【 ဆောင်းပါး 】ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတားကြီး

【 ဆောင်းပါး 】ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတားကြီး 

ပင်လယ်ကိုဖြတ်ကျော်ပြီး တည်ဆောက်ထားတဲ့ တံတားတွေထဲမှာ ဟောင်ကောင်၊ မကာအိုနဲ့ တရုတ်ပြည်မကြီးကို ဆက်စပ်ပေးထားတဲ့ တံတားကြီးကတော့ ကမ္ဘာပေါ်မှာအရှည်ဆုံး ပင်လယ်ဖြတ်ကျော် တံတားကြီးဖြစ်ပါတယ်။

ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတားကြီးဟာ လင်တင်းရန်ပင်လယ်ကို ကန့်လန့်ဖြတ်ဖောက်လုပ်ထားတာဖြစ်ပြီး စုစုပေါင်း အရှည် ၅၅ ကီလိုမီတာရှိကာ တရုတ်နိုင်ငံရဲ့ ပထမဆုံးတံတား ၊ ကျွန်းတုနှစ်ခုနဲ့ ဥမင်လိုဏ်ခေါင်းတို့ ပေါင်းစပ်ထားတဲ့ ပင်လယ်ဖြတ်လမ်းကြောင်း ဖြစ်ပါတယ်။

ဒီတံတားကြီးဟာ ကမ္ဘာ့အရှည်ဆုံး ပင်လယ်အောက်ဥမင်လိုဏ်ခေါင်းကိုလည်းပိုင်ဆိုင်ထားပြီး ပင်လယ်ပြင်မှာရှိတဲ့ ဥမင်လိုဏ်ခေါင်းအပိုင်းက ပင်လယ်အောက်မီတာ ၄၀အနက်မှာ အရှည်၆ ဒသမ ၇ကီလိုမီတာရှိပြီး ပင်လယ်အောက်မှာရှိတဲ့ ဥမင်လိုဏ်ခေါင်းဖြစ်ပါတယ်။

ကျွန်းတုတွေ၊ လမ်းသစ်တွေနဲ့ နယ်စပ်ဖြတ်ကျော် အဆောက်အအုံများပါဝင်သော စီမံကိန်းတစ်ခုလုံး အတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏဟာ ယွမ် ၁၂၆ ဒသမ ၉ ဘီလီယံရှိပါတယ်။ ဒီစီမံကိန်းကြီးကို ၅ နှစ် ကြာရေးဆွဲ၍ ၉ နှစ်ကြာတည်ဆောက်ခဲ့ရပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှာ စတင်ဖွင့်လှစ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒီတံတားကြီးဟာ လင်တင်းရန်ပင်လယ်ပြင်ရှိ အလုပ်အများဆုံးဖြစ်တဲ့ ပင်မလမ်းကြောင်းကို ဖြတ်သန်း သွားတဲ့အတွက် တံတားကိုမြှင့်ပြီး အပျော်စီးသင်္ဘောတွေကို တံတားအောက်ပြေးဆွဲနိုင်ဖို့ ကနဦးစီစဉ်ခဲ့တာလို့ သိရပါတယ်။

ဒါပေမယ့်လည်း  ဒီနေရာက ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့နီးကပ်နေပြီး လေကြောင်းနယ်ပယ်ရှိ အဆောက်အအုံတွေရဲ့ အမြင့်ကန့်သတ်ချက်ကြောင့် ဒီစိတ်ကူးကို အကောင်အထည်မဖော်နိုင်ခဲ့ဘဲ ဥမင်လိုဏ်ခေါင်းကဖြစ်နိုင်ခြေရှိတဲ့ တစ်ခုတည်းသော ဖြေရှင်းဖို့နည်းလမ်းဖြစ်လာတာလို့ သိရပါတယ်။

ဒီလို တံတားနဲ့ ဥမင်လိုဏ်ခေါင်းကြားပြောင်းလဲမှုကို အကောင်အထည်ဖော်ဖို့အတွက် လိုဏ်ခေါင်းရဲ့ အ စွန်းနှစ် ဖက်မှာ ကျွန်းတုနှစ်ခုတည်ဆောက်ခဲ့ရာကနေ  ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကြီးဟာ တံတား၊ ကျွန်း နဲ့ ဥမင်လိုဏ် ခေါင်းတို့ ပေါင်းစပ်ထားတဲ့ တည်ဆောက်မှုပုံစံ ဖြစ်လာတာလို့ ဆိုပါတယ်။

ဒီတံတားကြီးမှာအသုံးပြုတဲ့ သံမဏိပမာဏစုစုပေါင်းတန်ချိန် ၄၂၀,ဝဝဝရှိရာ အီဖယ်မျှော်စင်အခု ၆၀ နဲ့ ညီမျှပြီး တံတားကြီးဟာလည်း ပြင်းအားအဆင့် ၈ ရှိတဲ့ ငလျင်ဒဏ်နဲ့ တိုင်ဖုန်းမုန်တိုင်း အဆင့် ၁၆ ထိ ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတားကြီးရဲ့ သက်တမ်းကလည်း နှစ် ၁၂၀ အထိ ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။တံတားကြီးတည်ဆောက်စဉ်က လေးမိုင်ခန့်ရှည်လျားသော ရေအောက်လိုဏ်ခေါင်းအား ခဲရာခဲဆစ်တည်ဆောက်ခဲ့ကြရတာလို့လည်း အင်ဂျင်နီယာတွေက ပြောဆိုထားပါတယ်။ 

ရေလုံတဲ့ နည်းပညာကိုသုံး၍ ပင်လယ်ရေအောက်မှာ ပိုက်တန်ချိန်ပေါင်း ၈ဝဝဝဝ ကို အသုံးပြုကာ လိုဏ်ခေါင်းကားလမ်းတည်ဆောက်မှုဟာ  ပရောဂျက်တစ်ခုလုံးအတွက် အခက်ခဲဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတံတားကြီးဟာ လင်တင်းရန်ပင်လယ်ကို ကန့်လန့်ဖြတ်သွားပြီး ဟောင်ကောင်ဆိပ်ကမ်းရှိ ကျွန်းတုမှ စတင်ကာ ၁၂ ကီလိုမီတာ ရှည်လျားတဲ့ ချိတ်ဆက်လိုင်းကို ဖြတ်သန်းကာ ပင်လယ်အောက် ဥမင်လိုဏ်ခေါင်းထဲ ဝင်ရောက်တာ ဖြစ်ပါတယ်။

ရေအောက်မှာ ၆ ဒသမ ၇ ကီလိုမီတာ ခရီးနှင်ပြီးအနောက်ကျွန်းတုကနေတစ်ဆင့် ၂၂ ဒသမ ၉ ကီလိုမီတာရှည်လျားတဲ့တံတားကြီးဆီဝင်ရောက်ကာ ကျူးဟိုင်-မကာအိုဂိတ် ကျွန်းတုကိုရောက်ရှိပြီးတော့မှ မကာအိုနဲ့ ကျူးဟိုင်ကို ခွဲထွက်သွားတာ ဖြစ်ပါတယ်။

ဒီတံတားကြီးဖောက်လုပ်ပြီးစီးလို့ ဖြတ်သန်းသွားလာတဲ့အချိန်မှာ အရင်ကထက် အချိန်ပိုမိုသက်သာသွားတယ်လို့ ဆိုပါတယ်။

ကျူးဟိုင်-ဟောင်ကောင်အကြား သွားလာမှုအချိန်ကို အရင်ကရေလမ်းနဲ့ ၁ နာရီခန့်၊ ကုန်းလမ်းနဲ့ ၃ နာရီ ကျော်ကြာခဲ့ရာကနေ အခုဆိုရင် မိနစ် ၂၀ ကနေ မိနစ် ၃၀ အတွင်းသာ ကြာတော့တယ်လို့ သိရပါတယ်။

ဒီတံတားကြီးကြောင့် ကျူးဟိုင်၊ မကာအိုနဲ့ ဟောင်ကောင်အကြား ကုန်းလမ်းချိတ်ဆက်မှုကို ပထမဆုံးအကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး ဟောင်ကောင်-ကျူးဟိုင်-မကာအိုဒေသသုံးခုအကြားအကွာအဝေးကို များစွာ တိုတောင်းလာစေကာ ဟောင်ကောင်- ကျူးဟိုင်-မကာအို ပင်လယ်ကွေ့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အားကောင်း လာအောင်  အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဟောင်ကောင်၊ မကာအို နဲ့ တရုတ်ပြည်မကြီးကို ဆက်သွယ်ပေးထားသော ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတားကြီးဟာ အင်ဂျင်နီယာလောက၏ အံ့ဖွယ်တစ်ပါးလို့လည်း တင်စားခံရတာကြောင့် စိတ်ဝင်စားဖွယ်ရာပါဘဲ ။

ခန့်မောင်