【 ဆောင်းပါး 】ကြွားသင့်ကြွားထိုက်တဲ့ ဒေသထွက်ကုန်တွေ

【 ဆောင်းပါး 】ကြွားသင့်ကြွားထိုက်တဲ့ ဒေသထွက်ကုန်တွေ

ဒေသအလိုက် တချို့ရပ်ရွာတွေမှာ ဒေသထွက်အစားအသောက်တွေ၊ဒေသထွက် ကုန်ပစ္စည်းတွေ ရှိတတ်ကြတယ်။ကျနော်တို့ ဘီလူးကျွန်းမှာဆို ဒေသထွက်ကုန်တွေက များမှများ။ဘီလူးကျွန်းက ရွာလွတ်ရွာ မှာဆိုရင် သစ်သားထည် လက်မှုလုပ်ငန်းဆိုတာ မြန်မာတင်မက ကမ္ဘာကျော်။တစ်ချိန်က made in ywalut ဆိုတဲ့ ဆေးတံဆိုတာ နိုင်ငံတကာအထိထိုးဖောက်နိုင်ခဲ့တယ်။ရွာလွတ်မှာ ဆေးတံ၊တုတ်ကောက်၊လက်ကိုင်တုတ်၊ရေနွေအိတ်၊သစ်သားဘောပင် စသဖြင့်။

ပြီးတော့ ရွာလွတ်ရွာအနီးက မုဒွန်းရွာဆိုရင်လည်း ရှေးသရောအခါက မြန်မာတစ်နိုင်ငံလုံးနီးပါးက မူလတန်းကလေးတိုင်း အသုံးပြုကြတဲ့ ကျောက်သင်ပုန်းနဲ့ကျောက်တံထွက်ရှိတဲ့ရွာ။ကျောက်သင်ပုန်းတစ်ခေတ် ကုန်ဆုံးသွားတာကြာပြီဖြစ်ပေမဲ့ ဘီလူးကျွန်းကိုလာတဲ့ သံလွင်မြစ်ကူးတံတားထိုးပြီးနောက်မှာ ဘီလူးကျွန်းဒေသဆီ ဧည့်အဝင်များလာတာနဲ့အညီ အလှအပဆန်းသစ်ထားတဲ့ ကျောက်သင်ပုန်းတွေကို ထပ်တွေ့ လာရတယ်။

ပြီးတော့ နှီးမှုတ်ဆိုတဲ့ရွာမှာ ဝါးခမောက်လုပ်ငန်းဆိုတာ ဒီနေ့ထိ ကြံ့ကြံ့ခံနေဆဲ။ဝါးနှီးနဲ့ရက်တဲ့ ခမောက်တို့ ပလိုင်းတို့ဆိုရင် မရမ်းနဲ့ကုလားဘီရွာတို့မှာ အခုတော့ ဖုတ်လိုက်ဖုတ်လိုက်။ကျနော်ပြီးခဲ့တဲ့ ၂၀၁၅-၂၀၂၀ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ နာမည်ကျော်ခရီးသွားဒေသဖြစ်တဲ့ ဟန်ကျိုးမြို့ကိုရောက်ခဲ့တယ်။ဟန်ကျိုး ဆိုတာက ဝါးပင်တွေပေါတဲ့အရပ်မို့ ဝါးနဲ့ပတ်သက်တဲ့လက်မှုလုပ်ငန်းတွေရှိတယ်။နိုင်ငံခြားဧည့်တွေအလာ များတဲ့ ဟန်ကျိုးမြို့တစ်နေရာမှာ နှီးနဲ့ရက်ထားတဲ့ စကောပုံ အဝိုင်းလေးတစ်ခုကိုတွေ့တယ်။ဈေးနှုန်းကို ကြည့်လိုက်တော့ ဒေါ်လာနဲ့ဆို သုံး၊လေးရာလောက်ကျသင့်တာတွေ့ရ။ဘာလို့အဲဒီလောက်ဈေးကြီးသလဲလို့ မေးကြည့်တော့ လက်နဲ့ရက်ထားတာကြောင့်လို့ဆိုတယ်။

အဲဒီစကောကို ကျနော်အတန်ကြာငေးကြည့်မိတယ်။အဲဒီစကောထက် လက်ရာပိုကောင်းတဲ့ ရက်လုပ်မှုမျိုး ကျနော်တို့ဘီလူးကျွန်းမှာ အေးဆေးရက်လုပ်နိုင်တာသေချာတယ်။သူတို့ရဲ့အားသာချက်က တစ်ခုတည်း။သူတို့ရဲ့စကောကို တာရှည်ခံအောင် ပံ့ပိုးပေးနိုင်တာပဲရှိတယ်။ကျနော်တို့ဆီက အဲဒီလို တာရှည်ခံနည်းပညာမျိုးမရှိ၊ပံ့ပိုးပေးမယ့်သူလည်းမရှိ။ဒီနေ့ခေတ်နဲ့အညီ ဆန်းသစ်နိုင်ခြင်းမရှိ။ဈေးကွက်ဆိုတာလည်းမရှိ။ ခပ်ပေါပေါထုတ် ခပ်ပေါပေါရောင်းရင်း ဖုတ်လိုက် ဖုတ်လိုက်။ထားတော့။

ဒေသထွက်အစားအစာတွေဘက်ကြည့်ဦးမလား။ ရွာလွတ်ဘက်ကထုတ်လုပ်တဲ့ ကြက်ဥခေါက်မုန့် ဆိုတာ စားဖူးသူတိုင်းကြိုက်ပြီး ဈေးလည်းသင့်တဲ့ ဒေသထွက်။ရန်ကုန်စီးတီးမတ်တွေမှာ တွေ့ရတတ်တဲ့ ခေါက်မုန့်အားလုံးထက် အရသာအားဖြင့်သာပေမဲ့ တာရှည်ခံပြီး ဝယ်ချင်စဖွယ်ဖြစ်အောင် ထုပ်ပိုးမှုအပိုင်းမှာ တော့ ညံ့လွန်းလှတယ်။နောက်ထပ်ရွာလွတ်ကထွက်တဲ့ ထန်းလျက်ရည်ချိုချိုရဲရဲနဲ့ ခါဂျာမုန့်ဆိုတာလည်း ဘီလူးကျွန်းထွက်စစ်စစ်။

ပြီးတော့ ဘီလူးကျွန်းဒေသထွက်စစ်စစ် စိန်ဖေမုန့်ဆိုတာလည်းရှိသေးတယ်။ရန်ကုန်က ကောက်ညှင်းရွှေကြည်လိုမျိုး ကောက်ညှင်းမုန့်။ကောက်ညှင်းရွှေကြည်ကျတော့ ထန်းလျက်ရည်နဲ့ကောက်ညှင်း ရော သမမွှေတဲ့ပုံ။စိန်ဖေမုန့်ကျတော့ ကောက်ညှင်းထဲ အုန်းနို့ပါရောထည့်ထားတာကြောင့် ကောက်ညှင်းရွှေကြည် အရသာထက် အပုံကြီးသာတယ်။အုန်းနို့ပါတာကြောင့် နည်းနည်းဖြင့် အီတာတော့ရှိတယ်။

အဲဒီစိန်ဖေမုန့်ကို ဘုရားပွဲကျင်းပတဲ့အခါမျိုးမှာသာ ဧည့်ခံမုန့်အဖြစ် တည်ခင်းလေ့ရှိပြီး ဘီလူးကျွန်း မှာကို ရောင်းတဲ့ဆိုင်မရှိသလောက်ရှားလွန်းတယ်။တကယ်လို့ တစ်ပတ်၊၁၀ရက်လောက် ကြာရှည်ခံအောင် လုပ်နိုင်မယ်ဆိုရင် ဒေသတွင်းဈေးကွက်လောက်မှာ အရောင်းစွံနိုင်မယ်လို့ထင်တယ်။ပြီးတော့ စိန်ဖေမုန့်လို မန္တလေးထိုးမုန့်နဲ့ကွဲထွက်နေတဲ့ ဘီလူးကျွန်းထိုးမုန့်ဆိုတာ ရှိသေး။

နောက်ထပ်ရှိသေးတာက ပင်လယ်ထွက်ပစ္စည်းတွေ။ဘီလူးကျွန်းဆိုတာ ရေပတ်လည်ဝိုင်းနေပြီး အနောက်ဘက်တစ်ကြောလုံးဟာ ကပ္ပလီပင်လယ်မို့ ရေထွက်ကုန်တွေလည်းပေါတယ်။အဲဒီရေထွက်ကုန် တွေထဲက လက်ဖက်ထဲဖြူးစားလို့ကောင်းတဲ့ ပုစွန်ခြောက်သေးသေးလေးတွေက အငံလုံးဝမရှိလို့ နာမည် ကြီး တယ်။

ပြီးတော့ မွန်ပြည်နယ်တစ်ခုလုံးမှာ ထွက်ရှိတဲ့ မုန့်ဆန်း။မုန့်ဆန်းဖြူဖြူသန့်သန့်လေးတွေက လှော်ထားတာမျိုး ရောင်းဦးမလား။မုန့်ဆန်းရဲ့ဆိမ့်နေတဲ့အရသာကို မြန်မာတိုင်းကြိုက်တာမို့ သင့်တင့်တဲ့ဈေးကွက်တစ်ခုက ကျိန်းသေပေါက်ရှိပါမယ်။

ကျနော်တို့ငယ်ငယ်တုန်းက ကျိုက်ထီးရိုးကပြန်လာရင် ကျိုက်ထီးရိုးလက်ဆောင်အဖြစ် ကလေးတွေ အတွက် ကျိုက်ထီးရိုးသေနတ်တွေဝယ်လာလေ့ရှိတယ်။အခုကြီးလာတဲ့အချိန်ကျတော့ ကျိုက်ထီးရိုးသေနတ်တွေက ဒီဇိုင်းပိုင်းဆိုင်ရာဆန်းသစ်လာတာကလွဲ ကလေးတွေကို ဆွဲဆောင်မှုမရှိတာကြောင့် ကလေးကြိုက်ပစ္စည်းအဆင့်ကနေ ဈာန်လျှောကျလာတယ်။

ဝါးကုလားထိုင်တွေ၊ထန်းလက်နဲ့လုပ်တဲ့ကုလားထိုင်တွေဆို ကျိုက်ထိုမြို့အထွက်မှာရော တခြားမွန် ပြည်နယ်အတွင်းရှိ ဒေသတချို့တို့မှာပါ ထုတ်လုပ်ရောင်းချလေ့ရှိတယ်။ဒီဘက်နှစ်တွေမှာထိုင်ရတာ သက်သောင့်သက်သာရှိတဲ့ အဆင့်ထိ ထုတ်လုပ်လာကြပြီဖြစ်ပေမဲ့ တာရှည်မခံတဲ့အားနည်းချက်ကြောင့် ဈေးကွက် ဟာရှေ့ဆက်မတက်နိုင်ဖြစ်ရတယ်။

ပြောရမယ်ဆိုရင် ဒေသထွက်အစားအစာနဲ့ ဒေသထွက်ကုန်ဆိုတာ ဒေသယဉ်ကျေးမှုနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတာတွေဖြစ်သလို ဒေသတွင်းအလုပ်အကိုင်နဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုတာဖြစ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အားပေးအားမြှောက်လုပ်ပေးဖို့လိုပါတယ်။

ဒေသထွက်တွေ ဖွံ့ဖြိုးရေးအတွက် အတိုးနှုန်းအသက်သာဆုံးနဲ့ငွေထုတ်ချေးပေးမှု၊ဒေသထွက်ကုန်ကို ခေတ်နဲ့အညီ ဆန်းသစ်နိုင်စွမ်း၊တာရှည်ခံနည်းပညာနဲ့ ဈေးကွက်ရရှိရေးဆိုတာ ဒေသထွက်ကုန်နဲ့အစားအစာလုပ်ငန်းဆောင်ရွက်နေသူတွေအပြင် သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ အခန်းကဏ္ဍက အင်မတန်အရေး ပါလှတယ်။

ဒေသထွက်ကုန် ထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဒေသထွက်ကုန်ရောင်းချတဲ့ဆိုင်တွေကို အခွန်လုံးဝမ ကောက်တာ(သို့မဟုတ်)အခွန်အနည်းဆုံးကောက်ခံတာမျိုးနဲ့ တာဝန်ရှိသူတွေက ဆွဲဆောင်ဖို့လိုသလို မြို့တိုင်းမှာ အရည်အသွေးပြည့်ဝတဲ့ ဒေသထွက်ကုန်ဆိုင်ခန်းတွေ ထွက်ပေါ်လာစေတာမျိုး၊ဒေသတွင်းခရီးသွားနေရာတွေမှာ ဒေသထွက်ကုန်ရောင်းချတဲ့ဆိုင်မျိုးတွေပေါ်လာအောင်ဆိုင်ခန်းနေရာပေးတာမျိုးတွေ လုပ်ပေးသင့်တယ်။

ဥပမာ-မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေတင်မက နိုင်ငံခြားဧည့်တွေပါ လာလေ့ရှိတဲ့ ကျိုက်ထီးရိုးတောင်ခြေက ကင်ပွန်းစခန်းလိုနေရာမျိုးမှာ ကျိုက်ထီးရိုးထွက်ကုန်တွေသာမက မွန်ပြည်နယ်အတွင်းရှိ အရည်အသွေးမီ ထွက်ကုန်တွေကိုပါ ရောင်းချတဲ့ဆိုင်မျိုး ဖွင့်လှစ်စေသင့်တယ်။ အဲဒါလိုမျိုးနည်းနဲ့ ကိုယ့်ဒေသတွင်းလက်ရာကို ဖြန့် ချိစေကာ ကိုယ့်ဒေသအကြောင်း ရင်ကော့ကြွားသင့်ပါတယ်။

ပြီးတော့ မော်လမြိုင်လို ပြည်နယ်အဆင့်မြို့မှာ ဒေသထွက်ကုန်တွေသာ ရောင်းတဲ့ဆိုင်တွေ တန်းစီ တည်ရှိနေတာမျိုးက ကိုယ့်ဒေသရဲ့ယဉ်ကျေးမှုအလှကို ဖော်ပြပြီးသားဖြစ်ပါမယ်။

ကျနော်တို့မွန်ပြည်နယ်မှ မဟုတ်။ဒေသတိုင်း၊မြို့တိုင်းမှာ ကိုယ့်ဒေသအကြောင်းကို တစ်စိတ်တစ်ပိုင်း ပြောပြနိုင်တဲ့ ဒေသထွက်ကုန်တွေ ရောင်းချတဲ့ဈေးကွက်ဖြစ်ပေါ်လာဖို့လိုတယ်။အဲဒီလိုပေါ်ထွန်းခြင်းဟာ ခရီး သွားလုပ်ငန်းအတွက်လည်း အထောက်အကူပြုမှာသေချာတယ်။

ငြိမ်းဆက်