【 ဆောင်းပါး 】ချောင်းသာကနေ ဘင်္ဂလားပြည်

【 ဆောင်းပါး 】ချောင်းသာကနေ ဘင်္ဂလားပြည်

ကျနော်တို့ငယ်ငယ်တုန်းက အပန်းဖြေကမ်းခြေလို့ဆိုရင် ကျိုက္ခမီ၊စက်စဲကမ်းခြေကို စကြားခဲ့ဖူးတယ်။ စက်စဲဆိုတာ နာမည်ကျော်လွန်းလို့ ကြားဖူးတာတော့မဟုတ်။ကျနော့်ဇာတိရပ်ရွာက ဘီလူးကျွန်းမို့ ကိုယ်နဲ့နီးတဲ့နေရာမို့ သိရှိခြင်းဖြစ်တယ်။ဘီလူးကျွန်းနဲ့ ကျိုက္ခမီက ဘယ်လောက်ထိအောင်နီးသလဲဆို ဘီလူးကျွန်းတောင်ဘက်စွန်း ကမာကေးရွာကနေ လှမ်းကြည့်ရင် ကျိုက္ခမီရေလယ်ဘုရားကို လှမ်းမြင်ရတယ်လို့ သိရတယ်။ဆိုတော့ ဘီလူးကျွန်းနဲ့ကျိုက္ခမီကို ခြားထားတဲ့ပင်လယ်က သိပ်မဝေး။

အဲဒီလိုမြင်ရတာက ဟိုး…အရင် မဆလခေတ်ဦးလောက်တုန်းကလို့ ထင်တယ်။ကျနော်တို့လူပျိုအရွယ် ၁၉၉၀ကျော်ကာလကိုရောက်တော့ မြင်ရတောင် ရာသီဥတုသာယာချိန် ခပ်ပျပျ။ဒီဘက်နောက်ပိုင်းကျတော့ ကမာကေးရွာထဲကနေ ပင်လယ်ရောက်ဖို့ တော်တော်ဝေးဝေး လယ်ကွင်းတွေကို ဖြတ်၊ပြီးတော့ ရှည်ရှည်ဝေးဝေး ဒီရေတောကိုလည်း ဖြတ်ပါမှ။ပင်လယ်နဲ့ရွာကြားမြေနုကျွန်းကနေ လယ်ကွင်းတောင်ဖြစ်ခဲ့တာ တမျှော်တခေါ်။ထားတော့။

စက်စဲကမ်းခြေကတော့ ရေနောက်တယ်တဲ့။ကျနော်အခုအချိန်ထိ မရောက်ဖူးလို့ သေချာမသိ။စက်စဲ ပြီးနောက် ကျနော်ထပ်သိတဲ့ကမ်းခြေက ရခိုင်ပြည်နယ်၊သံတွဲမြို့က ငပလီကမ်းခြေ။ငပလီကတော့ သိပ်နာမည်ကြီးလို့ သိတာ။ငပလီကမ်းခြေရေက အင်မတန်ကြည်စိမ်းနေတယ်တဲ့။ဒီနေ့ထိတိုင် မြန်မာနိုင်ငံကမ်းခြေတွေထဲ ငပလီကို မီတဲ့ကမ်းခြေမရှိသေးပါတဲ့။

ငပလီကမ်းခြေကိုလည်း ဒီနေ့ ထိတိုင် ကျနော်မရောက်ဖူးသေးတာမို့ ငပလီအလှကို စာဖွဲ့ပြဖို့ရာ မဖြစ်နိုင်။ကျနော်တို့ လမ်းပန်းဆက်သွယ်ရေးကကြမ်းကြမ်းတမ်းတမ်းမို့ ရခိုင်ရိုးမကိုဖြတ်ပြီး ငပလီရောက်ဖို့ ရာ တော်တော့်ကိုမလွယ်။တတ်နိုင်သူတွေက လေယာဉ်နဲ့သွားကြ။တော်တော်များများကတော့ ပြည်တစ်ဖက် ကမ်းကနေ ရခိုင်ရိုးမကိုကားလမ်းနဲ့ဖြတ်ကြတယ်။ဒီဘက်နောက်ပိုင်းကျတော့ မြစ်ဝကျွန်းပေါ်ဘက်ကနေ ရခိုင်ရိုးမကိုဖြတ်ပြီး သွားတဲ့လမ်းပေါ်နေပြီလို့သိရတယ်။အဲဒီလမ်းက ရခိုင်ရိုးမပေါ်တက်ရတာ ပြည်ဘက်ကနေ ရိုးမပေါ်တက်ရတာလောက် မတ်မတ်မြင့်မြင့်တွေ မရှိဘူးလို့လည်း ကြားဖူးတယ်။

ပြီးတော့ ထပ်ကြားဖူးတဲ့ ကမ်းခြေက မောင်းမကန်။ငယ်ငယ်တုန်းက ဆရာသော်တာဆွေရေးတဲ့ ‘ကျနော့်ဘဝဇာတ်ကြောင်း’စာအုပ်ဖတ်ဖူးပြီး သိခဲ့တာ။မောင်းမကန်ကမ်းခြေရှိရာ ထားဝယ်ဆိုတာကလည်း အခု နောက်ပိုင်း မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းကောင်းလာလို့သာသွားရလာရလွယ်သွားတာ။ရှေးသရော အခါတုန်းက လမ်းခရီးလည်းဆိုး၊လုံခြုံရေးကလည်း မဟန်။

ကျနော်က ပင်လယ်ဘေးကကျွန်းကြီးမှာ ကြီးခဲ့တယ်ဆိုပေမဲ့ တကယ့်တကယ် ပင်လယ်ကို မြင်ဖူးတာက ၁၉၉၅ဝန်းကျင်ကာလ၊အသက်၂၀ ဝန်းကျင်အရွယ်ကျမှပါ။အဲဒီတုန်းက ရန်ကုန်ကနေ နွေကျောင်းပိတ်ရက် ဘီလူးကျွန်းပြန်တဲ့အချိန် အစ်မဝမ်းကွဲတစ်ယောက်ရဲ့ လယ်ထဲကအိမ် ဆွမ်းကျွေးဖိတ်လို့ ရွာဦးကျောင်း ဆရာတော်နဲ့အတူ လှည်းနဲ့သွားကြတာ။

လှည်းလမ်းက လယ်ကွင်းထဲက လမ်းတွေသာများတာမို့ နေမပူခင် ဟိုး…မနက်အစောကြီးထသွားရတယ်။သူတို့ လယ်ထဲက အိမ်ရောက်တော့ ကျနော်ပင်လယ်မြင်ဖူးရအောင်လို့ဆိုပြီး နောက်ထပ်နာရီဝက်လောက်သွားရတဲ့ ပင်လယ်ကမ်းစပ်ကို လိုက်ပို့ကြတယ်။

ဇီးကုန်းရွာပင်လယ်ကမ်းစပ်။တစ်ရွာလုံးနီးပါး ရေလုပ်ငန်းလုပ်ကိုင်ကြတဲ့ရွာ။ကျနော်ရောက်သွားတဲ့ အချိန်ကရေကျချိန်မို့ ကမ်းစပ်နဲ့ ရေနဲ့က ဟိုးအဝေးကြီး။ပြီးတော့ ရေကလည်း ခပ်နောက်နောက်။မျက်စိတဆုံးကြည့်လိုက်ရင် ပင်လယ်ပဲရှိတယ်ဆိုတဲ့အသိနဲ့ ငေးခဲ့ဖူး။ကမ်းစပ်မှာ ဒီအတိုင်းလှမ်းထားတဲ့ငါးခြောက်တွေကို သူတို့ရွာခွေးတွေမစားပေမဲ့ ကျနော်တို့နဲ့ပါလာတဲ့ခွေးနှစ်ကောင် အငမ်းမရ စားခဲ့တာကိုလည်း အမှတ်ရမိတယ်။ဇီးကုန်းဆိုတာကမ်းခြေတော့ကမ်းခြေ၊ဒါပေမဲ့ အပန်းဖြေလို့မရတဲ့ကမ်းခြေမျိုး။

၁၉၉၆ခုနှစ်၊မအူပင်ဂျီတီအိုင်ရောက်တော့ ချောင်းသာအပန်းဖြေကမ်းခြေဆိုတာကို စတင်ကြားရပြီ။ ဒါပေမဲ့ ပိုက်ဆံအထပ်လိုက်ထည့်ပြီးသွားမှ အပန်းဖြေခြင်းအရသာ ပိုလှနိုင်မှာမို့ ကိုယ်တွေလို အလုပ်လက်မဲ့ ၊မိဘဆီကနေ လက်ဖြန့်မုန့်ဖိုးတောင်းသုံးရတဲ့ ကျောင်းသားတွေအတွက် အလှမ်းဝေးလွန်းလှပါတယ်။

ဒါပေမဲ့၊ကျနော့်ဘော်ဒါ ကျောင်းသားတချို့ကတော့ မရ။ချောင်းသာရောက်ရင် ကမ်းခြေမှာ တည်းထိုး အိပ်ရင် တည်းခိုခန်းခသက်သာမယ်။ပိုလို့တောင် ရိုမန်တစ်ဆန်ဦးမယ်တဲ့။ကမ်းခြေမှာတဲထိုးပြီး သောက်ကြ စားကြရင်း ဂစ်တာဝိုင်းဖွဲ့ အော်ဟစ်သီဆို။

ကျနော်တို့ဒုတိယနှစ်၊နှစ်ဝက်စာမေးပွဲအပြီးမှာ ကျောင်းသားတချို့ချီတက်ကြတယ်။ငွေကုန်သက်သာအောင် မအူပင်ကနေ ပုသိမ်ကိုသင်္ဘော လက်မှတ်မဝယ်ဘဲစီး။ပုသိမ်ရောက်ရင် ကျောင်းကသူငယ်ချင်းတစ်ယောက်ယောက်အိမ် ခဏတဖြုတ်နား၊နေ့ခင်းစာဖရီးစား၊ပြီးမှ ပုသိမ်ကနေချောင်းသာ ကားစီးသွား။

ကျောင်း၁၀ရက်လားပိတ်ပြီး ကျောင်းပြန်ဖွင့်တော့ စိတ်မကောင်းစရာသတင်းကိုကြားရတယ်။နောက်ဆုံးနှစ်ကျောင်းသားတစ်ဦး ချောင်းသာမှာ ရေထဲမျောပါသွားတယ်တဲ့။နေဝင်ခါနီးအချိန်ထင်ပါတယ်။မူးမူးနဲ့ ဗော တစ်ကွင်းငှားပြီး ရေဆင်းစိမ်ရင်း ပျောက်ချင်းမလှ။

သူနဲ့အတူသွားတဲ့ကျောင်းသားတွေကလည်း ရီဝေဝေဆိုတော့ ဘယ်လိုက်ကြည့်နိုင်မလဲ။ညအိပ်ယာ ဝင်တော့လည်း မူးနေကြတော့ ဟိုကောင် ဘယ်ချောင်တိုးနေသလဲဆိုတာလောက် ပြောကြဆိုကြ။မနက်ခင်း ရောက်မှပဲ လုံးဝပျောက်နေမှန်းသေချာလို့ သက်ဆိုင်ရာကိုအကြောင်းကြား။ကျောင်းသားဆိုတော့ မော်တော် နဲ့ ပင်လယ်ထဲလိုက်ရှာကြပေမဲ့ မတွေ့။ကျောင်းမှာတောင် သွားလေသူအတွက်  ဆွမ်းသွပ်လိုက်ကြသေးတယ်။

ဒါပေမဲ့၊ကျနော်တို့ကျောင်းပြီးလို့ ၇နှစ်ဝန်းကျင်လောက်အကြာမှ ကျနော်တို့သေပြီထင်ခဲ့တဲ့သူက မသေဘဲ ပြန်ရောက်လာတယ်လို့ကြားရတော့ စိတ်ထဲဖြန်းခနဲဖြစ်မိတယ်။တစ်ဆင့်ပြီးတစ်ဆင့်ရောက်လာတဲ့ သတင်းစကားက တစ်ညလုံး မူးမူးနဲ့ ပင်လယ်ထဲမျောသွားခဲ့တာ လှိုင်းလေငြိမ်နေတော့ ဗောပေါ်ကလွင့်မကျ။ သန်းခေါင်ကျော်မှာ တစ်ချက်ပြန်နိုးလာပြီး အကြောက်ကြီးစွာနဲ့ ပြန်အိပ်ပျော်သွားပြန်သတဲ့။

နောက်တစ်ရက် မနက်လင်းမှာ ကြည့်လေရာ ရေတွေသာမြင်ရတဲ့ ပင်လယ်ကြီးထဲ သူတစ်ယောက်တည်းဆိုတာ သိရတယ်။အကြောက်တရားရဲ့ အဆုံးစွန်ဖိစီးမှုကြောင့် ဗောကိုတင်းတင်းကျပ်ကိုင်ထားမိ၊ ပင်လယ်ထဲ နောက်တစ်ည ဖြတ်သန်းခဲ့ပြီးမှ တံငါလှေတစ်စင်းကတွေ့ပြီး သူ့ကိုကယ်။လှေပေါ် ရောက်မှပဲ တင်းထားသမျှ စိတ်ကိုလျှော့ချလို့ အိပ်ပျော်သွားခဲ့တယ်။နိုးလာတော့ ဝါးတဲလေးတစ်ခုပေါ်မှာ၊ သူ့ပတ်ပတ်လည် သူနားမလည်တဲ့ဘာသာစကားတွေ အသားအရောင်ခပ်နက်နက်တွေ ဝိုင်းဖွဲ့လို့။

သူတို့ဘာပြောနေမှန်းမသိ။သူ့ကိုယ်သူ ပြန်မှတ်မိအောင်လည်း ၆လလောက် အချိန်ယူလိုက်ရ။အကြောက်တရားကပုံမှန်အလုပ်လုပ်နေတဲ့ သူ့ဦးနှောက်ကို ခဏတဖြုတ် အမှောင်ချလိုက်တဲ့ပုံ။တစ်နှစ်လောက်ကြာမှ သူတို့စကား ထမင်းစားရေသောက်ပြန်ပြောတတ်လာသလို သူတို့ဘာပြောသလဲ အတန်အသင့်သိလာ တယ်။

သူရောက်နေတာ မြို့နဲ့ အတော်ဝေးတဲ့ ပင်လယ်ကမ်းစပ်ရွာ။ကြားရတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ။အဲဒီမှာ သူ ၆နှစ်ကျော်ကြာခဲ့တယ်။တောကနေ မြို့ပေါ်အဆက်အသွယ်ရှာ။မြို့ပေါ်ကနေ သံရုံးအချိတ်အဆက်ရှာ။ ကျောင်းသားမို့လို့လား ဘာလားမသိ။ထောင်ထဲတွေဘာတွေမရောက်ဘဲ ရန်ကုန်ပြန်ရောက်ခဲ့တယ်တဲ့။

သူ့အကြောင်းဒါ့ထက်အသေးစိတ်ကျကျ ပိုသိချင်ပေမဲ့ သူက တစ်နှစ်တစ်ခါ ဆရာကန်တော့ပွဲ‌လည်း မရောက်။ရန်ကုန်မှာလည်း မနေတော့ဘူးဆိုတော့ တစ်ခါမှ မဆုံဖြစ်။သူအသက်မသေဘဲ ဘင်္ဂလားဒေ့ရှ် ရောက်သွားပြီး ရန်ကုန်ပြန်ရောက်လာတာ တကယ်ရောဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ရတော့မလို။

ဘာပဲဖြစ်ဖြစ်၊ပထမအကြိမ် ကျနော်ချောင်းသာကမ်းခြေရောက်တော့ မအူပင်ဂျီတီအိုင်ဆင်း သူငယ်ချင်း ၃ယောက် သူတိမ်းပါးသွားတဲ့အကြောင်းပြောဖြစ်ကြတယ်။

တော်တော်ကြီးမှ မိသားစုနဲ့ နောက်တစ်ခေါက် ချောင်းသာရောက်တော့ သူမသေဘဲပြန်ရောက်လာတဲ့သတင်းကို သိထားပြီးပြီးမို့ သားနဲ့မယားကို ကံကောင်းလွန်းလှတဲ့သူငယ်ချင်း မသေမပျောက်အကြောင်း ပြောပြဖြစ်တယ်။

ညဘက်လှိုင်းပုတ်သံခပ်ပြင်းပြင်းကို နားဆင်ရင်းပြောပြမိတာဆိုတော့ အဲဒီလှိုင်းတွေနဲ့အတူ ပင်လယ်ထဲမျောသွားတဲ့အကြောင်းပြောရတာကိုက ခြောက်ခြားလွန်းလှတယ်။

                       

ငြိမ်းဆက်