【 ဆောင်းပါး 】ကျွန်ုပ်တို့၏ကိုယ်ပေါ်က တရုတ်အထည်များ

【 ဆောင်းပါး 】ကျွန်ုပ်တို့၏ကိုယ်ပေါ်က  တရုတ်အထည်များ

“ ကြိုက်တာယူ ၆၀၀၀ ကျပ်၊ ကြိုက်တာယူ ၆၀၀၀ ကျပ် ဒီဇိုင်းစုံ၊ ကာလာစုံတွေရမယ်။ ကြိုက်တာယူ ၆၀၀၀ ကျပ်”  . . .

လူသံစုံ၊ ကားသံစုံ ဆူညံသံများထဲ အသံစူးစူးဖြင့် ဆက်တိုက်ဆိုသလို အော်နေသော ထိုအသံမှာ ရန်ကုန် မြို့လယ် ဖြစ်သည့် ပန်းဘဲတန်းမြို့နယ် လမ်းဘေးတလျှောက် ဖွင့်ထားသည့် အထည်ဆိုင်မှ အသံဖြစ်သည်။ တရုတ်လူမျိုး ဖွင့်ထားသည့် အထည်ဆိုင်များဖြစ်ပြီး လက်ကိုင်ဟွန်းဖြင့် သွင်းထားသော အသံဖြစ်၍ အဆက်မပြတ်ဖြင့် ထိုသို့ အော်နေခြင်းလည်းဖြစ်သည်။

ယခင်က ကြိုက်တာယူ ၅၀၀၀ ကျပ်ဖြစ်သော်လည်း လက်ရှိတွင် သယ်ယူ စရိတ်ဖြင့် ၆၀၀၀ ကျပ်ဖြစ်သွားသည်ဟု ဆိုသည်။ ထိုသို့ ပုံစံတူအထည်ဆိုင်များမှာ ရန်ကုန်၏ နေရာအနှံ့တွင် ရှိနေသည်။ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးဝတ် ဘောင်းဘီ၊ အင်္ကျီ၊ အနွေးထည်၊ အတွင်းခံနှင့် အထည်အသုံးအဆောင်မျိုးစုံကို  လိုချင်စဖွယ် ဖြစ်အောင် ကာလာစုံ၊ ဒီဇိုင်းစုံဖြင့် ခင်းကျင်း၊ ချိတ်ဆွဲ ပြသထားသည်။

ဆိုင်ခန်းနေရာ အလွန်ပင်စျေးကြီးလွန်းသည့် ရန်ကုန်မြို့လယ်ဖြစ်သော်လည်း  ထို ကြိုက်တာယူ ၆၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည့် အထည်ဆိုင်အများစုမှာ အချက်အခြာကျသည့်နေရာတွင်  ဆိုင်ခန်းကျယ်ကြီးများဖြင့် တခမ်းတနား ခင်းကျင်းရောင်းချနေကြခြင်းဖြစ်သည်။ ထို့ကြောင့် အရင်းအနှီးမှာ မသေးလှပေ။

“ ကျွန်မတို့ တရုတ်နိုင်ငံ စက်ရုံကနေ  တိုက်ရိုက်ယူရောင်းတာ၊  ဒါကြောင့်စျေးချိုတာပေါ့။ တခြားဆိုင်တွေမှာ သွားဝယ်ကြည့် ဒီစျေးနဲ့မရဘူး။”ဟု ဆိုင်ပိုင်ရှင်အမျိုးသမီးက ပိုက်ဆံများရေတွက်ရင်း မြန်မာသံဝဲဝဲဖြင့် ပြော လေသည်။

ထိုစကားမှာ မှန်သည်ဟု ဆိုရမည်။ အဆင်းတူ၊ အရည်အသွေးတူ တရုတ်ထည်များပင်ဖြစ်သော်လည်း မှန်ဘီရို များ ဖြင့် ကျပ်ကျပ်ကပ်ကပ် ရောင်းနေကြသည့် အထည်ဆိုင်များမှာ  ဂျင်းဘောင်းဘီတစ်ထည် အနည်းဆုံး ကျပ် ၁ သောင်း အထက်ဖြင့် ရောင်းချမှုများရှိနေသည်။ ထိုသို့ ဆိုင်များထက် ရောင်းစျေးကို တစ်ခါတည်းကပ်ပြီး  ဟွန်းသံဖြင့် ရောင်းချနေကြသည့် တရုတ်အထည်ဆိုင်များမှာ အများအားဖြင့် လက်လုပ် လက်စား လူငယ်များဖြင့် စည်းကားလှသည်။

“ဒီဆိုင်တွေက စျေးချိုတယ်လေ။ ၅၀၀၀၊ ၆၀၀၀ နဲ့ လိုချင်တာ တစ်ထည်လောက်တော့ရတယ်။ ဒီဇိုင်း လည်း စုံတော့ အဆင်ပြေတယ်။ ရှိုးထုတ်လို့ ရတာပေါ့။ ကျွန်တော်တို့ လက်လုပ်လက်စား သမားတွေအတွက်ကတော့  တခြားစျေးကြီးတာတွေဆိုရင် အနားမကပ်နိုင်ဘူးလေ။ ဒါတွေလည်း ဝတ်ပျော်ပါတယ်”ဟု ဒေါပုံမြို့နယ်အတွင်း ဆောက်လုပ်ရေးတွင် လုပ်ကိုင်နေသည့် အသက် ၂၂ နှစ် လူငယ်တစ်ဦး ပြောသည်။

မြန်မာ့အထည်စျေးကွက်အတွင်း  လက်ရှိ အရောင်းအဝယ် သွက်နေသည့် အထည်အများစုမှာ တရုတ်နိုင်ငံ စက်ရုံ ထုတ် အထည်အများစုဖြစ်ပြီး အထည်အများစုမှာ Quarlity (အရည်အသွေး)ပေါ်မူတည်၍ စျေးနှုန်း ကွာခြားမှု ရှိနေသည်ဟု ရန်ကုန် အထည်စျေးကွက်အတွင်း ရောင်းချသူတွေက ဆိုကြသည်။ ဆိုင်တင်ရောင်းချမှုများအပြင် အွန်လိုင်း စျေးကွက်တွင် လည်း တရုတ်နိုင်ငံ စက်ရုံထုတ် အထည်များ ရောင်းအားတွင်ကျယ်နေသည်။

“ဒီဇိုင်းစုံသလို ဆိုဒ်လည်း စုံတယ်လေ။ အခုနောက်ပိုင်း စျေးချိုသလို အရည်အသွေးပိုင်းလည်း ဂရုစိုက်လာကြ တော့ တရုတ်ထည်တွေ ပိုရောင်း ကောင်းတယ်။ စျေးကွက်တစ်ခုလုံး တရုတ်ထည်တွေပဲ။ ကျွန်တော်တို့ နိုင်ငံမပြောနဲ့ တခြားတိုးတက်နေတဲ့ နိုင်ငံတွေတောင် တရုတ်နိုင်ငံ စက်ရုံကထုတ်တဲ့ အထည် တွေပဲ အများစု ရောင်းနေ၊ ဝတ်နေကြတာ။  သူတို့ (တရုတ်နိုင်ငံ) ထုတ်တာတွေက လူတန်းစားအစုံ ဝယ်နိုင်၊ ဝတ်နိုင်တဲ့ စျေးနှုန်း အမျိုးမျိုးနဲ့ ထုတ်ထားတာဆိုတော့ ရောင်းအားရှိတာပေါ့။”ဟု ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာ စျေးတွင် အထည်များ လက်လီ၊ လက်ကားရောင်းချနေသည့် ဦးမောင်မောင်သန်းကပြော သည်။

တရုတ်နိုင်ငံ၏ အထည်လုပ်ငန်းရှင်များမှာ တင်ပို့စရိတ်သက်သာစေရန် မြန်မာနိုင်ငံအပါအဝင် သက်ဆိုင်ရာ နိုင်ငံများအတွင်း အထည်ချုပ်စက်ရုံများ ရင်းနှီးမြှုပ်နှံတည်ဆောက်ကာ အထည်ထုတ်လုပ်မှုများ ရှိသည်။ မြန်မာနိုင်ငံအတွင်း အထည်ချုပ် စက်ရုံပေါင်း ၅၀၀ ကျော်ရှိသည့်အနက် စက်ရုံအများစုမှာ တရုတ်နိုင်ငံသားပိုင် စက်ရုံများဖြစ်သည်။ ထိုအထည်ချုပ်စက်ရုံများ လည်ပတ် ချုပ်လုပ်ရန် လိုအပ်သည့်ကုန်ကြမ်းများမှာလည်း တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်းဝန်းကျင်ထိ တင်သွင်းနေရကြောင်း သိရသည်။

“ ကုန်ကြမ်းအားလုံး တရုတ်ဆီကပဲ တင်သွင်းရတာ။ ကိုဗစ်ကြောင့် တရုတ်ကုန်ကြမ်းမဝင်လို့ စက်ရုံပိတ်လိုက်ရ တာပဲကြည့်ပေါ့။ ကျွန်တော်တို့ နိုင်ငံမှ မဟုတ်ဘူး။ ကမ္ဘောဒီးယား၊ ဗီယက်နမ်လည်း ဒီလိုပဲ တရုတ်ကုန်ကြမ်း မှီခိုနေရတာပဲ။ အထည်စျေး ကွက်ကလည်း လက်ရှိအထိ တရုတ်အထည်တွေပဲ စျေးကွက်လွှမ်းမိုးမှုရှိနေတယ်။ ကျွန်တော်တို့ မြန်မာကိုမှ မဟုတ်ဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း  နေရာယူထားတဲ့ တရုတ်အထည် စျေးကွက် က မနည်းလှဘူး”ဟု အမည်မဖော်လိုသည့် အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကိုဗစ်- ၁၉ ရောဂါကြောင့် မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍကို ထိခိုက်မှု ပြင်းထန်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းမှာ အကျိုးအမြတ် ဆုတ်ယုတ်မှုမရှိဘဲ ယခင်နှစ်များထက်ပင် ဝင်ငွေတိုးတက်လာခဲ့သည်ဟု စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT)အချက်အလက်များ၌ ဖော်ပြထားလျက်ရှိသည်။

တရုတ်နိုင်ငံအထည်ချုပ်လုပ်ငန်းသည်  ယခင်နှစ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ အထည်ချုပ် ကုမ္ပဏီကြီးပေါင်း ၁၀၀၀၀ ကျော်(  ၁၂,၆၅၉ ကုမ္ပဏီ)၏ လည်ပတ်ဝင်ငွေအားလုံးပေါင်း  ယွမ် ၁ ဒသမ ၃၃ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၀၉ ဒသမ ၄၈ ဘီလီယံခန့်) ရှိခဲ့သည်။ ယခင်နှစ်ကထက် ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်းအကျိုးအမြတ်သည် ယွမ် ၆၆ ဒသမ ၇ ဘီလီယံအထိ ရှိခဲ့ကာ ယခင်နှစ် ထက် ၁၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ယခင်နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ  တရုတ်နိုင်ငံ၏ အဝတ်အထည် နှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ ၁၅၄ ဒသမ ၄ ဘီလီယံထိရှိခဲ့‌ပြီး  ၂၅ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ယင်းစာရင်းများ၌ ဆိုထားသည်။

“ရာသီဥတု ပေါ်မူတည်ပြီး ဥပမာ- စွပ်ကျယ်၊ နွေရာသီဝတ်ဆိုတာမျိုး၊ ဆောင်းဆိုရင် အနွေးထည်၊ မိုးဆိုရင် မိုးကာ ဒီလိုမျိုးတွေ လိုအပ်ချက်ပေါ်မူတည်ပြီး စျေးကွက်ထဲဝင်နေတာဆိုတော့ သူတို့ရဲ့ စျေးကွက်လွှမ်းမိုးမှုကိုတော့ ဘယ်သူ့မှ ယှဉ်လို့ရဦးမှာ မဟုတ်သေးဘူး။ အဓိက ဒီဇိုင်းဆန်းသစ်ပြီး စျေးချိုတဲ့ တရုတ်ထည်တွေဖြစ်နေလို့ပဲ” ဟု မင်္ဂလာစျေးအတွင်း အထည် လက်လီ၊ လက်ကား ရောင်းချနေသည့် ဦးမောင်မောင်သန်းကပြောသည်။

 

ဘုန်းမြတ် (အုန်းတောမြေ)