခုလကုန်မှာပဲ အိန္ဒိယနိုင်ငံရဲ့ လူဦးရေက ၁ ၄၂၅ ၇၇၅ ၈၅၀ သို့ရောက် ရှိမယ်လို့ မျှော်လင့်ရပြီး တရုတ်ပြည်မကြီး ရဲ့ လူဦးရေကိုလိုက်မီပြီးနောက် ကျော်တက်သွားမှာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်က လူဦးရေ ၁ ဒသမ ၄၂၆ ဘီလီယံကို ရောက်ရှိပြီးနောက် ပြန်လည်ကျဆင်းလာခဲ့တဲ့ တရုတ်လူဦးရေကြောင့် အိန္ဒိယက ကျော်တက်သွားတာဖြစ်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရို၏ အစီရင်ခံချက်အရဆိုရင် တရုတ်နိုင်ငံ၏လူဦးရေဟာ  ၂၀၂၁ ခုနှစ်မှာ  ၁.၄၁၃ ဘီလီယံရှိရာမှ ယမန်နှစ်က ၁.၄၁၂ ဘီလီယံသို့ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၁၉၆၀ ပြည့်လွန်နှစ် နောက်ပိုင်း တရုတ်နိုင်ငံရဲ့ လူဦးရေတိုးနှုန်း အနုတ်လက္ခဏာဆောင်တဲ့နောက်ဆုံးအကြိမ်ပါဘဲ။ တရုတ်နိုင်ငံကို ဘက်ပေါင်းစုံကနေ ထိုးနှက်နေတဲ့ အနောက်နိုင်ငံတွေကတော့ တရုတ်လူဦးရေကျဆင်းလာတာဟာ  အဓိကအားဖြင့် ၁၉၈၀,ကာလများက စတင်ခဲ့တဲ့ တစ်အိမ်ထောင်ကလေးတစ်ယောက်မူဝါဒကြောင့်လို့ အပြစ်ဖို့တာကိုတွေ့ရပါတယ်။ဒါပေမယ့် ဒီအချက်က မမှန်ပါဘူး။ တရုတ်နိုင်ငံဟာ ၎င်းရဲ့ တစ်အိမ်ထောင်ကလေးတစ်ယောက်မူဝါဒကို ၂၀၁၆ ခုနှစ်တွင် နှစ်ယောက်၊၂၀၂၁ ခုနှစ်တွင် ၃ ယောက်လို့ပြင်ပေးထားခဲ့ပေမယ့် ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးမှာ ကမ္ဘာ့အခြားနိုင်ငံများနည်းတူ လူငယ်လူကြီးများဟာ အိမ်ထောင်ပြုရန်နှင့် ကလေးများများမွေးရန် စိတ်အားထက်သန်ပုံမပေါ်ခဲ့ပေ။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံတစ်ခုဖြစ်ပြီး နှစ်များစွာအတွင်း အနိမ့်ဆုံးအဖြစ် ၂၀၂၀ ခုနှစ်မှာ ၁.၂၈ အထိ နိမ့်ဆင်းခဲ့ပါတယ်။

တရုတ်နိုင်ငံကို အားလုံးက ကမ္ဘာ့စက်ရုံလို့ ကာလကြာရှည်စွာ သိထားသောကြောင့် လူဦးရေတိုးနှုန်း နှေးကွေးခြင်းဟာ  တရုတ်နိုင်ငံအတွက်သာမက ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်စရာတစ်ခုအဖြစ် ယူဆမှုရှိပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ကျွမ်းကျင်လုပ်သားအချိုးအစားမြင့်မားမှုနဲ့ အလုပ်အပေါ် အာရုံစိုက်လုပ်ကိုင်မှုတွေ၊ လွယ်ကူစွာ တတ်မြောက်မှုတွေကြောင့်ပါဘဲ။ဒီလိုကျဆင်းမှုကို အကြောင်းရှာပြီး နိုင်ငံတကာမှာ လူဦးရေကျဆင်းမှုကြောင့် တရုတ်စီးပွားရေးအပေါ် သက်ရောက်မှုရှိနိုင်သလားဆိုတဲ့ သုံးသပ်မှုတွေ ထွက်လာခဲ့ပါတယ်။

ကာလီဖာတက္ကသိုလ်၊ လူမှုသိပ္ပံဌာနပါမောက္ခ Stuat Gietel-Gasten ကတော့  ဒီလိုလူဦးရေ ကျဆင်းမှုကြောင့်  တရုတ်နိုင်ငံရဲ့စီးပွားရေးကို အပြောင်းအလဲမဖြစ်စေနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ သူထောက်ပြတဲ့ အကြောင်းရင်းကတော့  တရုတ်နိုင်ငံက နှစ်အတော်ကြာတွေ့ကြုံခဲ့ရသော လူဦးရေပြောင်းလဲလာမှုနှင့် လိုက်လျောညီထွေဖြစ်မယ့် စီးပွားရေးမူဝါဒကို ချမှတ်ခဲ့ပြီးဖြစ်သလို  ဆန်းသစ်တီထွင်မှုများနှင့် ၎င်း၏စီးပွားရေးကို ဆက်လက်တိုးတက်စေရန် ဖန်တီးထားလို့ ဖြစ်ကြောင်း၊ အဓိကအားဖြင့် တရုတ်စီးပွားရေးမှာ ဆီမီးကွန်ဒပ်တာလို့ ခေါ် တဲ့ တပိုင်းလျှပ်ကူးပစ္စည်းထုတ် လုပ်မှုနှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းကဲ့သို့ စီးပွားရေးလုပ်ငန်းများ ဖြစ်ကြောင်း ဒါကြောင့် လူဦးရေကျဆင်းခြင်းကြောင့် တရုတ်စီးပွားရေး မထိခိုက်နိုင်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။

အနောက်နိုင်ငံတွေက တရုတ်နိုင်ငံ လူဦးရေ ကျဆင်းခြင်းနဲ့ စီးပွားရေးအပေါ် သက်ရောက်မှုကို ထည့်တွက်နေတာက  အဓိကအားဖြင့် သက်ကြီးရွယ်အို အရေအတွက်နဲ့ အိန္ဒိယမှာ လူငယ်ဦးရေများနေတာကြောင့် အိန္ဒိယစီးပွားရေးက တရုတ်ကိုကျော်တက်သွားမလားဆိုတဲ့ သုံးသပ်ချက်ပါ။ လူဦးရေများရုံနဲ့ တရုတ်စီးပွားရေးကို အိန္ဒိယစီးပွားရေးက ကျော်တက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်မှုရှိပါတယ်။ အိန္ဒိယမှာ လူငယ်များတာ မှန်ပေမယ့် တရုတ်နိုင်ငံမှာ လူဦးရေ ၁.၄ ဘီလီယံကျော်အနက် အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အရွယ်ဦးရေက သန်း ၉၀၀ နီးပါးရှိပါတယ်။ ဒီပမာဏဟာ စီးပွားရေးလည်ပတ်မှုအတွက် အလွန်အရေးပါသော အရင်းအမြစ်ဖြစ်ပြီး ရည်မှန်းပမာဏထက် ၁၁ သန်းတောင် ပိုများနေတယ်ဆိုပါတယ်။ ဒါအပြင် အဲဒီအလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အရွယ်ဖြစ်သူများရဲ့ ပျမ်းမျှပညာသင်ယူမှုနှစ်အရေအတွက်မှာ ၁၀.၉ နှစ်ရှိပြီး အသစ်ထပ်တိုး လုပ်သားများ ပညာသင်ယူမှုနှစ် အရေအတွက်က  ၁၄ နှစ် ရှိလို့ တိုးတက်လာတဲ့ နည်းပညာကို အမှီလိုက်နိုင်စွမ်းက အိန္ဒိယထက် သာလွန်နေပါတယ်။

တကယ်က အိန္ဒိယနိုင်ငံဟာ ယခုနှစ်အတွင်း လူဦးရေ ၂.၉ သန်း ပိုများလာတာဖြစ်ပါတယ်။ဒါကို အကြောင်းပြုပြီး တရုတ်နိုင်ငံတွင် ကြီးမားသော လူဦးရေ အပြောင်းအလဲ ဖြစ်လာမယ်ဆိုပြီး ကောက်ချက်ချမှုတွေက စောင့်ကြည့်ရဦးမှာပါ။ ဘာကြောင့်ဆို တရုတ်နိုင်ငံအာဏာပိုင်တွေက ဒီအတွက်လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကတည်းက ပြင်ဆင်လာခဲ့လို့ ဖြစ်ပါတယ်။ ဒါအပြင် စီးပွားရေးအတွက် အရေးကြီးတဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ လူတန်းစား အချိုးအစားက တရုတ်ကို ကမ္ဘာ့ဘယ်နိုင်ငံကမှ အခုထိနှိုင်းယှဉ်လို့ မရသေးပါဘူး။ဒီအချိုးအစားကြောင့်ဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက တရုတ်နိုင်ငံကို အားကောင်းမောင်းသန်စီးဝင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံရဲ့ ဝင်ငွေအလယ်အလတ် လူတန်းစား ရှိသော အုပ်စုအရေအတွက်ဟာ ဆက်မြင့်တက်လာ နေပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ အားသာချက်ဖြစ်ပြီး  တိုင်းတာလို့ မရသော ဈေးကွက်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။  

တရုတ်အစိုးရဟာ လူဦးရေတိုးတက်လာစေရန်အတွက် စီမံချက်များစွာကို ဖော်ဆောင်နေပြီး ထိုထဲတွင် တတိယကလေးယူရေး မူဝါဒလည်း ပါဝင်ပါတယ်။ အလုပ်လုပ်နိုင်သော ကြီးမားသော လူဦးရေ၊ ကြီးထွားလာသော စားသုံးသူဈေးကွက်၊ တိုးပွားလာသော ဝင်ငွေအလယ်အလတ်ရှိ လူဦးရေ အစိုးရရဲ့ စီမံချက်များကြောင့် လူဦးရေများခြင်းကြောင့်ရတဲ့ အကျိုးအမြတ်ဟာ တချို့သော အနောက်နိုင်ငံများ ပြောသလို ပျောက်ဆုံးနေမှာ မဟုတ်ပါဘူး။ ထူးခြားတာက တရုတ်နိုင်ငံရဲ့ လူဦးရေအပေါ်အကျိုးအမြတ်ဟာ အရွယ်အစားပေါ်မှာ မူတည်နေတာမဟုတ်ပဲ ထိုလူဦးရေရဲ့ အရည်အချင်းပေါ်မှာလည်း မူတည်နေပါတယ်။ လက်ရှိမှာ မဖြစ်မနေသင်ကြားရသော ပညာရေးစနစ်ကြောင့် တရုတ်မှာ အရည်အချင်းရှိ ပညာတတ်လူဦးရေကလည်း ဆက်လက်မြင့်တက်လာ နေပါတယ်။

ယခုအချိန်တွင် တရုတ်နိုင်ငံသည် အလွန်ကြီးမားသော စျေးကွက်နှင့် ပြင်းထန်သော စားသုံးမှုဖြင့် လူဦးရေပမာဏာ ကြီးမားဆဲဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းကြောင့် လုပ်ငန်းခွင်လူဦးရေ၏ အရည်အသွေးမှာ မြင့်တက်လာမည်ဖြစ်ရာ ကျဆင်းနေသော လူဦးရေကို ကာမိစေမည်ဖြစ်ပြီး လူဦးရေလျော့ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဖိအားများ ဖြေလျှော့ပေးခြင်း၊ တရုတ်နိုင်ငံ၏ တစ်ဦးချင်း ဝင်ငွေကို မြှင့်တင်ပေးခြင်း၊ အလုပ်လက်မဲ့နှုန်းလျှော့ချနိုင်ခြင်း၊ လုပ်ခလစာ တိုးပေးခြင်းနှင့် အမျိုးသမီးများ လုပ်သားအင်အားကဏ္ဍကို ပိုမိုနေရာရရှိစေမှာဖြစ်ပါတယ်။

ပညာတတ်ဦးရေများခြင်းကြောင့် ကမ္ဘာမှာတရုတ်က နည်းပညာပိုင်းဆိုင်ရာမှာ အသာရခဲ့တာပါ။ မကြာခင်ကပဲ အမေရိကန်နိုင်ငံက ပညာရှင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့The Information Technology and Innovation Foundation (ITIF)က တရုတ်ဟာ အမေရိကန်ကို ဆန်းသစ်တီထွင်မှုကဏ္ဍမှာ ကြီးမားစွာ ကျော်ဖြတ်သွားပြီလို့ သတိပေးခဲ့ပါတယ်။ တရုတ်ဟာ လူဦးရေကြောင့် လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း စီးပွားတိုးတက်မှုကို ကြီးမားစွာ အကျိုးပြုခဲ့သလို ယခုအရည်အချင်းရှိ လူဦးရေကြောင့် တရုတ်နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဆန်းသစ်တီထွင်မှုက လမ်းဖွင့်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ 

လင်းသစ်အောင်