【 ဆောင်းပါး】နှစ်ကူးမျှော်သည့် ကင်းသမား

【 ဆောင်းပါး】နှစ်ကူးမျှော်သည့် ကင်းသမား

မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေတွင် ကမ်းနဖူးကို မေးတင်ထားသည့် တဲအိမ်အကြီးပုံစံ အဆောက်အဦ အချို့ကို တွေ့ရတတ်သည်။  ဒေသအခေါ် “ကင်းတဲ/ကင်းဒိုင်” ဟုသိကြပြီး နေ့နေ့ညည ဆိုသလို ဒီဇယ်စက်သံ ခပ်သဲ့သဲ့ ကြားရတတ်သည့် လုပ်ငန်းရပ်ဝန်းလည်းဖြစ်သည်။

ကင်းဒိုင်ဆိုသည်မှာ ဒေသခံများက အလွယ်ခေါ်ဝေါ်သောနာမည်ဖြစ်ပြီး အမှန်တကယ်တွင်မူ ကင်းပုစွန် ဟု ခေါ်သည့် ရေငန် ပင်လယ်ပုစွန်တစ်မျိုးကို အရောင်းအဝယ်ပြုလုပ်ရာ နေရာတစ်ခုပင်။ ထို့အတူပင် ကင်းပုစွန် လုပ်ငန်း လုပ်ကိုင်သူများကိုလည်း ဒေသခံများက ကင်းသမားဟု အလွယ်ခေါ်ကြလေ့ရှိပြန်သည်။ ထိုအခေါ်အဝေါ် နှင့် ပတ်သက်၍ ကင်းပုစွန်လုပ်ငန်းရှင်တစ်ဦးကမူ ကင်းသမားဟု အခေါ်ခံရသည့်အပေါ် သူတစ်ဦးတည်း အနေ ဖြင့်မူ နှစ်ခြိုက်မှုရှိကြောင်း ဆိုဖူးသည်။

“ ကင်းပုစွန်လုပ်တဲ့သူကို ကင်းသမားလို့ခေါ်တာက အဟုတ်သားပဲ။ တကယ်လည်း ဒီအလုပ်က ကင်း စောင့်ရသလို ပုစွန်တွေကို စောင့်ကြည့်ဂရုစိုက်ရတာပဲလေ။ကင်းသမားနဲ့ဘာထူးမှာလဲ။” ဟု ဖျာပုံမြို့နယ် အောက် ပိုင်း ပင်လယ်ဒေသ ကင်းသမားတစ်ဦးက ရယ်သံနှော၍ ရှင်းပြဖူးသည်ကို အမှတ်ရမိသည်။

တကယ်တမ်းတွင် ကင်းပုစွန်လုပ်ငန်းသည် လုပ်ကိုင်ရန်လွယ်ကူလှသောလုပ်ငန်းတစ်ခုတော့ မဟုတ်ပေ။ ကင်းပုစွန်လုပ်ငန်း လုပ်ကိုင်သူများသည် ပုစွန်ကို အရှင်အတိုင်း အရောင်းအဝယ် ပြုလုပ်ရန် ထိန်းသိမ်း စောင့်ရှောက် ကြရသူများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကင်းပုစွန်သည် အကောင်သေသွားလျှင် ကင်းပုစွန်၏ မူလ စျေးတန်ဖိုးလုံးဝကျ ဆင်းသွားသည်ဟု ဆိုကြသည်။ ထိုအခါတွင် လုပ်ငန်းဆုံးရှုံးမှုမှာလည်း ခွက်ခွက်စင်အောင်ရှုံးသည်ဟု ကင်းလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

ကင်းပုစွန် ဒိုင်ကောက်သူများမှာ ကင်း အကောင်များကို ရန်ကုန်စျေးကွက် သို့မပို့မီ ဒိုင်တွင် အရှင်အတိုင်း ဆက်လက်မွေးမြူကြရသည်။ ပုစွန်အသက်ရှင်ရေး အတွက် သဘာဝအတိုင်းဖြစ်အောင် ရေငန်ရေကို ဒီဇယ် စက်များအသုံးပြုကာ ဒိုင်နမိုနှင့်စုပ်ယူပြီး ‌ရေလှယ်စနစ်ဖြင့် ပြုလုပ်ပေးရသည်။ နာရီနှင့်ချီ စက်မောင်း ထားရပြီး စက်သုံးဆီ ကုန်ကျစရိတ် နေ့စဉ်အသုံးပြုရ သည့်လုပ်ငန်းဖြစ်သလို ရန်ကုန်မပို့မီ ကင်းပုစွန်တွေကို စုထားရသလို ရန်ကုန်သို့တင်ပို့ချိန်တွင်လည်း အောက်ဆီဂျင်ပေးကာ သယ်ဆောင်သွားရတာကြောင့် အတော်အနုစိတ်သော လုပ်ငန်းဟု ဆိုရမည်ဖြစ်သည်။

သို့ရာတွင် လုပ်ကိုင်ရန်လက်ဝင်လှသည့်လုပ်ငန်းဖြစ်လင့်ကစား လုပ်ကိုင်သူ အများအပြား ရှိနေပြန်သည်။ အရင်းကြီးသလို အမြတ်များသောလုပ်ငန်းဖြစ်တာကြောင့်လည်း စွန့်စားလိုကြသည် ဟု ကင်းပုစွန်လုပ်ငန်းရှင် တချို့က ဆိုကြသည်။ ကင်းလုပ်ငန်းများသည် ဧရာဝတီတိုင်း အနေဖြင့်ပင်လျှင် ဖျာပုံ၊ ဘိုကလေး၊လပွတ္တာနှင့် ပြင်စလူမြို့နယ်တို့ရှိ ကမ်းခြေမြို့၊ရွာများတွင် အဝယ်ဒိုင်များရှိနေပြီး ကင်းပုစွန်လုပ်ငန်း လုပ်ကိုင်သူ အများအပြားရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

ယခင်ကတော့ ကင်းပုစွန်သည် ပြည်တွင်း စားသုံးသူမရှိခဲ့ဘဲ ပင်လယ်ရေလုပ်ငန်းခွင်များတွင် အသုံးမဝင် ခဲ့ပေ။ ကင်းပုစွန်လုပ်ငန်း လုပ်ကိုင်များ၏အဆိုအရ ကင်းပုစွန်များ ငါးဖမ်း ပိုက်အတွင်း၌ ပါလာခဲ့လျှင် ပြန်လည်၍ လွှင့်ပစ်ကြရသည်ဟု ဆိုကြသည်။ ယင်းနောက်တွင် ကင်းပုစွန်များကို ကြက်စာခြောက်အတွင်း ရောထွေး၍ ရောင်းချခဲ့ခြင်းများရှိခဲ့ပြီး ၂၀၀၀ ခုနှစ်ဝန်းကျင်မှစကာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ဝယ်ယူခြင်းများရှိလာကာ ပြည်ပ ဈေးကွက်ဝင်လာခဲ့ပြီး ဈေးကောင်းလည်း ရရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် မြစ်ဝကျွန်းပေါ် ပင်လယ်ကမ်းခြေဒေသတွင် ကင်းပုစွန်ဖမ်းပိုက်သီးသန့်ဖြင့် ဖမ်းဆီးရှာဖွေ လုပ်ကိုင်မှု များလည်း အများအပြားရှိလာခဲ့ပြီး ကင်းပုစွန် စျေးအားဖြင့်လည်း ကိုဗစ် - ၁၉ မတိုင်မီကာလတွင် ဒေသ ပေါက် စျေး အားဖြင့် အကောင်အရွယ်အစားပေါ်မူတည်ကာ တစ်ကောင်လျှင် ၆၀၀၀ ကျပ် ဝန်းကျင်မှ ၁၅၀၀၀ ကျပ်ဝန်း ကျင် အထိ ရရှိခဲ့ကြသည်။ သို့ရာတွင် ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ကင်းပုစွန် ဈေးကွက် ပိတ်သိမ်း သွားခဲ့ချိန် တွင် ကင်းပုစွန်လုပ်ငန်းရပ်ဝန်း တစ်ခုလုံးအတွက် အခက်အခဲများစွာကိုကြုံခဲ့ရပြီး လုပ်ငန်းဆုံးရှုံး မှုများ ကြုံခဲ့ ကြရသည်။

“ကင်းလုပ်တဲ့သူတွေက စိန်ခေါ်မှုကြိုက်တဲ့လူတွေပါ။ ဒါပေမယ့် ကိုဗစ် အဲ့အချိန်တုန်းကတော့ ကုန်ကျစရိတ် တက်နေချိန် စျေးကွက်ပိတ်တာနဲ့ ကြုံရတော့ ကင်းသမားတွေ ရှုံးကုန်တာပေါ့။ မမျှော်လင့်တဲ့အရှုံးကို ကြုံခဲ့ရတာဆိုတော့ လုပ်ငန်းတစ်ခုလုံးအထိနာခဲ့တာပေါ့”ဟု ဖျာပုံမြို့နယ် အောက်ပိုင်းပင်လယ်ဒေသ ကျေးရွာတစ်ရွာမှ ကင်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

မြစ်ဝကျွန်းပေါ်တွင် ကင်းပုစွန်လုပ်ငန်းကို ပြီးခဲ့သည့်နှစ် ဇွန်လမှစတင်ကာ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခဲ့ကြသည်။ သို့ရာတွင် စျေးကွက်အနေဖြင့် အဓိကဝယ်လက်ဖြစ်သည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမှာ ကပ်ရောဂါကြောင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန်ရုန်းကန်ခဲ့ရပြီး တစ်ဖက် ထိုင်းနိုင်ငံသို့သာ ပို့ဆောင်မှုစျေးကွက်သာ များခဲ့သည်။ ထို့ကြောင့် စျေးကွက်သည် လိုအပ်ချက်များရှိကာ ကင်းပုစွန်စျေးနှုန်း များသည် ကိုဗစ်အလွန် တာထွက်အနေဖြင့် စျေးကောင်းမရခဲ့ဘဲ စျေးကွက်မတည်ငြိမ်မှု ကြုံခဲ့ရသည်ဟု ဆိုသည်။

သို့ရာတွင် လာမည့်လများတွင်တော့ ကင်းပုစွန်လုပ်ငန်းလုပ်ကိုင်သူများအတွက် မျှော်လင့်ချက် အများအပြား ရှိနေကြသည်။ တရုတ်နိုင်ငံနှင့်နှစ်နိုင်ငံကြား ကုန်သွယ်ရေးပြန်လည်ပွင့်လန်းလာမှု၊ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပြန်လည် ဖွင့်လှစ်ခြင်း များနှင့်အတူ မကြာမီတွင် ကျရောက်လာဖို့ရှိသည့် တရုတ် နှစ်သစ်ကူး ပွဲတော်ရက် များကို ကင်းလုပ်ငန်းလုပ်ကိုင်သူများက အားခဲနေကြသည်။

“ ပုံမှန်ဆိုရင် နှစ်တိုင်းလိုလိုက တရုတ် နှစ်သစ်ကူးနဲ့ ပွဲတော်ရက်တွေဆိုရင် စျေးကောင်းတယ်။ အဲ့တာကြောင့် နှစ်သစ်ကူးကာလကို မျှော်ကြတယ်။” ဟု လပွတ္တာမြို့နယ်မှ ကင်းပုစွန်လုပ်ငန်းလုပ်ကိုင်သူက စျေးကွက် အခြေအနေကို မှန်းဆပြောဆိုသည်။

ကင်းပုစွန်များကို ပင်လယ်စာကို နှစ်ခြိုက်စွာ စားသုံးသည့် ဒေသတွင်းအိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှလည်း ဈေးကွက်လိုအပ်ချက်အရ ဝယ်ယူမှုမြင့်မားလာနေပြီး   မောတောင်နယ်စပ်ကုန်သွယ်ရေးမှတဆင့် တနင်္သာရီ ဒေသထွက် ကင်းပုစွန်များကို နေ့စဉ် (၅၀၀) ကီလိုဂရမ်မှ (၁၀၀၀) ကီလိုဂရမ်အထိ တင်ဆောင်ထားသည့် လေးဘီး ကားများဖြင့် ကား (၈) စီးမှ (၁၂) စီးအကြား တင်ပို့မှုများရှိနေသည့်အတွက် လာမည့်ကာလများတွင် စျေးကွက်ပိုမိုကောင်းမွန်လာရန် မျှော်နေကြခြင်းဖြစ်သည်။

 မိုးသား