【 ဆောင်းပါး 】ကိုယ်ချင်းစာစိတ်

【 ဆောင်းပါး 】ကိုယ်ချင်းစာစိတ်

မနက်ဘက် အိပ်ယာကနေထသည့်အခါ တစ်ဘက်အိမ်ဝင်းထဲမှ ခွေးအော်သံကို စူးစူးဝါးဝါးကြားရသည်။ ခွေးဟောင်သံမဟုတ်ဘဲ တကိန်ကိန်ဖြင့် အချိန်အတန်ကြာ အော်သံဖြစ်သဖြင့် ခွေးကို တုတ်နှင့် ရိုက်လိုက်တာလား၊ ရေနွေးနှင့်လောင်းလိုက်တာလား စသဖြင့် ကျနော်တွေးနေမိသည်။ မနက်စောစော ပုံမှန်ရပ်ကွက်တစ်ပတ်ပတ်ပြီး လမ်းလျှောက်ပြန်လာသည့်အခါမှာတော့  အိမ်ရှေ့လမ်းမပေါ်မှာ မိညိုလို့ အရပ်ကနာမည်ပေးထားသည့် ခွေးမတစ်ကောင် ကျောမှာဓားခုတ်ခံထားရသည့် ဒဏ်ရာဖြင့် လှဲနေကာ ဓားချက်ကို လျှာဖြင့်လျှက်ပြီး တအီအီဖြင့် ငြီးနေလေသည်။

ကျနော်မှာ ဒီလိုမြင်တော့ မကြည့်ရက်။ ခွေးကြောက်သော်လည်း ထိုခွေးကိုဆေးထည့်ဖို့ကြံရသည်။  ထို့ကြောင့် လမ်းလျှောက်ပြန်လျှင် လုပ်နေကျအိမ်အလုပ်ကို ခဏရပ်ပြီး အိမ်ပေါ်တက်ကာ ဆေးသေတ္တာကိုယူသည်။ အိမ်ရှင်မက ကျနော်အသံကြားပြီး လူလာတာမတွေ့သဖြင့် ဘာဖြစ်လို့လဲဆိုကာ ဟင်းချက်နေရာမှာ အိမ်အောက်ထိဆင်းလာသည်။ဒီမှာ ဓားခုတ်ဒဏ်ရာဖြင့် မိညိုကို တွေ့သဖြင့် ကျနော် ဆေးထည့်တာကို ၀ိုင်းကူသည်။ကူရင်းနှင့်လည်း ဓားနဲ့ခုတ်သူကို မကျေမချမ်းဖြင့်  လူစိတ်မရှိတဲ့သူ ကိုယ်ချင်းစာစိတ်မရှိတဲ့သူ ဝဋ်လည်ပါစေဟု ပြောလေသည်။ ကျနော်မှာ မိညိုကိုဆေးထည့်ရင်း ဘေးအိမ်ကလူကြားမှာလည်းဆိုးရသေးသဖြင့် မနည်းပိတ်ရသည်။ မိညိုမှာ ဓားနှင့်ခုတ်သည့်ဒဏ်ရာမှာ အတော်နက်သဖြင့် သွေးကမတိတ်။ ကျနော်က ဆေးသေတ္တာထဲမှ သွေးထွက်လျှင်ထည့်ရသည့် ဆေးကို သတိထားထည့်ကာ ပတ်တီးစည်းသည်။ နောက် မိညိုလှဲနေသည့်နေရာကို သက်သာစေရန်  အဝတ်စလေး ခင်းထားပေးသည်။

ဒီခွေးမက ကျနော်တို့မွေးထားသည့်ခွေးမဟုတ်။ အရပ်ထဲ ဘယ်အိမ်ထဲမဆို ဝင်ထွက်နေသည့်ခွေးဖြစ်သည်။ တစ်ခါတရံ ခွေးမနှင့် ကလေးအုပ် လုံးထွေးနေသည်။ ဘေးအိမ်က လူမှာ ခွေးမုန်းတီးသူဖြစ်သဖြင့် ကြုံရင် ကြုံသလို ခွေးတွေကို ဆောင့်ကန်တတ်ရာ  မိညိုမှာ ထိုသူကိုမြင်သည်နှင့် ဟောင်တတ်သည်။ ယခုလဲ ထိုသူလုပ်လိုက်ဟန်ရှိသည်။ သို့သော် သူ့အကုသိုလ်နှင့် သူသွားလိမ့်မည်ဟု စိတ်ထားသဖြင့် ယခင်ကတည်းက ထိုသူဘာလုပ်လုပ် ဟန့်တားခြင်းလည်းမရှိ။ ပြောခြင်းလည်းမရှိ။ ဒီတော့ ထိုသူမှာ အရပ်ထဲ ခွေးနိုင်မင်းဖြစ်နေသည်။ သို့သော် မိညိုကတော့ ထိုသူမြင်သည်နှင့် ခပ်ဝေးဝေးကရှောင်ကာ ဟောင်လေ့ရှိသဖြင့် ထိုသူက အမြင်ကပ်ပြီး ချောင်းနေဟန်ရှိသည်။ ယခု ချက်ကောင်းကို ခုတ်လိုက်သဖြင့် မိညိုမ လမ်းတောင်မလျှောက်နိုင်။

နေ့လယ်ဘက်ရောက်သည့်အခါ ကျနော့်အိမ်ရှင်မက မိညိုမကို အစာဆင်းကျွေးသည်။ကျနော်က အိမ်ပေါ်ကနေ ကြည့်သည်။ မိညိုမှာ ဓားဒဏ်ရာအတော်ထိပုံရသည်။ အစားတောင် မစား။ နောက်တော့ အရပ်ထဲက ခွေးချစ်သူ အမျိုးသမီးတစ်ယောက်က ပရဟိတအဖွဲ့တစ်ခုကို ခေါ်ပြီး မိညိုမကို ခေါ်သွားသည်။ ကျနော်က မိညိုမ ကိုထည့်ပေးထားသည့်ဆေးတွေ ထိုပရဟိတအဖွဲ့ကိုပေးလိုက်သည်။ ဆေးက ဟိုမှာ ကိုယ့်ထက်စုံနိုင်သော်လည်း ဘာဆေးတွေ ထည့်ထားသလဲ မသိမှာစိုးသဖြင့် ဖြစ်သည်။

အရပ်ခွေးဖြစ်ပြီး ကြုံရာအိပ် ကြုံရာစားကာ လမ်းထဲလှည့်လည်နေသည့် ဒီခွေးမကို ဘယ်လိုအညှိုးနှင့်များ ဓားနဲ့ခုတ်ရဲကြတာလည်းဟု  ရေနွေးကြမ်းသောက်ရင်း စဉ်းစားမိသည်။ လူတွေ လူတွေ အကြင်နာတရား ခေါင်းပါးလာကြသည်။ ဒီဘက်နှစ်ထဲ မကြာခဏဆိုသလို မကြားဝံ့မနာသာဖြစ်ရပ်တွေ ကြားလာရသည်။  လူတွေစိတ်က ဘီလူးသဘက်သဖွယ်ဖြစ်လာသည်။ မီးရှို့သတ်သည့်သတင်းတွေ၊ ခုတ်သတ်သည့်သတင်းတွေ။  ဘာတွေကြောင့်များ  ကိုယ်ချင်းစာစိတ်နည်းပါးလာရတာလဲဟု မကြာခဏတွေးမိသည်။ သံသရာကိုမကြောက်ကြတာလား၊ ဘာသာရေးကို မယုံတာတွေကြောင့် လုပ်ရဲလာကြတာလားဟု စိတ်မသက်မသာဖြင့်တွေးမိသည်။  ဒီလိုတွေးတော့ ဝဋ်ဆိုတာကို ပြေးသတိရမိသည်။

ဝဋ်ဆိုတာနှင့် ပတ်သက်လာသည့်အခါ ကျနော်အလုပ်စဝင်စက လူကြီးတစ်ယောက်၏အဖြစ်ကို သတိရမိသည်။  ထိုလူကြီးမှာ အလွန်ဆိုးသည်။ မိန်းမဆိုလျှင် တွေ့မရှောင်ဖြစ်သည်။ ဒီတော့ သူ့နားမှာ ဘယ်မိန်းကလေး မှ မနေရဲ။ သူ့နားမှာနေပါက အနည်းဆုံးတေ့ာ သားပြောမယားပြောခံရသည်။ ဒီတော့ ထိုလူကြီးဖြစ်သူနားနေရသည့် ကျနော်တို့ပါ အနေခက်သည်။ ကျနော်တို့မှာ အလုပ်လုပ်ရသည်ထက် သူ့ကို ဝန်ဆောင်မှုပေးရတာနှင့် အလုပ်ချိန်က ကုန်လို့  ကုန်မှန်းမသိ။ ကြာလေ

ပြည့်တန်ဆာခေါင်းလို ဖြစ်လာလေဆိုတော့ အကြောင်းရှာပြီး ထိုလူကြီးနားမှ မနေရအောင်လုပ်ရသည်။

လူကြီးကတော်ကိုလည်း နေ့စဉ်လိမ်ရသဖြင့် အလုပ်လုပ်ရသည်မှာ ကံငါးပါးကို တစ်ရက်လျှင် အနည်းဆုံး နှစ်ပါးလောက်တော့ အသာလေးဖောက်နေရသလိုဖြစ်သည်။ ကျနော်တို့ ငယ်စဉ်က ယနေ့ခေတ်လိုခန္ဓာကိုယ်နှင့်ရင်းကာ လုပ်စားသူပေါပေါများများမရှိ။ အဝေး‌ပြေးရှိရာ ဆင်မလိုက်နှင့် ထိုနားက ကျောက်တံတားဆိပ်၊နောက် သီရိမင်္ဂလာစျေး။ ထိုစဉ်က ယနေ့လို ကေတီဗီတို့ မာဆတ်တို့လည်းမရှိဘဲ တည်းခိုခန်းများကသာ လူခေါ်ပေးခြင်း ရှိသဖြင့်  ထိုလူကြီးမှာ ရုံးတွင်းက စာရေးမတွေပါ မျက်စောင်းထိုးလာသည်။ အပျိုအအိုလည်းမရှောင်တော့။ နောက်တော့ ရုံးထဲက အိမ်ထောင်ရှင်စာရေးမတစ်ဦးနှင့် ဖြစ်သည်။ ကြာတော့ နှစ်ဘက်က လင်တွေမယားတွေ သိပြီး စာရေးမ၏ အိမ်ထောင်မှာကွဲတော့သည်။ထိုအခါ အဆိုပါလူကြီးက ထိုစာရေးမကို အပျော်မယားမျိုး အိမ်တစ်အိမ်ငှားကာထားသည်။နောက်မကြာခင် ထိုလူကြီး ပင်စင်ယူသည့်အခါ ထိုစာရေးမမှာ အလုပ်ကပါထွက်ရပြီး နောက်တော့ ဘယ်ရောက်လို့ ရောက်မှန်းမသိတော့။

သူများအိမ်ထောင်ကို ဖျက်ဆီးခဲ့ခြင်းလုပ်ရပ်ကြောင့် ထိုလူကြီးမှာ ပင်စင်ယူပြီးနောက်၊ မယားကအရင်သေသည်။နောက် ထိုလူကြီးမှာ လေဖြတ်သည်။ သူ့သမီးမှာ သူဌေးတစ်ယောက်၏ အငယ်အနှောင်းဖြစ်သွားသည်။ထိုလူကြီးမှာ လေဖြတ်သဖြင့် ပြုစုမည့်သူမရှိသောကြောင့် ဘိုးဘွားရိပ်သာတစ်ခုတွင် သွားနေရသည်။ ကိုယ်လုပ်ပိုင်ခွင့်ရှိသည့်အခါ လုပ်ပိုင်ခွင့်ကို အပြည့်အ၀အသုံးချပြီး အခြားသူများကို ဖျက်စီးခဲ့သူ၏ နိဂုံးကိုကြည့်ပြီး ကျနော်တို့မှာ တရားရသည်။ လူတွေ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ တခြားသူကို အနိုင်ကျင့်သည်ကို မြင်တိုင်း ထိုဖြစ်ရပ်ကို ကျနော် မြင်မြင်နေမိသည်။လုပ်နေရသည့်အခါ တပြုံးပြုံး၊ကိုယ်ခံရသည့်အခါ တရှုံတရှုံဆိုသည့် ဇာတ်သမားများ စကားကို ပြန်ကြားမိသည်။  

 ယခုလဲ ကိုယ်လုပ်လျှင် ခံရမည့် အဟိတ်တိရစ္ဆာန်ကို ဓားနှင့်ခုတ်သည်။ ကိုယ့်အတွက် ဘာများထူးသွားသည်ရှိမည်နည်း။ ကိုယ်ချင်းစာတရားလေး အနည်းငယ်လောက်ထည့်လျှင်တောင် ဒီလိုလုပ်မည်မထင်။ဒီတော့ ဒီလူနား အိမ်ချင်းကပ်နေရသည်မှာ ကြောက်ဖို့တောင်ကောင်းလှနေသည်။

လူတစ်ယောက်နှင့် တစ်ယောက် ထိတွေ့ဆက်ဆံကြသည်က တစ်ယောက်ကို တစ်ယောက်နားလည်ပေးနိုင်၍ဖြစ်သည်။ ထိုသို့နားလည်ပေးနိုင်ရန် ကိုယ်ချင်းစာတရားကို မွေးရသည်။ “ငါ့ဥမှ ငါ့ဥ”ဆိုသည့် အတွေးရှိနေသမျှ ကာလပတ်လုံး လူလူချင်းပေါင်းသင်းဖို့ရာ ခက်လှသည်။ နားလည်ပေးနိုင်ဖို့ မလွယ်နိုင်။ ထိုသူများမှာ ကိုယ်လုပ်ရဖို့သာ အမြဲတွေးနေပြီး ကိုယ်လုပ်သလိုမျိုး ကိုယ်လည်းအလုပ်ခံရပါက ခံနိုင်ပါ့မလားဆိုသည့် အတွေးမျိုးလည်း မရှိတတ်ပေ။

ဝဋ်ဆိုတာ မကြောက်လျှင် ထားလိုက်ဦး။ ကိုယ်လည်း နာမကျန်းဖြစ်မှာ ၊ အိုမင်းလာမှာ ၊သေဆုံးဖို့ အချိန်ကျလာမှာ မလွဲမသွေဖြစ်သည်။ ကိုယ်မလုပ်နိုင်မကိုင်နိုင်ဖြစ်မည့်အချိန်အခါကို တွေးကြည့်လျှင်ပင် ဝဋ်ဆိုတာကိုတွေးမိမည်ဖြစ်သည်။ ထိုအခါ ကိုယ်ချင်းစာစိတ်ဆိုသည်က အဘယ်မျှ တာသွားသည်ကို သိနိုင်မည်ဖြစ်လေသည်။

မောင်ဦးလွင်