【 ဆောင်းပါး 】ချောင်းသုံးခွဆုံရာ

【 ဆောင်းပါး 】ချောင်းသုံးခွဆုံရာ

သုံးခွမြို့ဟာ ချောင်းကမ်းနံဘေးတည်ထားတဲ့ မြို့လေးဖြစ်ပြီး နယ်မြို့တစ်မြို့ရဲ့ ဟန်ပန်အပြည့် ကျေးလက်ရနံ့တွေလည်း မွှေးမြနေပါတယ်။သုံးခွမြို့မှာ ရပ်ကွက်ပေါင်း၁၂ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၆၄ ရွာ။အရင်ခေတ် ဒုတိယကမ္ဘာစစ်မတိုင်ခင်က ပဲခူး-ခရမ်း-သုံးခွ ရထားလမ်းရှိခဲ့တာကြောင့် သုံးခွရဲ့ အနီးမြို့ ဆက်ဆံရေးမှာ ခရမ်းနဲ့ပဲခူးတို့သာ ဖြစ်လိမ့်မယ်လို့ ထင်ရပါတယ်။

တခြားဒေသကလူတွေက သုံးခွနဲ့ ခရမ်းကို ခရမ်းသုံးခွလို့ တစ်ဆက်တည်းခေါ်လေ့ရှိပါတယ်။မြို့တွေ ရွာတွေပထဝီသွင်ပြင်တွေနဲ့ ခပ်လှမ်းလှမ်းလူတွေက ခရမ်းသုံးခွအခေါ်အဝေါ်ကြောင့် ခရမ်းနဲ့သုံးခွကို မြို့တစ်မြို့တည်းရဲ့ နာမည်လို့ ထင်မှတ်မှားကြပါသေးတယ်။ပြောရရင် ခရမ်းနဲ့သုံးခွဟာ နာမည်တစ်တွဲတည်းခေါ်ကြတဲ့အထိ အနေနီးတဲ့သဘော။အနေနီးတာလဲမပြောနဲ့။သုံးခွမြို့ပေါ်နဲ့ခရမ်းမြို့ပေါ်ကို ကားစီးရင်အလွန်ဆုံးကြာ ၁၅မိနစ်။ပြီးတော့ သုံးခွနဲ့ ခရမ်း ကျေးရွာတွေက တစ်ဆက်တည်း။

လယ်တွေထဲ စပါးစိုက်ပြီး ပဲစိုက်တာချင်းလည်းတူ၊ပဲတီစိမ်းတွေ အထွက်နှုန်းကောင်းတာချင်းလည်းတူ။ စပါးလှောင်၊ပဲလှောင်သူတွေ စီးပွားဖြစ်တာချင်းလည်းတူ။ပြီးတော့ အကွေ့အကောက်များစွာနဲ့ ပင်လယ်ထဲထိ စီးဝင်တဲ့ချောင်းလက်တက်‌ တွေကိုအမှီပြုရတာချင်းလည်း တူပါရဲ့။

ကျနော်က သုံးခွမြို့ကို ရောက်ခါစက ရန်ကုန်ကနေလာရင် သုံးခွရောက်ပြီးမှ ခရမ်းရောက်တာကို ဘာ့ကြောင့် သုံးခွခရမ်းလို့ မတွင်ဘဲ ခရမ်းသုံးခွဆိုပြီး ပြောင်းပြန်တွင်နေရတာလဲလို့ သုံးခွသားမိတ်ဆွေတချို့ ကို မေးကြည့်ခဲ့ဖူးတယ်။

အဲဒီမေးခွန်းကို ကျနော်မေးဖူးတဲ့ သုံးခွသားတော်တော်များများက မဖြေနိုင်။ကျနော့်လို ဘယ်သူကမှ သူတို့ကိုမေးခဲ့ဖူးသူမရှိသလို ခရမ်းသုံးခွဆိုတဲ့ အတွဲလိုက်နာမည်မှာ ထူးခြားတဲ့ဖွင့်ဆိုချက်မရှိဘူးလို့လည်း ဆိုကြတယ်။

ဒါပေမဲ့ သုံးခွသားတစ်ဦးရဲ့အဖြေက စိတ်ဝင်စားစရာကောင်းသလို မှန်လောက်တဲ့အဖြေမျိုး။တစ်ချိန်က ခရမ်းရောသုံးခွပါ ဟံသာဝတီခရိုင်ထဲမှာပါပြီး ဟံသာဝတီလို့ခေါ်တဲ့ ပဲခူးနေပြည်တော်ကြီးဟာ ဗဟိုချက်။ အဲဒီဗဟိုချက်အထိုင်ကနေ ကြည့်လိုက်ရင် ခရမ်းပြီးမှသုံးခွကိုရောက်ရှိသလို ခရမ်းနဲ့သုံးခွဟာ တစ်ဆက်တည်းမို့ ပဲခူးကနေလာရင် အရင်ရောက်တဲ့ ခရမ်းက ရှေ့ဆုံးနာမည်ဖြစ်ပုံရတယ်တဲ့။အဲဒါက သူ့မှန်းဆချက်ဆိုပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ပုံ။

‘ကျနော်တို့ ဒီဘက်‌ခေတ်ကျတော့ ပဲခူးနဲ့အသွားအလာက ကားလမ်းရှိပေမဲ့ မရှိသလောက်ရှားသွားပြီ။ သန်လျင်တံတားပြီးတဲ့နောက် ရန်ကုန်နဲ့ပဲသွားလာနေကြတော့ ရန်ကုန်အထိုင်ကစဉ်းစားရင် သုံးခွခရမ်းဖြစ်ရမှာပေါ့။ဟိုး…အရင်ပဲခူးအထိုင်ကနေကြည့်တော့ ခရမ်းပြီးမှသုံးခွ။အဲဒါကြောင့် ခရမ်းသုံးခွ ဖြစ်တာနေမှာ’လို့ သူ ကဆိုတယ်။

အဲဒီလို ခရမ်းနောက်ရောက်နေတဲ့သုံးခွဟာ မှော်ဝန်းချောင်း၊ ဥက္ကံချောင်းနဲ့ နံယောချောင်းတို့ဆုံဆည်းရာနေရာမှာ မြို့ဖြစ်လာခဲ့တယ်။ချောင်း၃ချောင်းရဲ့ဗဟိုချက်နေရာဆိုတော့ အဲဒီချောင်း၃ချောင်းနံဘေးကရွာတွေ ချောင်း ၃ခွ ဆုံရင်မှာ ရောင်းဝယ်ဖောက်ကားကြရင်း မြို့ဖြစ်တည်လာပုံရပါတယ်။

အဲဒါကြောင့် သုံးခွမှာ ချောင်းတွေဟာ သိပ်အရေးပါခဲ့တာ သုံးခွ စတင်ခဲ့တဲ့ ရှေးနှစ်များစွာအချိန်ကနေပြီးခဲ့တဲ့ ၃-၄နှစ်လောက်အထိဖြစ်ပါတယ်။ဘာ့ကြောင့်ချောင်းတွေက အရေးပါရတာလဲဆိုတော့ သုံးခွမြို့နဲ့ သုံးခွရွာတွေကြား လမ်းပန်းဆက် သွယ်ရေး မကောင်းတာကြောင့်ဖြစ်ပါတယ်။များသောအားဖြင့် သုံးခွမြို့ပေါ် နဲ့သုံးခွရွာတွေကြား ချိတ်ဆက်ထားတဲ့လမ်းတွေဟာ မြေသားလမ်းတွေသာဖြစ်ပြီး မိုးလုံးဝကုန်ပြီဖြစ်တဲ့ ဆောင်းကာလနဲ့ နွေကျမှသာ အဲဒီလမ်းတွေ သုံးလို့ရပါတယ်။ဒါတောင် အဲဒီလမ်းတွေပေါ် စပါးတွေပဲတွေကုန်ပစ္စည်းတွေ ခပ်များများတင်ထားတဲ့ယာဉ်သွားလာဖို့မလွယ်တာကြောင့် ရေလမ်းခရီးသာ အရေးပါခဲ့တာပါ။

သုံးခွမြို့ပေါ်မှာ ချောင်းတွေဟာ ကွေ့ဝိုက်လို့ စီးနေပါတယ်။ချောင်းကလည်း ၃ခုဆုံရာမို့ သုံးခွမြို့ပေါ် မှာ ချောင်းဖြတ်တံတားနှစ်စင်းရှိနေပါတယ်။သုံးခွမြို့က လုပ်ငန်းရှင်တွေဟာ ကိုယ့်ခြံနဲ့ချောင်း တိုက်ရိုက်ပေါက်တဲ့ မြေတွေမှာ သူတို့စီးပွားရေးလုပ်ငန်းကို တည်ကြပါတယ်။အထူးသဖြင့် ဆန်စက်တွေ၊ဆန်နဲ့ပဲလုပ်ငန်းရှင်တွေက ချောင်းပေါက်မြေမှာ လုပ်ငန်းတည်ကြပါတယ်။ဘာ့ကြောင့်လို့လဲဆိုတော့ ရွာတွေကနေ စပါးတင်။ပဲတင်ပြီးရောက်လာတဲ့လှေတွေဟာ နောက်တစ်ဆင့် ထပ်သယ်စရာမလိုတဲ့ ဆန်စက်နဲ့ဂိုထောင်တွေကို သဘောကျကြလို့ပါပဲ။

‘ချောင်းကနေလှေနဲ့လာပြီး ဆန်စက်ရောက်ဖို့ နောက်တစ်ဆင့် ကားနဲ့သယ်ရမယ်ဆိုရင် စရိတ်ထောင်းလို့ အဲလိုဆန်စက်တွေဆီ သိပ်မသွားကြဘူး’လို့ သုံးခွသားမိတ်ဆွေကဆိုပါတယ်။

ဒါ့ကြောင့် ချောင်းနဲ့တစ်ဆက်တည်းမြေတွေဟာ သုံးခွစီးပွားရေးလုပ်ငန်းတွေအတွက် အရေးပါသလို တခြားမြေတွေထက် ပိုဈေးကြီးပါတယ်။

၂၀၁၇ခုနှစ်လောက်တုန်းက သုံးခွမြို့ပေါ်ကနေ ဆိုင်ကယ်ပုံမှန်မောင်းသွားရင် နာရီဝက်ကျော်စီးရတဲ့ ဆယ်ရွာကိုရောက်ရှိ။သုံးခွမြို့ပေါ်နဲ့ အတန်ငယ်လှမ်းတယ်ဆိုပေမဲ့ တကယ့်ကို ရွာကြီးတစ်ရွာ။ဘာလို့ ဒီရွာဖွံ့ဖြိုးနေတာလဲလို့ စပ်စုကြည့်တော့ သူတို့ရွာမှာ ကျယ်ဝန်းတဲ့ချောင်းရှိနေတာကြောင့်လို့ ဆိုကြပါတယ်။ဒီချောင်းကြီးကနေ သုံးခွမြို့ပေါ်နဲ့ ရောင်းဝယ်ဖောက်ကားနိုင်၊တခြားရွာတွေနဲ့ ကူးလူးနိုင်ခြင်းဟာ ရွာဖွံ့ဖြိုးရခြင်းရဲ့အရေးပါတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

ဆယ်ရွာမှ မဟုတ်ပါဘူး။ချောင်းကျယ်ကျယ်ရှိတဲ့ ရွာတိုင်းဟာ ဖွံ့ဖြိုးလေ့ရှိကြပါတယ်။ရန်ကုန်မြို့ကနေလာရင် သုံးခွမြို့မဝင်ခင် သန်လျင်-သုံးခွကားလမ်းဘေးမှာရှိတဲ့ သိုက်တူးကန်ရွာဆိုရင်လည်း စံပြရွာတစ်ရွာ။အဲဒီရွာရဲ့ အဆုံးကိုရောက်ရင် ကျယ်ဝန်းလှတဲ့ချောင်းကြီးကို တွေ့ရပါလိမ့်မယ်။အဲဒီချောင်းကြီးဟာ သုံးခွမြို့ပေါ်တိုက်ရိုက်ပေါက်သလို ချောင်း၃ချောင်းကနေ သုံးခွရွာပေါင်းများစွာကို ရောက်ရှိရုံတင်မက ပင်လယ်ထဲထိ ရောက်ရှိနိုင်ပါတယ်။

ဘယ်ချောင်းက ပင်လယ်အထိပေါက်သလဲဆိုတာ မသိပေမဲ့ ဒီရေအတက်အကျရှိတာ တွေ့ရပါတယ်။ အရင့်အရင်ခေတ် နှစ်ပေါင်းများစွာက ရေရှိတဲ့ မိုးနဲ့ဆောင်းဆို လှေနဲ့လာ၊ရေလုံးဝခမ်းတဲ့အချိန် လှည်းနဲ့လာ။ ဒီဘက်ခေတ်ကျတော့ နွေဆိုရင် ထော်လာဂျီတွေနဲ့ မြို့ပေါ်လာရောင်းကြဝယ်ကြနဲ့ သုံးခွကျေးလက်ဟာ ယောက်ယက်ခတ်ခဲ့ပါတယ်။

သုံးခွမြို့၊၉ရပ်ကွက်က အောင်ဇေယျလမ်းမကြီးဘေးမှာ နွေရောက်ရင် ဆူညံပွက်နေတဲ့ တောကား ဂိတ်ဆိုတာရှိခဲ့ဖူးပါတယ်။သုံးခွမြို့ပေါ်ကို သုံးခွရွာအသီးသီးကနေ လာကြတဲ့ ထော်လာဂျီဂိတ်ပါ။တောသား ပီပီ စကားကိုအာကျယ်ကျယ်ပြောတတ်ကြတာမို့ စကားသံတွေ သိပ်ညံနေပြီး နာမည်နဲ့လိုက်အောင်ကျေးလက်ဆန်နေတဲ့ နေရာပါပဲ။

 ၂၀၁၅-၂၀၂၀ကာလမှာ သုံးခွကျေးလက်လမ်းသွား ကွန်ကရစ်လမ်းတွေ တော်တော်ကောင်းသွားပြီမို့ နှစ်ပေါင်းရှည်ကြာ အရေးပါခဲ့တဲ့ ရေလမ်းတစ်ခေတ်အဆုံးသတ်သွားခဲ့သလို သုံးခွကျေးလက်တချို့တောင် မြို့ အဆင်အပြင်တွေနဲ့ တသွေးတမွေးလှနေပြီဖြစ်ပါတယ်။

 ငြိမ်းဆက်