【 ဆောင်းပါး 】ကမ္ဘာကြီးပူနွေးမှုနှင့် ဖန်လုံအိမ်အာနိသင်လျှော့ချရေး

【 ဆောင်းပါး 】ကမ္ဘာကြီးပူနွေးမှုနှင့် ဖန်လုံအိမ်အာနိသင်လျှော့ချရေး

ယနေ့ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုဖောက်ပြန်လာမှု၏ အခြေခံအကြောင်းအရင်းမှာ ကမ္ဘာကြီးပူနွေးလာမှုပင်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးမှုကြောင့် ဖြစ်လာသော ရာသီဥတုဖောက်ပြန်မှု၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ပျက်ဆီးထိခိုက်မှုများ ကြုံလာရသည်။

ကမ္ဘာကြီးပူနွေးမှုအခြေအနေကို စက်မှုမထွန်းကားမီကာလ ၁၈၅၀ ပြည့်လွန်နှစ်များ၏ ပျမ်းမျှအပူချိန်အပေါ် အခြေခံ၍ တွက်ချက်ကြသည့်အခါ လက်ရှိတွင် အပူချိန်မှာ ၁ ဒသမ ၄ ဒီဂရီဆဲလ်စီးရပ်အထိ ပူနွေးလျက်ရှိကြောင်းကို ၂၀၂၁ ခုနှစ်၏ ကမ္ဘာ့အပူချိန် အစီရင်ခံစာ၌ ဖော်ပြထားသည်။ ယခုထက်ပိုမို၍ ကမ္ဘာကြီး ပူနွေးလာပါက ပြင်းထန်ဆိုးရွားလှသည့် ရာသီဥတုဆိုင်ရာ ကမောက်ကမဖြစ်မှုအခြေအနေများကို ပိုမိုရင်ဆိုင်လာရတော့မည်ဖြစ်ကြောင်းကို ရာသီဥတုပြောင်းလဲမှု လေ့လာ စောင့်ကြည့်ရေးဆိုင်ရာ သုတေသီများက ခန့်မှန်းတွက်ချက်ထားကြသည်။

ယနေ့ကမ္ဘာ့နိုင်ငံအများစုတွင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုး များစွာကို ရင်ဆိုင်ရလျက်ရှိသည်။ ထိုဆိုးကျိုးများကြောင့် နောက်ဆက်တွဲဖြစ်သည့် အပူလှိုင်းဖြတ်ခြင်း၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊ အိုဇုန်းလွှာပျက်စီးခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေခဲတောင်များ အရည်ပျော်လာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ၏ နေရင်းဒေသများ ပျက်စီးဆုံးရှုံးလာခြင်း၊ ဆိုးရွားသော ရာသီဥတုများ ကြောင့် အစားအစာနှင့် သောက်သုံးရေ ရှားပါးလာခြင်း အစရှိသည့်ဖြစ်စဉ်တို့ကို ပိုမို တွေ့ကြုံကာ ခံစားရလျက်ရှိသည်။

ကမ္ဘာကြီးပူနွေးမှုဖြစ်လာရသည့် အကြောင်းအရင်းတွင် သစ်တောပြုန်းတီးမှု၊ လေထုညစ်ညမ်းမှု၊ စက်ရုံများနှင့် ကားများ အမှိုက်များ စုပုံလာမှု စသည့် အကြောင်းအရင်းတို့ကြောင့် ကမ္ဘာကြီးပူနွေး လာမှုကို အဓိကဖြစ်စေခဲ့သည်။ ရေငွေ့၊ ကလိုရိုဖလိုရိုကာဗွန် (CFC)၊ အိုဇုန်း၊ မီသိန်း၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် နိုက်ထရပ် အောက်ဆိုက် စသည်တို့သည် ဖန်လုံအိမ်အာနိသင်ဖြစ်စေရန် အဓိကကျသည့် ဓာတ်ငွေ့များဖြစ်ပြီး ယင်းအနက်တွင် ဇီ၀ရုပ်ကြွင်းများလောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက်မှာ ဆယ်စုနှစ်များအတွင်း လေထုအတွင်း၌ သိသာစွာတိုးလာခဲ့သည်။ မြန်မာနိုင်ငံ တွင်လည်း ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ်ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ပျမ်းမျှအပူချိန်များ မြင့်တက်လာခြင်း၊ နှစ်စဉ် ပျမ်းမျှမိုးရေချိန် မြင့်တက်လာခြင်းနှင့် အနောက်တောင် မုတ်သုံလေ ဝင်ရောက်ချိန် နောက်ကျ၍ အထွက်စောခြင်း တို့ကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း နှစ်စဉ် ပျမ်းမျှ မိုးရွာသွန်းရက် ၁၂၀ ကျော်အထိ တိုတောင်းလာခြင်းတို့ကို ကြုံတွေ့လာကြသည်။

အလားတူ ကမ္ဘာ့နိုင်ငံများဖြစ်သော အာဖရိကဒေသမှ အီသီယိုးပီးယား၊ ကင်ညာ၊ ဆိုမာလီယာ စသည့်နိုင်ငံတို့တွင် လူဦးရေ ၁၈ ဒသမ ၄ သန်း ကျော်က ရာသီဥတု ပြောင်းလဲမှု နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် မိုးခေါင်ရေရှားမှုကို လေးနှစ်ဆက်တိုက် ကြုံရခြင်းကြောင့် စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ လူဦးရေ ၁၂ သန်းခန့်မှာ သောက်သုံးရေ ပြတ်လပ်မှုများကို ခံစားရခြင်း စသည်တို့ကြုံတွေ့နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင်လည်း ယခုနောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ထောင်စုပေါင်း ၂၇၄၀၀၀ ကျော် ရေဘေးသင့်မှုများကြုံခဲ့သလို အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးမှု၊ မြေပြိုမှုများကြောင့် သေဆုံးသူ ၅၀ ကျော်ရှိသလို ရေဘေးသင့်သူ ၃ သန်း ကျော်လောက် ကြုံခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂက လာမည့်ဆယ်စုနှစ်အတွင်း ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးရပ်တွင် ကန့်သတ်ထား နိုင်ရေး သဘောတူညီချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း သတိပေးထား သည်။ ဖန်လုံအိမ်အာနိသင်ကို ပိုမိုဆိုးရွားစေသော ဓာတ်ငွေ့များ ထုတ်လွှတ်မှု လျှော့ချရန် ရည်ရွယ်လာကြကာ ဆွေးနွေးမှုမျး အသီးသီးပြုလုပ်၍ သဘောတူစာချုပ်များဖြင့် ကာဗွန်လျှော့ချရေးအတွက် လုပ်ဆောင်လာကြသည်။ ဖန်လုံအိမ်အာနိသင်ကို ဖြစ်စေသော ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချရန်နှင့် နောက်ဆက်တွဲအဖြစ် ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်စေသော ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာ သဘောတူညီချက်ဖြစ်သည့် Kyoto Protocol ဟု အမည်ရသည့် Protocol ကို ၁၉၉၇ ခုနှစ်က ဂျပန်နိုင်ငံ၊ ကျိုတိုတွင် လက်မှတ်ရေးထိုးလာခဲ့ကြသလို ဆက်လက်၍လည်း ဆွေးနွေးမှုများအသီးသီးပြုလုပ်၍ ကာဗွန်လျှော့ချရေး ဆိုင်ရာ ရည်မှန်းချက်အသီးသီးကို သတ်မှတ်လုပ်ဆောင်လာခဲ့ကြသည်။

ရာသီဥတုဖောက်ပြန်မှု၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုအတွက် ယခုနောက်ပိုင်းတွင် အသံများ ကျယ်လောင်စွာ ပေါ်ထွက်လာသည်။ စကော့တလန်နိုင်ငံ Glasgow တွင် ပြီးခဲ့သော ၂၀၂၁ ခုနှစ် နိုဝင်ဘာအတွင်းက သီတင်းနှစ်ပတ်အကြာ ပြုလုပ်သည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံအစည်းအဝေးတွင် ကမ္ဘာကြီး ပူနွေးလာမှု ထိန်းချုပ်ရေး ရည်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းထားရန် နိုင်ငံပေါင်း ၂၀၀ အချေအတင် ဆွေးနွေး၍ သဘောတူခဲ့ကြပြီး ကမ္ဘာကြီးပူနွေးမှု လျှော့ချ စေမည့် သတ်မှတ်ချက်များကို သဘောတူထားခဲ့ကြသည်။ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ထိန်းသိမ်းရေးကိစ္စအပေါ် စီးပွားရေးနှင့် စစ်ရေးအင်အားကြီးနိုင်ငံများက စိတ်ဝင်စားလာခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံလည်းဖြစ်သလို လက်ရှိတွင် ကမ္ဘာ၌အင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံသည်လည်း ၂၀၆၀ ပြည့်နှစ်မကုန်မီကာလအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ လုံး၀ထုတ်လွှတ်ခြင်းမရှိသည့်အဖြစ်ကို လုပ်ဆောင်ရန် ၂၀၂၀ ပြည့်နှစ်က ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိ ကဝတ်ပြုခဲ့ရာ ကမ္ဘာ့နိုင်ငံများကြား၌ အတော်လေးဂယက်ရိုက်ခဲ့သည်။ တစ်ကမ္ဘာလုံးတွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု၏ ၂၉ ရာခိုင်နှုန်းလောက်ရှိသည်ဟူသည့် တရုတ်နိုင်ငံ၏ ကတိကဝတ်ကြောင့် ၀ ဒသမ ၂ မှ ၀ ဒသမ ၃ ဒီဂရီဆဲလ်စီးရပ်အထိ လျှော့ချနိုင်တော့မည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ရာသီဥတုဆိုင်ရာကိစ္စကို ဆောင်ရွက်မှုအပေါ်လေ့လာကြည့်လျှင် ပြည်သူများ၏ လိုလားချက်နှင့်အညီ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒများချမှတ်ပြီး စိမ်းလန်းရပ်ဝန်းစီမံကိန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ ပေကျင်းလို မြို့တော်ကြီးအပါအဝင် တရုတ်အစိုးရ တိုက်ရိုက်အုပ်ချုပ်ရာ ရှန်ဟိုင်း၊ ထျန်ကျင်း၊ ချုံချင့် စသည့်မြို့များအပါအဝင် တစ်နိုင်ငံလုံးအထိ လွှမ်းခြုံနိုင်အောင် ရန်ပုံငွေများစွာအသုံးပြု၍ လုပ်ဆောင် နေခြင်းလည်းဖြစ်သည်။ ဆောင်းရာသီကဲ့သို့သော အအေးပိုသည့်ကာလများတွင် သစ်ပင်များသေဆုံးပျက်စီးမှုမရှိအောင် လုပ်ဆောင်ကြသလို အရွယ်အစားကြီးမားသည့် သစ်ပင်ကြီးများကို ခုတ်ထွင်ခြင်းမျိုးမပြုဘဲ အမြစ်မှနှုတ်၍ အခြားနေရာတွင် ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် သစ်ပင်သစ်တောများ ရေရှည်တည်တံ့မှုကို စနစ်တကျ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ဖော်ဆောင်နေသည့် စိမ်းလန်းရပ်ဝန်းစီမံကိန်းများ အောင်မြင်မှုရစေရန်အတွက်လည်း ရင်နှီးမြှုပ်နှံသူများကို သစ်ပင် စိုက် ဧရိယာတစ်ဟက်တာလျှင် မည်မျှဟူသည့် အမတော်ကြေးထောက်ပံ့မှုများ၊ စိုက်ပျိုးရေးသမားများကို စည်းရုံးကာ စည်းကမ်းမဲ့စိုက်ပျိုးမှု ကာကွယ်ခြင်းများကိုလည်းကောင်း၊ လယ်စိုက်၍မရသည့် ဖုန်းဆိုးမြေများတွင် သစ်ပင်များစိုက်ရန် ပျိုးပင်များထောက်ပံ့ပေးခြင်း၊ အမတော်ကြေးများထောက်ပံ့ပေးခြင်းတို့ပြုလုပ်၍ လယ်မြေများအတွင်း သစ်တောများ နှင့်အတူ သစ်သီးပင်များရောနှောစေမည့် စိုက်ခင်းများအဖြစ် ပြောင်းလဲဖန်တီးကာ သစ်ပင်စိုက်ပျိုးမှုကို အလုအယက် လုပ်ဆောင်လာသည့် အခြေအနေမျိုးရောက်အောင် ဖန်တီးပေးလာနိုင်ခဲ့သည်။ ပြည်သူများကိုယ်တိုင်က သစ်ပင်သစ်တော များကို ချစ်မြတ်နိုးကာ စိုက်ပျိုးထိန်းသိမ်းစေမည့် အသိပညာများကိုလည်း စွဲမြဲအောင်ဖန်တီးပေးလာနိုင်ခဲ့သည်။

သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးယိုယွင်းမှုအပေါ် ပြန်လည်ကုစားသည့် စိမ်းလန်းရပ်ဝန်းစီမံချက်မှာ လက်ရှိအချိန်တွင် ဆယ်စုနှစ်တစ်ခုကျော် ရောက်လာခဲ့ပြီဖြစ်သလို အောင်မြင်မှုများစွာလည်း ရနေသလို နမူနာယူစရာပင်ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ကမ္ဘာကြီးပူနွေးမှုကိုလျှော့ချကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များအတွက် ရည်မှန်းချက်များထားကာ လုပ်ဆောင်နေကြသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု လျှော့ချလာနိုင်သည်နှင့် မျိုးသုဉ်းကာ ပျောက်ကွယ်သွားနိုင်ချေရှိသည့် ဇီဝမျိုးစုံမျိုးကွဲများနှင့် အပင်မျိုးစိတ်များကို ကာကွယ်ထိန်းသိမ်းရာရောက်စေသလို ဂေဟစနစ်များလည်း ပိုမိုကောင်းမွန် စေမည်ဖြစ်သည်။ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများစွာလည်း ကောင်းမွန်လာကာ ရာသီဥတုဖောက်ပြန် မှုကြောင့် ယနေ့ကမ္ဘာတွင် ကြုံနေရသည့် သဘာ၀ဘေးအန္တရာယ်များ လျော့ကျသွားပြီး လုံခြုံစိတ်ချရသည့် လူသားများ အနာဂတ်ကို ပုံဖော်နိုင်တော့မည်ဖြစ်သည်။

ဧပရယ်လ်