【 ဆောင်းပါး 】ကမ္ဘာ့အမွေအနှစ်စာရင်းဝင် “မဟာတူးမြောင်းကြီး” (အပိုင်း -၁)

【 ဆောင်းပါး 】ကမ္ဘာ့အမွေအနှစ်စာရင်းဝင် “မဟာတူးမြောင်းကြီး” (အပိုင်း -၁)

တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အမှတ်အသားတစ်ခုဖြစ်တဲ့ “မဟာတံတိုင်း” လိုပဲ ခေတ်အဆက်ဆက် နိုင်ငံတော် စီမံကိန်းအဖြစ်တည်ဆောက်ခဲ့သော ကမ္ဘာ့အမွေနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရတဲ့ နေရာတစ်ခုလည်း ရှိနေပါသေးတယ်။ဒါကတော့ တရုတ်ပြည်ရဲ့ မြောက်ပိုင်းနှင့်တောင်ပိုင်းကို ရေလမ်းကြောင်းကနေ ဆက်သွယ်ပေးထားသော မဟာတူးမြောင်းကြီးပဲ ဖြစ်ပါတယ်။

တရုတ်လူမျိုးများဟာ ရှေးယခင်ကတည်းက မြစ်ချောင်းများရဲ့အရေးပါမှုကို ကောင်းကောင်းအသုံးချနိုင်ခဲ့သူတွေ ဖြစ်ကြပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ခန့်ကပင် ဆည်မြောင်းတာတမံများကို စတင်တည်ဆောက်ခဲ့ကြ တယ်လို့ ဆိုပါတယ်။

ဘီစီ ၅၀၀ ဝန်းကျင်ကတည်းက ရေလမ်းကြောင်းမရှိသော မြို့များကို ရေလမ်းကြောင်းမှ ဆက်သွယ်သွားလာနိုင်ရန် တူးမြောင်းများကို ဖောက်လုပ်ခဲ့ကြတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကနေ ယနေ့အထိတည်ရှိနေတဲ့ တရုတ်နိုင်ငံထဲက မဟာတူးမြောင်းကြီးကတော့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းရွေးချယ်ခြင်းခံခဲ့ရကာ တရုတ်နိုင်ငံရဲ့ (၄၆)ခုမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါတယ်။မဟာတူးမြောင်းကြီးဟာ တရုတ်ပြည်တောင်ပိုင်း ဟန်ကျိုးမြို့ မှစတင်ပြီး မြောက်ပိုင်းပေကျင်းမြို့တော်တွင် အဆုံးသတ်သောကြောင့် ကျင်း-ဟန် မဟာတူးမြောင်းကြီးလို့ ခေါ်ဆိုကြပါတယ်။

ရှေးယခင်ကတည်းက ယနေ့အချိန်အထိ တရုတ်ပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ရေကြောင်းဖြင့် ဆက်သွယ်ပေးထားတဲ့ မဟာတူးမြောင်းကြီးဟာ ဟန်ကျိုးမြို့မှ စတင်ပြီး ကျဲ့ကျန်းပြည်နယ်၊ ဟော်ပေပြည်နယ်၊ စန်းတုန်းပြည်နယ်၊ ကျန်းစုပြည်နယ်အထိ ရောက်ရှိပါတယ်။ ထျန်းကျင်းမြို့ကြီးကို ကျော်ဖြတ်သွားပြီး ပေကျင်း မြို့တော်တွင် အဆုံးသတ်သွားပါတယ်။ အဲဒီ မဟာတူးမြောင်းကြီးဟာ တရုတ်ပြည်၏ မြစ်ကြီး ၂ စင်းဖြစ်တဲ့ မြစ်ဝါမြစ်နှင့် ချန်ကျန်းမြစ်(ယန်ဇီမြစ်)ကို ချိတ်ဆက်ပေးထားတဲ့ တူးမြောင်းကြီးဖြစ်ပါတယ်။

မဟာတူးမြောင်းကြီးရဲ့ ရှေးအကျဆုံးအပိုင်းကိုတော့ ဘီစီ ၅၀၀ ခုနှစ်ဝန်းကျင်ကတည်းက တည်ဆောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ဆွေ့မင်းဆက်လက်ထက်တွင် တရုတ်ပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းကို ရေကြောင်းမှ ချိတ်ဆက်နိုင်ရန်အတွက် မဟာစီမံကိန်းကြီးတစ်ခုအဖြစ် စတင်ဖောက်လုပ်ခဲ့တာလို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ရှေးခေတ်တရုတ်လူမျိုးတွေက မဟာတူးမြောင်းကြီးကို တည်ဆောက်ခဲ့ရသည့် ရည်ရွယ်ချက်များမှာ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေးအရ တောင်-မြောက် ချိတ်ဆက်ပြီး ကူးလူးကုန်သွယ်နိုင်စေရန်၊ မြစ်ဝါမြစ်နှင့် ချန်ကျန်းမြစ်တို့ ၏ မိုးရာသီအခါ မြစ်ရေကြီးမှုကို တားဆီးနိုင်စေရန်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်ပြည်ရဲ့ မြောက်ပိုင်းဟာအုပ်ချုပ်ရေးနှင့်စစ်ရေးတွင် အဓိကကျပြီး၊ တောင်ပိုင်းကတော့ စိုက်ပျိုးရေးနှင့် စီးပွားရေးအတွက် အဓိကျတာကြောင့် တရုတ်ပြည်၏မြောက်ပိုင်းတွင် စစ်တိုက်နေရချိန် ရိက္ခာအတွက် ဆန်စပါးကို တောင်ပိုင်းမှရေကြောင်းကိုအသုံးပြု၍ တင်ပို့နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မဟာတူးမြောင်းကြီးကို ဘီစီ ၅၀၀ ခုနှစ်ဝန်းကျင်ကတည်းက ဖောက်လုပ်တည်ဆောက်ခဲ့ပြီး အသုံးပြုခဲ့သည်မှာ ယနေ့အချိန်ထိဆိုလျှင် နှစ် ၂၅၀၀ ဝန်းကျင် သက်တမ်းရှိနေပြီဖြစ်ပါတယ်။မဟာတူးမြောင်းကြီး၏ အရှည်ဟာ တောင်ပိုင်း ဟန်ကျိုးမြို့မှ မြောက်ပိုင်း ပေကျင်းမြို့တော်အထိ မိုင်ပေါင်း ၁၁၀၄ မိုင် ရှည်လျားပါတယ်။ အမြင့်ဆုံးအပိုင်းမှ စန်းတုန်းပြည်နယ် တောင်ကုန်းများပေါ်မှ ဖြတ်ဖောက်ထားသော တူးမြောင်းအပိုင်းဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၈ ပေ မြင့်မားပါတယ်။

အမြင့်ပိုင်းထိရောက်အောင် သင်္ဘောများ တက်ရောက်နိုင်စေရန် ရေမျက်နှာပြင်အမြင့်ကိုချိန်ညှိ၍ အဖွင့်အပိတ်ပြုလုပ်ရသော ရေထိန်းတံခါးစနစ် (Pound Lock) နည်းပညာကို အသုံးပြုထားပြီး ထိုရေထိန်းတံခါးနည်းပညာကို တာ့စုန့်ခေတ် (၉၆၀ ခုနှစ် - ၁၂၇၉ ခုနှစ်)က နာမည်ကျော်အတတ်ပညာရှင်အမတ်ချောင်ဝေယွဲ့က တီထွင်ဖန်တီးခဲ့တာလို့ သိရပါတယ်။

ထိုစဉ်က ချောင်ဝေယွဲ့ တီထွင်ခဲ့သော “ရေထိန်းတံခါးစနစ်” Pound Lock သည် ယနေ့ခေတ် တူးမြောင်းများတွင် အသုံးပြုနေကြဆဲဖြစ်ပြီး တရုတ်ပြည်သို့ လာရောက်လည်ပတ်ကြသူများ၏ မှတ်တမ်းထဲတွင် မဟာတူးမြောင်းကြီးနှင့် ပတ်သက်ပြီး အထင်ကြီးလေးစားမှုတွေကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။                                                                                                                                            

ဆက်လက်ဖော်ပြပါမည်။

 ခန့်မောင်