【 ဆောင်းပါး 】ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားအသုံးပြုမှု ရေစီးကြောင်းနဲ့ မြန်မာ

【 ဆောင်းပါး 】ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားအသုံးပြုမှု ရေစီးကြောင်းနဲ့ မြန်မာ

လောင်စာဆီအသုံးပြုမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှု၊ဖန်လုံအိမ်အာနိသင်များနှင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်းအပေါ်  ကမ္ဘာ့နိုင်ငံအသီးသီးက ကိုယ်ပိုင်အရွေ့အားဖြင့်ကန့်သတ်ကာ သဘာဝပတ်ဝန်းကျင်အား ဦးစားပေးသည့် အီးဗွီကားများအား လောင်စာအသုံးပြု မော်တော်ကားများနေရာတွင် အစားထိုးလာခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့နှင့် လောင်စာဆီ စျေးနှုန်းများ လျင်မြန်စွာ မြင့်တက်လာခြင်းကြောင့်လည်း လျှပ်စစ်အသုံးပြုယာဉ်များကို အစားထိုးခြင်းတွင် မြန်ဆန်လာသည်လားဟု တွေးစရာပင်ဖြစ်ပါသည်။

ထို့ကြောင့် ဥရောပတွင် ၂၀၃၅ ခုနှစ်တွင် အင်ဂျင်မှ အီးဗွီ ကိုပြောင်းလဲအသုံးပြုမည်ဟု လျာထားချက်များ ထွက်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံတွင်လည်း ၂၀၃၀ တွင်အီးဗွီကို ပြောင်းလဲအသုံးပြုရန် မျှော်မှန်းမှုများ ရှိနေခဲ့သည်။ ယင်း၏အကျိုးဆက်အနေဖြင့် ယနေ့အချိန်တွင် တရုတ်နိုင်ငံ၏ လျှပ်စစ်ကား အသုံးပြုမှုသည် မထင်မှတ်ထား လောက်အောင် ထိပ်တန်းတွင် ရှိနေကာ ကမ္ဘာပေါ်တွင် ကိုယ်ပိုင်ထုတ်လုပ်ရောင်းချသူဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင် ပြင်ပစျေးကွက်မှ ဝယ်ယူအားပေးခြင်းတွင်လည်းထိပ်တန်းဝယ်ယူ အားပေးသူဖြစ်ကာ တရုတ်နိုင်ငံသည် ကမ္ဘာ့လျှပ်စစ်ကား အသုံးပြုမှုနှင့်စျေးကွက် အခန်းကဏ္ဍတွင် ခရီးရောက်နေသည်။

၂၀၂၂ ခုနှစ်တွင်ပင်လျှင် မြို့တော်ပေကျင်းအပါအဝင် မြို့ကြီးများတွင် လျှပ်စစ်ဘက်ထရီအသုံးပြုကားများကို ပြေးဆွဲနေခဲ့ပြီဖြစ်ပြီး အဆိုပါနှစ် ဇူလိုင်လအတွင်း တရုတ်ခရီးသည်တင်ကားဆိုင်ရာအစည်းအရုံးက ခန့်မှန်းချက် ထုတ်ပြန်ခဲ့ရာတွင် လျှပ်စစ်ကားသစ် ခြောက်သန်းအထိ မှတ်ပုံတင်ရန်ရှိနေခဲ့သည်ဟု ဆိုထားသည်။ လက်ရှိ ၂၀၂၃ ခုနှစ် နိုင်ငံအလိုက် အရောင်းစျေးကွက်တွင်လည်း ကမ္ဘာ့ဒုတိယနေရာတွင်ရှိနေကာ  သန်း ၁၄၀၀ ကျော်ရှိနေကြောင်း ဖေါ်ပြမှုများရှိနေသည်။

ယင်းကဲ့သို့အိမ်နီးချင်းတရုတ်နိုင်ငံတွင် လျှပ်စစ်မော်တော်ကားစနစ်သည် ထုတ်လုပ်မှုနှင့်တင်သွင်းမှု ဘက်ပေါင်းစုံဖြင့် ဖွံ့ဖြိုးနေချိန် မြန်မာတွင်လည်း လျှပ်စစ်အသုံးပြုမော်တော်ကားအကြောင်း  ၂၀၂၂ ခုနှစ်တွင် မိတ် ဆက် ပြောဆိုမှုများရှိနေခဲ့ပြီး အခုနှစ် ၂၀၂၃ ခုနှစ်တွင်တော့ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားအစီး (၄ဝ)ကို ပြည် တွင်း ကုမ္ပဏီနှစ်ခုမှ ပထမဆုံးအကြိမ်အဖြစ် စတင်တင်သွင်းခဲ့ကြောင်း သတင်းဖေါ်ပြမှုများရှိလာခဲ့သည်။ ယင်း လျှပ်စစ်သုံးကားများမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနှင့်တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲအသုံးပြုမည့် ကားများဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံက ထုတ်ပြန်ခဲ့သည်။

ယင်းတို့ကို အများပြည်သူအသုံးပြုနိုင်ရေးအတွက် လျှပ်စစ်သုံးတက္ကစီအဖြစ် ရန်ကုန်လေဆိပ်တွင် အခြေပြုကာ တက္ကစီ (၁ဝ)စီး၊ နေပြည်တော် သပြေကုန်းဈေးတွင် အခြေပြုကာ တက္ကစီး (၁ဝ)စီး ပြေးဆွဲမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ပြည်တွင်းရှိ ကားအရောင်း ကုမ္ပဏီတစ်ခုကလည်း လျှပ်စစ်ကားတက္ကစီတစ်စီးကို ငွေကျပ် သိန်း (၇ဝဝ) နီးပါးဖြင့် အော်ဒါလက်ခံရောင်းချသည်ဟူသော သတင်းများလည်းရှိနေခဲ့သည်။

သို့ဆိုလျှင် ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားအသုံးပြုမှု ရေစီးကြောင်းထဲသို့ မြန်မာအနေဖြင့် စတင်တိုးဝင်နေသည်ကို တွေ့ရတာလည်းဖြစ်သည်။ သို့ရာတွင် စိန်ခေါ်မှုကြီးမားသော လျှပ်စစ်ကား၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းပညာနှင့်ကုန်ကျစရိတ် ကိန်းဂဏန်းများ၊ ဒါ့အပြင် လျှပ်စစ်ရရှိနိုင်မှုအပေါ်စဉ်းစားချက်များနှင့် နောက်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းရေးမှာလည်း အခက်အခဲရှိနိုင်ခြင်းကြောင့် ပြည်တွင်းစျေးကွက်တွင် လျှပ်စစ်ကားက ချင့်ချိန်မှုများစွာဖြင့် ရှိနေဆဲဖြစ်နေသည်။ သည်နေရာတွင် လျှပ်စစ်ကားဘက်ထရီကို အားသွင်းပြီးသားလဲပေးတဲ့စခန်းမှစကာ လိုအပ်ချက်များမှာ အစီအရီရှိပင်ရှိနေခြင်းလည်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် လျှပ်စစ်ကားအသုံးပြုမှု အတွက် လျှပ်စစ်အရင်းအမြစ်ရရှိမှုသည် အဓိကစိန်ခေါ်မှု ဖြစ်နေပြီး အရည်အသွေး သင့်တော်သည့်သာမန် ကားတစ်စီး တန်ဘိုးမှာလည်း သိန်း ၅၀၀ အထက်မှာ ရှိနေခြင်းကြောင့် ပြည်တွင်းမှာသာမန်အသုံးပြုသူများအတွက် ဝေးကွာနေဆဲဟု ရန်ကုန်မြို့အငှားယာဉ်မောင်းရပ်ဝန်းက ဆိုကြသည်။

လောင်စာအသုံးပြုကားများနေရာတွင် လျှပ်စစ်ကားများအစားထိုးအသုံးပြုခြင်းတွင် သာမန်ကားများ ထက်စျေးပိုနေတတ်ခြင်းက ကမ္ဘာပေါ်တွင်လည်းစိန်ခေါ်မှုအဖြစ်ရှိနေသည်။ သည်နေရာတွင် ကမ္ဘာ့နာမည်ကြီး အမေရိကန်အခြေစိုက် တက်စလာနှင့်အခြားကုမ္ပဏီများမှလည်း လျှပ်စစ်ကားအသုံးပြုမှု တွင်ကျယ်ရေးတွင် စျေးနှုန်းကိုပိုပြီးသက်သာ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြရသည်။ အခြားတစ်ဖက်တွင်တော့ ကမ္ဘာ့လျှပ်စစ်ကား စျေးကွက်တွင် တရုတ်ပြည်တွင်း ကားကုမ္ပဏီများ၏ စျေးနှုန်းချိုသာမှုမှာတော့ လူပြောများနေသည်။ ဝူလင်းနှင့် ချယ်ရီ ကဲ့သို့ ဈေးသက်သာသည့် လျှပ်စစ်ကားကုမ္ပဏီများကြောင့် တရုတ်နိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း လျှပ်စစ်ကား အသုံး ပြုမှုသည် ဥရောပတွင်မရှိသောစျေးနှုန်းဖြင့် အီးဗွီအသုံးပြုမှုကို မြှင့်တင်ရာတွင် အကြောင်းအရင်း တစ်ရပ်အနေဖြင့် ရှိခဲ့သည်။

အခြားတစ်ဖက်တွင် ကမ္ဘာ့နိုင်ငံများနှင့် တရုတ်နိုင်ငံသည် လျှပ်စစ်အရင်းအမြစ်စိန်ခေါ်မှုအတွက် နည်းပညာအားဖြင့် စဉ်းစားထုတ်လုပ်ခြင်းများလည်းရှိကြသည်။ ၂၀၂၂ ခုနှစ်အတွင်း တရုတ်တစ်နိုင်ငံလုံးအနေဖြင့် မှတ်ပုံတင်ခဲ့ကြသည့် ကားအသစ်များမှ လေးပုံတစ်ပုံလောက်သာ လျှပ်စစ်သီးသန့်ဖြစ်နေပြီး အခြားတစ်နည်း အနေဖြင့် ကြိုးဖြင့် သွင်းနိုင်သည့် လျှပ်စစ်၊ လောင်စာဆီ နှစ်မျိုးသုံးကားများလည်းဖြစ်နေကြောင်း ဖေါ်ပြမှုများ ရှိနေသည်။

ကမ္ဘာ့နိုင်ငံများသည်  သဘာ၀ပတ်ဝန်းကျင်နှင့် လောင်စာဆီ၊စွမ်းအင် အရင်းအမြစ်ခမ်းခြောက်မှု ပြဿနာ စိန်ခေါ် မှုများအား ရင်ဆိုင်ရန် အစဉ်အမြဲကြိုးပမ်းနေကြသည်။ လူသားတို့ ထုတ်ယူသုံးစွဲ လျှက်ရှိသည့် လောင်စာ အရင်းအမြစ်များသည် ကန့်သတ်ချက်တစ်ခုသို့ရောက်လာနိုင်သည့်အခြေအနေကို တစ်နေ့တွင်ကြုံလာနိုင်မည် ဖြစ် ကြောင်း ပညာရှင်များက တွက်ချက်ကြသည်။ ထို့ကြောင့် ယင်းအခြေအနေတွင် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာသည်လည်း ထိုရေစီးကြောင်းကို မျက်ခြေမပျက် စောင့်ကြည့်လှုပ်ရှားရဦးမည် ဖြစ်ပါသည်။

မိုးသား