【 ဆောင်းပါး 】ကျင့်ဝတ်များနှင့်အညီ

【 ဆောင်းပါး 】ကျင့်ဝတ်များနှင့်အညီ

မန်နေဂျာတစ်ဦးအနေနဲ့ လုပ်ငန်းများကို စီမံခန့်ခွဲဆောင်ရွက်ရာမှာ လုပ်ငန်းရည်မှန်းချက်များ ပြည့်မီအောင်မြင်ဖို့ရာအတွက် မိမိဝန်ထမ်းများကို ဦးဆောင်ဦးရွက်ပြုဆောင်ရွက်ရပါတယ်။ ခေါင်းဆောင်မှုပြုရပါတယ်။ ခေါင်းဆောင်မှုဆိုတာ လုပ်ငန်းအဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ ပေါက်ရောက်အောင်မြင်ဖို့ရာအတွက် ဦးဆောင်လမ်းညွှန်မှုပြုတာ၊လွှမ်းမိုးနိုင်တာ၊ ခွန်အားပေးနိုင်တာ၊ နောက်လိုက်ငယ်သားများရဲ့ ကတိကဝတ်ပြုမှုကို ရယူဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မိမိအသင်းအဖွဲ့ကို ဦးဆောင်ဖို့ လေးစားလိုက်နာရမယ့် ကျင့်ဝတ်တွေကို ချမှတ်ပေးဖို့၊ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေဖြစ်ပေါ်လာဖို့အတွက် ပါဝါ တည်ဆောက်တွန်းအားပေးဆောင်ရွက်ဖို့နဲ့ ဝန်ထမ်းတွေအောင်မြင်တိုးတက်လာဖို့အတွက် သင်ကြားပို့ချတာတွေ သွန်သင်ဆုံးမတာတွေ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

မန်နေဂျာတစ်ဦးအနေနဲ့ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာမှာ-မိမိအသင်းအဖွဲ့ မိမိဝန်ထမ်းများကို ဦးဆောင်မှု ပြုရာ (Leading others )မှာ မဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းများရှိပါတယ်။

၁။လေးစားလိုက်နာရမယ့် ကျင့်ဝတ်တွေကို ချမှတ်ခြင်း၊

၂။ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို အံဝင်ခွင်ကျဖြစ်စေခြင်း၊

၃။ ပြဿနာများကို ဖြေရှင်းခြင်း၊

၄။ ပါဝါတည်ဆောက်ခြင်း၊

၅။အပြောင်းအလဲကို စီမံခြင်း၊

၆။ ဝန်ထမ်းတွေ တိုးတက်ဖို့ ကူညီပေးခြင်း၊

၇။ သင်ကြားပို့ချသွန်သင်ဆုံးမခြင်း၊

၈။ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် စီမံပေးခြင်း အစရှိတဲ့ လုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

ဦးဆောင်ဦးရွက်ပြုတဲ့ခေါင်းဆောင်မန်နေဂျာတစ်ဦးအနေနဲ့ လိုက်နာဆောင်ရွက်ရမယ့် ကျင့်ဝတ်စည်းကမ်းများနဲ့ စပ်လျဉ်းလို့ ဂဃနဏ နားလည်ပြီး၊ မိမိအသင်းအဖွဲ့အတွက် စံနမူနာကောင်းတစ်ဦးဖြစ်ရပါမယ်။ ကျင့်ဝတ်ဆိုတာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ဥပဒေသတွေဖြစ်ပြီး၊အမှားနဲ့အမှန်၊အကောင်းနဲ့အဆိုးကို ခွဲခြားသတ်မှတ်ပေးပါတယ်။ ဆောင်ရမယ့်အချက်တွေ၊ ရှောင်ရမယ့်အချက်တွေကို ခွဲခြားသတ်မှတ်ပေးထားပါတယ်။

“ တကယ်တော့ ကျင့်ဝတ်ဆိုတာဟာ ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စတစ်ခုပါပဲ” လူတစ်ဦးချင်းမှသည် လူ့အဖွဲ့ အစည်းတစ်ခုလုံးအတွက် ကျင့်ဝတ်ဆိုတာ မရှိမဖြစ်အရေးကြီးတဲ့အရာပါ။ ကျင့်ဝတ်ဟာ လူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် သတ်မှတ်ချက်တွေကို ဖော်ထုတ်တဲ့အပိုင်းကနေ ပါဝင်နေတယ်လို့ သုံးသပ်နိုင်တယ်။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ ကျင့်ဝတ်ဆိုတာဟာ စံနှုန်းသတ်မှတ်ချက် တစ်ခုကို စိတ်ပါလက်ပါ လိုက်နာတာ မျိုးပါ”ဟု ဆရာညီညီ(စိတ်ပညာ)က သူ့ရဲ့ “စိတ်ကောင်းမွေး”ဆိုတဲ့စာအုပ်မှာ ကျင့်ဝတ်ရဲ့ အဓိပ္ပာယ် ကို  ရိုးရိုးရှင်းရှင်းဖွင့်ဆိုထားပါတယ်။ ဒါ့အပြင် “စည်းကမ်းမဟုတ်တဲ့” နားလည်မှုတွေနဲ့ အသိပညာကို ရှေ့တန်း တင်ဆောင်ရွက်တာမှန်သမျှဟာ ကျင့်ဝတ်ပါ။”လို့ ထပ်ဆင့်ဆိုထားပါတယ်။ “ The ethics come from the heart ”.နှလုံးသားမှ ယိုစီးလာသောကျင့်ဝတ်များလို့လည်း ဆိုပါတယ်။ “လူ့လောက အလယ် လူတွေနဲ့ တွေ့ဆုံကြုံကြိုက်တဲ့အခါ သိတတ်မှုတွေကို ဖြည့်ပြီး နားလည်မှုတွေနဲ့သာ ဆက်ဆံပြောဆို ဆောင်ရွက်မယ်ဆိုရင် ကျင့်ဝတ်တွေကို လိုက်နာပြီးသားဖြစ်နေမှာပါ။”လို့ဆရာညီညီ(စိတ်ပညာ)က အကြံပေး ပြောကြား ထားပါတယ်။

လုပ်ငန်းအဖွဲ့အစည်းတစ်ခုအတွင်းမှာရှိတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက်ကျင့်ဝတ်ဟာ အရေးကြီးပါတယ်။ အထူးသဖြင့် ကျင့်ဝတ်နဲ့မညီတဲ့အချို့သော ကိစ္စရပ်များဟာ ဥပဒေကြောင်းအရ အရေးယူနိုင်တဲ့ ကိစ္စရပ်များလည်းရှိပါတယ်။ illegal ဖြစ်တယ်။ ဥပဒေနဲ့မညီဖြစ်နိုင်ပါတယ်။ အပြစ်ပေး အရေးယူနိုင်ပါတယ်။ ကုမ္ပဏီတွေ လုပ်ငန်းအဖွဲ့အစည်းတွေကတော့ ဝန်ထမ်းတိုင်းကို ဥပဒေနဲ့အညီ ဆောင်ရွက်လုပ်ကိုင်သလို ကျင့်ဝတ်များနှင့်အညီပြုမူဆောင်ရွက်စေလိုကြပါတယ်။ အလေ့အကျင့်ကောင်းတွေကို ပြုစုပျိုးထောင်ပေးကြပါတယ်။ ကျင့်ဝတ်များနှင့်အညီ ဂုဏ်သတင်းကောင်းကို ရရှိစေပြီး စားသုံးသူများ၊ ဖောက်သည်များရဲ့ ယုံကြည်မှု လေးစားမှုကို ရရှိကာ ကုမ္ပဏီအတွက် အကျိုးအမြတ်များစွာကို ဖြစ်ထွန်းစေပါတယ်။ ကျင့်ဝတ်နဲ့မညီတဲ့ ကုမ္ပဏီ ကျင့်ဝတ်နဲ့မညီတဲ့ ကုမ္ပဏီထိပ်ပိုင်းတာဝန်ရှိသူတွေကြောင့် အများသူငါရဲ့ မေးငေါ့ခြင်းကို ခံနေရတဲ့သူတွေကိုလည်း မျက်စိအောက်မှာ တွေ့နေမြင်နေရပါတယ်။ ဝန်ထမ်းတွေအပေါ်မှာ၊ စားသုံးသူဖောက်သည်တွေအပေါ်မှာ စိတ်စေတနာကောင်းမရှိ ကျင့်ဝတ်နဲ့မညီတဲ့ ကိစ္စတွေ ဗူးပေါ်သလိုပေါ်လာလို့ ဝရမ်းပြေးဘဝရောက်နေရတဲ့ ကုမ္ပဏီ ဥက္ကဋ္ဌဆိုသူတွေ၊ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုခဲ့သူတွေရဲ့ သတင်းတွေကိုလည်း မကြားချင်ဘဲ ကြားနေရ၊ မသိချင်ဘဲ သိနေရပါတယ်။ သူ့စေတနာသူ့အကျိုးပေးလို့ ဆိုရပါမယ်။ ဝန်ထမ်းတွေ၊လုပ်ဖော်ကိုင်ဖက်ပါတနာ တွေ အပေါ်မှာ မှန်မှန်ကန်ကန်ကျင့်ဝတ်နဲ့အညီပြုမူဆောင်ရွက်မှု မပြုခဲ့တဲ့ အကျိုးဆက်တွေဖြစ်ပါတယ်။ သင်ခန်းစာယူဖို့ အင်မတန်ကောင်းတဲ့အဖြစ်များဖြစ်ပါတယ်။

အထူးသဖြင့် လုပ်ငန်းများကို ဦးဆောင်ဦးရွက်ပြုဆောင်ရွက်နေတဲ့ တာဝန်ရှိ လူကြီးမင်းများ၊မန်နေဂျာများမှာ ကျင့်ဝတ်နဲ့အညီ ပြုမူကျင့်ကြံဆောင်ရွက်ဖို့ ပိုမိုလိုအပ်ပါတယ်။ ခေါင်းကမှ မိုးမလုံရင် ကျန်တာတွေလည်း ကောင်းစရာမရှိပါ။ ဦးဆောင်သူ မန်နေဂျာများ မှန်ကန်သောဆုံးဖြတ်ချက်ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သော ကိစ္စရပ်များသည် ကျန်ဝန်ထမ်းများအတွက် အတုယူစရာ စံနမူနာကောင်းများဖြစ်ပါတယ်။ ဝန်ထမ်းများအနေနဲ့ မိမိတို့ရဲ့ခေါင်းဆောင်များ မန်နေဂျာများသည် ကျင့်ဝတ်စံနှုန်းများနှင့်အညီ အဆင့်မြင့်မြင့် လုပ်ကိုင်ဆောင်ရွက်နေသည်ကို မျက်မြင်ကိုယ်တွေ့မြင်ပြီး၊ ယုံကြည်မှု ခိုင်မာလာပါက သူတို့ကိုယ်တိုင် စိတ်ပါလက်ပါလိုက်နာ ကျင့်သုံးကြမှာဖြစ်ပါတယ်။ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းဖြစ်ပေါ်လာစေပြီး ပိုမိုကောင်းမွန်တဲ့၊ စိတ်ချမ်းမြေ့စေတဲ့ လုပ်ငန်းအဖွဲ့အစည်း ဖြစ်လာမှာအသေအချာပါပဲ။

 မန်နေဂျာတစ်ဦးအနေနဲ့ လုပ်ငန်းခွင်မှာ မိမိအပါအဝင် ဝန်ထမ်းများကို ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်နိုင်ဖို့ လေးစားလိုက်နာရမယ့် ကျင့်ဝတ်များကို သတ်မှတ်ပြဋ္ဌာန်းထားဖို့ လိုအပ်ပါတယ်။ လုပ်ငန်းအဖွဲ့အစည်းများမှာ “ Code of Ethics”, “conduct”, “ Code of Business Principles”ဆိုပြီး သတ်မှတ်ပြဋ္ဌာန်းထားလေ့ရှိပါတယ်။

မန်နေဂျာတစ်ဦးအနေနဲ့ ကျင့်ဝတ်များနှင့် စပ်လျဉ်းပြီး မိမိကိုယ်ကို မေးမြန်းရမယ့် မေးခွန်းလေးတွေရှိပါတယ်။

၁။ငါလုပ်ရမယ့် အလုပ်ကို ဘာကြောင့် ငါလုပ်နေရတယ်ဆိုတာ ငါရှင်းရှင်းလင်းလင်းသိရဲ့လား။

၂။ ဒီအလုပ် ဒီအကြောင်းအရာကို လုပ်နေရတဲ့ ငါ့ရဲ့ရည်ရွယ်ရင်း အစစ်အမှန်ကို ငါသတိထားမိရဲ့လား။ အသိအမှတ်ပြုလား။

၃။ကိုယ့်ဆောင်ရွက်ချက်တွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ထားရမယ့် အရာတွေရှိနေလား။

၄။ ကိုယ့်လုပ်ဆောင်ချက်သည် တစ်စုံတစ်ဦးကို ရုပ်ပိုင်းဆိုင်ရာကိုသော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာကိုသော်လည်းကောင်း ထိခိုက်စေနိုင်မလား။

၅။ကိုယ်ဘာလုပ်မယ်ဆိုတာကို မိသားစုကိုသော်လည်းကောင်း၊ အလုပ်ရှင်ဆရာသမားများကိုသော်လည်းကောင်း ဖွင့်ပြောမလား။

မန်နေဂျာအနေနဲ့ ကိုယ်ပိုင်ကျင့်ဝတ်စည်းမျဉ်းရေးဆွဲသတ်မှတ်ထားသင့်ပြီး၊စည်းမကျော်အောင် နေထိုင်ရမှာ ဖြစ်ပါတယ်။ ဂုဏ်သိက္ခာရှိရမှာဖြစ်ပါတယ်။

၁။ အဖွဲ့အစည်းရဲ့ ကျင့်ဝတ်ဆိုင်ရာမူဝါဒများကို သိရှိထားရပါမယ်။ နားလည်ရပါမယ်။ အပြည့်အဝ လိုက်နာရပါမယ်။

၂။ ကျင့်ဝတ်နဲ့မညီတာတွေကို ကြိုတင်မျှော်မှန်းထားရပါမယ်။ သတိရှိရပါမယ်။

၃။နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တာတွေကို စဉ်းစားထားရပါမယ်။ နားလည်မှတ်ယူရပါမယ်။

၄။ အခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ယူရပါမယ်။

၅။ အမှန်လို့ ယုံကြည်တဲ့အရာတွေကို လုပ်ဆောင်ရပါမယ်။ အသိတရားရှိရပါမယ်။ တာဝန်ယူရပါမယ်။ ကိုယ်လက်ခံယုံကြည်ထားတဲ့စံတွေကို သစ္စာရှိရှိစောင့်ထိန်းရပါမယ်။ငါလုပ်ဖို့ ဆုံးဖြတ်ထားတဲ့အတိုင်း လိုက်နာရဲ့လား။ရပ်တည်ရဲ့လားဆိုတာကို အမြဲဆန်းစစ်သုံးသပ်ရမှာဖြစ်ပါတယ်။

၆။ကျင့်ဝတ်များကို လိုက်နာခြင်းမရှိတဲ့ ဝန်ထမ်းများကို အပြစ်ကြီးငယ်အလိုက် အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

မန်နေဂျာအနေနဲ့ ကျင့်ဝတ်များနဲ့အညီ စံနမူနာကောင်းဖြစ်လျှက် ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီသည် ကျင့်ဝတ်များနှင့်အညီပြုမူဆောင်ရွက်ပြီး ဂုဏ်သိက္ခာမြင့်မားသော လုပ်ငန်းအဖွဲ့အစည်း ပုံရိပ်ကောင်းကို ပုံဖော်တည်ဆောက်ယူရမှာဖြစ်ပါတယ်။ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်စေနိုင်ခြင်း၊ဂုဏ်သိက္ခာမြင့်မားသော လုပ်ငန်းအဖွဲ့အစည်း ပုံရိပ်ကောင်းကို တည်ဆောက်နိုင်ခြင်းသည် ခေါင်းဆောင်မှု အရည်အသွေးပြည့်ဝသော မန်နေဂျာတို့၏ စွမ်းဆောင်ချက်များ ဖြစ်ပါတယ်။

မှူးခန့်စံ