【 ဆောင်းပါး 】ကြောင်ကော်ဖီဆိုင် ယဉ်ကျေးမှု

【 ဆောင်းပါး 】ကြောင်ကော်ဖီဆိုင် ယဉ်ကျေးမှု

နိုင်ငံတော်တော်များများမှာ ဆယ်စုနှစ်ကျော်အတွင်း အိမ်မွေးတိရစ္ဆာန် ကြောင်လေးများကို သားသမီးများသဖွယ် နွေးထွေးသော မေတ္တာများဖြင့် စောင့်ရှောက်လာကြသူ ပိုများလာပါသည်။ ကြောင်က နို့တိုက်သတ္တဝါမျိုးစိတ်ဖြစ်ပြီး လူသားများနှင့် ချစ်ခင်တွယ်တာမှုရှိသော တိရစ္ဆာန်အဖြစ် ရှေးခေတ်ကတည်းက လေ့လာတွေ့ ရှိခဲ့ကြပါသည်။

အိမ်မွေးကြောင်များ၏ အကူအညီဖြင့် လူသားများ၏ စိတ်ဖိစီးမှုကို လျော့နည်းသွားအောင် လုပ်ဆောင်ပေးနိုင်ပါသည်။ အိမ်မွေးတိရစ္ဆာန်များမှပေးသောအဖော် based ကုထုံးအမျိုးအစားကို အသုံးပြုခြင်းသည် ကြောင်နှင့်လူတစ်ဦးအကြား ဖော်ရွေသောအပြုအမူများဖြင့် အပြန်အလှန်ဆက်ဆံခြင်းက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် လူနေမှုဘဝအရည်အသွေးတိုးတက်ရေးကို အထောက်အကူပြုသည်ဟု သိပ္ပံနည်းကျလေ့လာတွေ့ရှိမှုများက တစ်ဆင့်သိရပါသည်။ ကြောင်ပိုင်ရှင်များအတွက် စိတ်တင်းကျပ်မှု ၊ စိတ်ဖိစီးမှုနဲ့ သွေးတိုးရောဂါများကို လျော့ပါးသက်သာစေသည်ဟု လေ့လာတွေ့ရှိထားပါသည်။

ကြောင်များသည် လွန်ခဲ့သည့်နှစ်သန်းပေါင်း ၃၀ ကျော်လောက်ကတည်းကရှိခဲ့ကြပြီး ကြောင်အကြီးစားများ ဖြစ်ကြသည့် ကျား ၊ ခြင်္သေ့ စသည့် မီရာဆစ် (Miacids) အသားစားသတ္တဝါမျိုးနွယ်မှ ဆင်းသက်လာကြသည်။

အိမ်မွေးကြောင်၊ ခွေး ချစ်သူတို့များလာသည့် ကမ္ဘာတစ်ဝန်းမှာ ၎င်းတို့၏ အစားအစာ၊ accessories များ ရောင်းချသည့် စီးပွားရေးဈေးကွက်ကလည်းကောင်းလာပါသည်။ လူသားတို့နှင့်အိမ်မွေးတိရစ္ဆာန်များအကြား အပြန်အလှန် နွေးထွေးသော မေတ္တာများကြောင့် လေလွင့်အိမ်မွေးတိရစ္ဆာန်လေးများ လျော့ပါးလာကြမည့် အရေးကိုများစွာ အထောက်အကူပြုပါသည်။

ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများက မြို့ပြကြီးများတွင် ကြောင်ကော်ဖီဆိုင် တော်တော်များများ ဖွင့်လာကြပါသည်။ မိမိအိမ်က ကြောင်၊ခွေးများဖြင့် သွားလာလည်ပတ်ရင်း ကော်ဖီသောက် အပန်းဖြေလို့ရသည့် ကော်ဖီဆိုင်များလည်း ရှိသလို အချို့ကော်ဖီဆိုင်များတွင် ကြောင်လေးများက ဧည့်ခံကြသည်။ ကြောင်လေးများနှင့် ဆော့ကစားရင်း၊ ပွေ့ဖက်ရင်း ကြောင်ချစ်သူတို့ ကော်ဖီသောက် အပန်းဖြေကြသည်။

၁၉၉၈ ခုနှစ်က ထိုင်ဝမ်မှာ ကြောင်ကော်ဖီဆိုင်လေး စမ်းသပ်မှုအနေဖြင့် စတင်ဖွင့်ခဲ့ပြီး လူအများအတွက် စိတ်အပန်းဖြေရာ ကြည်နူးစရာဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပါသည်။ ဂျပန်နိုင်ငံ၊ ဥရောပနိုင်ငံကြီးများတွင်လည်း ကြောင်ကော်ဖီဆိုင်လေးများ ပေါ်ပေါက်လာပါသည်။

ထို့ပြင် အိမ်မွေးတိရစ္ဆာန်ကြောင်၊ ခွေးများအပြင် ရှားပါးတိရစ္ဆာန်များကိုလည်း လေ့လာကြည့်ရှု ကိုင်တွယ်ရင်း အပန်းဖြေလို့ရသည့် ကော်ဖီဆိုင်များ အာရှနိုင်ငံများအပြင် နိုင်ငံတော်တော်များများမှာ ခေတ်စားလာပါသည်။

မြန်မာနိုင်ငံ၏ မြို့ကြီးဖြစ်သည့် ရန်ကုန်မြို့တွင်လည်း ၂၀၁၇ ခုနှစ်နောက်ပိုင်း ကြောင်ကော်ဖီဆိုင်လေးများ ပေါ်‌ပေါက်လာပါသည်။ စမ်းချောင်းမြို့နယ်က Freedom Cafe ဆိုင်လေးက အထင်အရှားဖြစ်သလို ၉မိုင်၊ တော်ဝင်လမ်း၊ ဝိတိုရိယဆေးရုံးအနီးဖွင့်လှစ်ထားသည့် Lizzo Mammo ဆိုင်လေးကလည်း အထင်အရှားပဲ ဖြစ်ပါသည်။ Lizzo Mammo မှာ သာမာန်အိမ်မွေးတိရစ္ဆာန်လေးများသာမက ထူးထူးဆန်းဆန်း၊ ရှားပါးတိရစ္ဆာန် များနှင့် ထိတွေ့ကိုင်တွယ်လို့ရပါသည်။

ရန်ကုန်မြို့တွင် အိမ်မွေးတိရစ္ဆာန်လေးများဖြင့် သွားရောက်အပန်းဖြေနိုင်သည့် နောက်ထပ်ကော်ဖီဆိုင်များလည်း ရှိပါသည်။ ထို့အတူ အိမ်မွေးတိရစ္ဆာန်SPA များ၊ အိမ်မွေးတိရစ္ဆာန်များကို အချိန်ပိုင်း၊ ရက်ပိုင်းအငှားဖြင့် ထိန်းသိမ်းစောင့်ရှောက်သည့် ဝန်‌ဆောင်မှုများလည်း များလာပါသည်။

အချို့ကြောင်လေးများကို ချစ်တတ်သူများက အခြေအနေအမျိုးမျိုးဖြင့် အိမ်တွင် မမွေးနိုင်ခြင်းကြောင့်လည်း ကြောင်ကော်ဖီဆိုင်လေးများကို သွားရောက်ရင်း အပန်းဖြေတတ်ကြပါသည်။ ကြောင်လေးများ၏ ချစ်ခင်ဖွယ်ရာ အမူအယာလေးများက လူသားများ၏ စိတ်ကို တဒင်္ဂလန်းဆန်းစေပါသည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်ထဲက မြို့တော်တစ်ခုဖြစ်သည့် ဝူဟန်မြို့မှာလည်း လူသိများထင်ရှားသော "Hey Cat Cafe" ဆိုသည့် ကြောင်နက်ကလေးများ အလုပ်ကြိုးစားနေကြသည့် ဆိုင်လေးရှိပါသည်။ ဝူဟန့်မြို့ တိရစ္ဆာန်ကာကွယ်ရေးအသင်းမှ ကယ်ဆယ်ပေးထားသည့်  ကြောင်လေးများဖြစ်ပါသည်။ ကြောင်နက်ကော်ဖီဆိုင်လေးကို ၂၀၂၁ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဲဒီကရရှိသည့် ဝင်ငွေဖြင့် နှစ်စဉ် တိရစ္ဆာန်အများအပြားကို ကယ်ဆယ်၍ ဆေးကုသပေးနေခြင်းဖြစ်သောကြောင့် မလွယ်ကူလှသော ဝင်ငွေလည်ပတ်မှုအတွက် ကြောင်နက်ကလေးများက ဝန်ဆောင်မှုကောင်းကောင်းဖြင့် အလုပ်လုပ်နေကြပါသည်။

မြန်မာနိုင်ငံမှာလည်း လမ်းဘေးလေလွင့်ခွေး၊ကြောင်များ၊ သခင်မရှိသည့် ကြောင်များကို ကယ်ဆယ်၍ ကျွေးမွေးစောင့်ရှောက်ထားသည့် ဂေဟာများစွာရှိပါသည်။ အိမ်မွေးတိရစ္ဆာန်များကို လူအနည်းစုသာ ကောင်းမွန်သော ပြုစုစောင့် ရှောက်မှုဖြင့် ရေရှည်မွေးမြူနိုင်ကြပါသည်။ ထို့ကြောင့် လမ်းဘေးလေလွင့်ခွေး၊ ကြောင်များ ပိုများမလာအောင် ထိန်းချုပ်မှုတစ်ခု ဆောင်ရွက်နိုင်ရန် လိုအပ်သလို တစ်ဖက်မှာလည်း ခေတ်စားလာသည့် ကြောင်ကော်ဖီဆိုင်ယဉ်ကျေးမှုက အသွင်တစ်မျိုးဖြင့် တစ်ခေတ်ဆန်းစေမှာဖြစ်ပါသည်။

အမွန်