【 ဆောင်းပါး 】ကျနော်တို့ ငယ်ငယ်တုန်းက

【 ဆောင်းပါး 】ကျနော်တို့ ငယ်ငယ်တုန်းက

ငယ်စဉ်အကြောင်းကို ပြန်တွေးသည့်အခါတိုင်း ဝင်လာတတ်သည့်အတွေးမှာ အတော်ကိုပျော်ခဲ့ရပါလား ဆိုသည့် စိတ်ပင်ဖြစ်သည်။ အထူးသဖြင့် ခေတ်ဆိုးလား၊ခေတ်ကျပ်လား၊ခေတ်ကောင်းလားမသိသည့် ကလေးစိတ် ဖြစ်သဖြင့် ဘယ်လိုဘဲ ဖြစ်ဖြစ်ပျော်နေသည်က အမှန်။ မရှိတာလည်း ပျော်နေတတ်သလို ရှိလည်း ပိုပျော်ရသည့် စိတ်က ရှိသည်။ ကျနော်တို့ ငယ်စဉ်က တီဗီဆိုတာမပေါ်သေး။ နယ်လှည့်ပြီး ပြသည့် ရုပ်ရှင်ကားတွေကို ကြည့်ရ သည်။ နယ်လှည် ရုပ်ရှင်ပြသည့် အဖွဲ့အစည်းက ဘယ်ကလုပ်သည်ကို မသိ။ မှတ်မိသည်က ရွာ ဘောလုံးကွင်း လုပ်ထားသည့် လယ်ကွင်းထဲမှာ ပြရခြင်းဖြစ်သည်။

သတိရလို့ ငယ်စဉ်က ကြည့်ခဲ့ရသည့် ရုပ်ရှင်ဇာတ်ကားတစ်ကားကို ပြန်ပြောခြင်သည်။ ထိုဇာတ်ကားမှာ ခေတ္တရာခရီးသည်ဆိုသော ဇာတ်ကားဖြစ်သည်။ထိုကားကို ၁၉၇၆ ခုနှစ်တွင် ရုံတင်ခဲ့ပြီး ခရီးသွားဇာတ်လမ်း လည်းဖြစ်သည်။ မင်းသမီးမှာ မေဝင်းမောင် ဖြစ်ကာ တိုးမြင့်တို့ သမန်းကျားအုပ်စု ဇာတ်ပို့များဖြင့် အတော်လေး ကို ရယ်မောပျော်ရွှင်ရသည့်ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်ကားကို ၁၉၈၀ ကျော်သည်အထိ ရုပ်ရှင်ပိတ်ကားဖြင့် ကွင်းထဲ ထိုးပြသည့်အခါတိုင်း ကွင်းထဲ ကျနော်တို့ရှေ့ဆုံးကနေ ကြည့်ကြသည်။ ပိတ်ကားထောင်ကြည့်ရသဖြင့် ခပ်လှမ်းလှမ်းကနေကြည့်လို့ရသလို ပိတ်ကားဟိုဘက်ဒီဘက် နှစ်ဖက်စလုံးကြည့်လို့ရသဖြင့် ပိတ်ကားထောင် ရုပ်ရှင်ပြသည့်အခါမျိုးတွင် ကျနော်တို့ အပျော်က ဘယ်ဟာနှင့်မှ မတူ။ ကွင်းထဲ ခုန်ပေါက်ပြေးလွှားမလား၊ ထန်း မြစ်၊အကြော်သည်စသည့် ရာသီစာစျေးသည်တွေဘက် သွား‌မလား၊ ဒါမှ မဟုတ် ပွဲခင်းထဲ ကျွမ်းလှိမ့်ထိုး မလား စသဖြင့် အကြိုက် ဆော့ကစားလို့ရပေသည်။

ယခုအချိန် ပြန်ကြည့်တော့ ထိုစဉ်အခါက အတော်လေးကို လူတွေ ဆင်းရဲကျပ်တည်းကျကြောင်း ကို သိရ သည်။ ကိုယ်ကလေးဘ၀ဖြင့် ဖြတ်သန်းနေလို့လားတော့ မသိ။ ကိုယ်ဖြတ်သန်းရသည့် ခေတ်အခြေအနေကိုလည်း မသိ။ ဒါကြောင့် လူတိုင်းက ကလေးဘ၀ကို ဘယ်လောက်ပဲပေးရ ပေးရ ပြန်လိုချင်ကြကြောင်း ရေး သား ကြ၊ဖွဲ့ဆို ကြခြင်းပင် ဖြစ်သည်။ခေတ်က ဘယ်လိုပြဋ္ဌာန်းပြဋ္ဌာန်း ၊ကလေးဆိုတော့  သိစရာ ပူစရာမလိုသလို အချိန်တန် မိဘဆီကနေ လိုတာ လက်ဖြန့်တောင်းလို့ရနေသဖြင့် ကျပ်တည်းမှန်းလည်းမသိ၊ မချောင်လည်မှန်းလည်းမသိ။ မရလျှင် ငို၊ရလျှင် ပျော်ဖြစ်သည်။ ထိုသည်က သဘာ၀ပင်ဖြစ်သည်။

 ငယ်စဉ်ကအကြောင်းကို ပြန်တွေးမိပါက ဝင်လာသည့်အတွေးမှာ ငါတို့ကလေးဘ၀ နေ့လယ်ဘက်ဆို သရေစာအဖြစ် စားရသည့်မရှိပါလားဆိုသည့် အတွေးဖြစ်သည်။ ယနေ့ခေတ်တွင် သရေစာအဖြစ် ကြိုက်တာကို စားနိုင်သလို ကုန်လိုက်သည်မှာလည်း သောက်သောက်လဲ။ ကျနော်တို့ငယ်ငယ်ကတော့ သရေစာအဖြစ် မန် ကျည်းသီးတွေ စသီးကာစ မန်ကျည်းနုနု အချိန်တွင် အပင်ပေါ် ဆားလက်တစ်ဆုပ်နှင့် တက်ကာ မန်ကျည်း သီး နုနုနှင့် တို့စားသည့်အရသာက ယခုဘာအရသာနှင့်မှ မလဲနိုင်။ နွေရာသီတွင် ရွာထိပ်က ဇီးပင်ကြီးရှိသည်။ ထိုဇီး ပင်ကြီးမှာ  လူတွေနှင့် ကျွဲနွားတွေ လုစားရသည့် အပင်ကြီးဖြစ်သည်။ ကျွဲနွဲားတွေက ကိုယ်လုံးနှင့် တိုက်ပြီး ဇီးသီး တွေကိုချွေချသည်။ ကျနော်တို့က ဆီးကိုင်းကို အောက်ကနေ ရအောင်ဆွဲချလျှင် ဆွဲချ၊ဆွဲချမရပါက အောက် က နေ မြေခဲ၊တုတ်တို့ဖြင့် ပစ်ပေါက်ကာ ဇီးသီးကျလာအောင် လုပ်ရသည်။ဝင်းမှည့်နေသည့် ဇီးသီးဖန် တန်တန်လေး အရသာက ငယ်ဘ၀မှသာ ရခဲ့သည်က အရသာဖြစ်သည်။ ယခု သတိရလို့ အခွင့်ကြုံသဖြင့် ပြန်စားကြည့် သည့်အ ခါ ထိုအရသာမရတော့။ အသက်ကြီးလာတော့ လျှာလည်းပျက်၊အရသာလည်းပျက်လေသလားမသိပေ။

အသက်ကြီးလာလေ ငယ်ဘ၀အကြောင်းတွေးလေလေဖြစ်သည်။အချိန်တွေ အားနေသည်က များလာ သည်။ တောင်တွေးမြောက်တွေးနှင့် နောက်ဆုံး ကိုယ်ဖြတ်သန်းခဲ့ရသည့် အချိန်တွေကိုဘဲ မျက်လုံးမှာ ပြန်ပြန်မြင် ယောင်လာသည်။ မှားသည်လည်း ရှိသည်။မှန်သည်ကနည်းသည်။ လက်လွတ်ဆုံးရှုံးခဲ့ရတာတွေက ဒုနဲ့ဒေး။ ရခဲ့ တာတွေက လက်တစ်ဖက်စာတောင် မရှိ။ သို့သော် ပျော်ရွှင်စရာကောင်းသည့် ငယ်ဘ၀လေးအခုအခံရှိနေသေး သဖြင့် ဘ၀က ပျော်စရာတွေးစရာရှိနေသေးသည်ဟု ထင်မိသည်။

ညဘက် ပတ်ဗြောင်..ဗြောင်ဆိုသည့် ပတ်လုံးလေးများကို စမ်းနေသည့် ဆိုင်းသံတွေကြားရသည့်အခါ စိတ်က ရွာဘုရားပွဲကို ရောက်သည်။ ယခု ထိုရွာတွေ မီးရှို့ခံရသဖြင့် ပြောင်တလင်းခါနေသလို စေတီလည်း ကွင်း ခေါင်ခေါင်ဖြစ်နေပြီဟု သတင်းစကားကြားရသည်။ ကလေးတွေ ကျောင်းဝတ်စုံဖြင့် မြင်ရသည့်အခါ ငယ်စဉ် ကလေးဘ၀က ရွာထိပ်ကနေ ဆည်မြောင်းကားကို တားကာ ကျောင်းသွားလမ်းကြုံလိုက်တာကို ပြန်သတိ ရမိ သည်။ ယခု ကျနော်ရွာကလူတွေ နိုင်ငံရေးအပြောင်းအလဲမှာ ယခင်ထက်နိမ့်ကျပြီး စစ်ပြေးတွေ ဖြစ်နေလေပြီ။ ကျနော်တို့ကသာ ငယ်စဉ်ကတည်းက ရွာကနေ မြို့ဆင်ခြေဖုံး၊ ဒီကနေ မြို့သစ်အစဉ်စဖြင့် ပြောင်းခဲ့ရသဖြင့် စစ်မပြေးရသော်လည်း စစ်ပြေးနှင့်မခြား။ အထိတ်ထိတ်အလန့်လန့်နှင့် နေ့ဆိုလည်း နေ့ ညဆိုလည်း ညဖြတ် သန်းရသည်။  ညဘက်တံခါးလာခေါက်မှာ စိုးရွံနေရသည့် ဘ၀မျိုးရောက်နေရသည်။

ယခုလိုအချိန်အခါမျိုး ရောက်မည်ဆိုတာ တွေးပင်မတွေးထားခဲ့။ ဒီလို အချိန်ကာလမှာ စိတ်ချမ်းသာရာ ရဖို့ဆုတောင်းလျှင်ပင် ပြည့်ဖို့အတော်လေးကို မလွယ်သော ဆုမျိုးဖြစ်သည်။ ဘယ်သူ့ဘယ်သူမှ ခဏတဖြုတ် တောင် စိတ်မချမ်းသာရသည့်အချိန်အခါမျိုးဖြစ်သည်။ ထိုအခါမျိုးမှာ စိတ်က ဖျပ်ကနဲ့နှင့် ငယ်ကလေးဘ၀ကို ခဏတဖြုတ်ပြန်ရောက်ချင်သည်။ ရောက်လည်း ရောက်ချင်သည်။ ထို့ကြောင့် နေ့လယ်ဘက် ခဏမှေးလေ့ရှိ သည်။ ခဏတဖြုတ်ရောက်လို့ရောက်ငြား အိပ်မက်ထဲသို့ မကြာခဏ သွားမိသည်။ သို့သော် မမြဲသည့်ခေတ်တွင် ကုလားထိုင်တွင်ထိုင်ကာ ဟိုတွေးဒီတွေးနှင့် အိပ်ကြည့်ပြန်လည်း အိပ်လို့က မပျော်။ သောကနှင့် အိပ်ရ၊မှေးမိုက်ရ ခြင်းမှာ ဘယ်မှာ ပျော်စရာက ရှိမည်နည်း။ 

အပူအပင်ကင်းသည့် ကလေးဘ၀ဆိုသည်မှာ ကျနော်တို့ ငယ်စဉ်ကသာရှိခဲ့သည်။ယခုတော့ အရာရာမှာ အပျက်တရားက ကြီးစိုးလေပြီ ဖြစ်လေသည်။

 

 မောင်ဦးလွင်