【 ဆောင်းပါး 】ဂျေသံသရာ

【 ဆောင်းပါး 】ဂျေသံသရာ

မနာလိုစိတ် သဝန်တိုစိတ်ဆိုတာ မကောင်းမှန်းလူတိုင်းလိုလိုသိကြသည်။ သို့သော်လည်း လူတိုင်းလိုလို မှာ ထိုစိတ်ကရှိနေတတ်သည်။ မုန်းသည့်ဒေါသဖြင့်မနာလိုသည်။ ချစ်သည့်လောဘဖြင့် သဝန်တိုသည်။ ကိုယ့်ထက်သာသူအပေါ် မနာလိုစိတ်ဖြစ်သည်။ ကိုယ့်ပိုင်ဆိုင်မှုကို သူများယူမှာစိုးကာ ဥစ္စာခြောက်ပြီး သဝန်တိုစိတ်ဖြစ်သည်။

မနာလိုဝန်တိုစိတ်ဝင်တာကို တချို့က ဣဿာ မစ္ဆရိယများတယ်လို့ပြောကြ၏။

ဒီနေ့အချိန်အခါမှာတော့ မနာလိုဝန်တိုတာကို jealous ဖြစ်တယ်လို့ပြောကြသည်။ နောက်ပိုင်းတော့လည်း jealous ကို အတိုကောက်လုပ်ပြီး မနာလိုဝန်တိုတာကို ဂျေဝင်တယ်လို့သုံးနှုန်းပြောဆို လာကြတော့သည်။

အရင်းနှီးဆုံးမိသားစုများတွင်လည်း ညီအကိုမောင်နှမအချင်းချင်း သူကအခွင့်အရေးပိုရတယ် ငါကအနှိမ်ခံရတယ်စသည်ဖြင့် ဂျေဝင်တတ်ကြသည်။ သူငယ်ချင်းအချင်းချင်း လုပ်ဖေါ်ကိုင်ဖက်အချင်းချင်းလည်း ဂျေဝင်တတ်ကြသည်။ ဘဝတူကျောင်းသားအချင်းချင်း ဝန်ထမ်းအချင်းချင်း ရဟန်းသာမဏေအချင်းချင်းလည်း ဂျေဝင်တတ်သည်။

ဒီကောင်ကမတန်မရာဝတ်စားလာတယ် ဒီလူကငါ့ကိုလာယှဉ်တာဖြစ်လိမ့်မယ် စသည်ဖြင့် လတ်တလောဆုံတွေ့ရသည့် မျက်နှာစိမ်းတစ်ယောက်အပေါ်လည်း ဂျေဝင်တတ်ကြပြန်သည်။

ဘာဘဲပြောပြော ဂျေဝင်တယ်ဆိုတာ negative mind, negative attitude မကောင်းမြင်စိတ် မကောင်းမြင်သဘောတရားဖြစ်သောကြောင့် ကိုယ့်အတွက်ရော အခြားသူအတွက်ပါ ကောင်းကျိုး မပေးဘဲ ဆိုးကျိုးသာ ပေးတတ်ပါသည်။

ငါးရာ့ငါးဆယ်ဝတ္ထုများမှ တစ်ရက်တစ်မနက်လောက် ဂျေဝင်မိသောကြောင့် ဘဝပေါင်းများစွာ ပြန်လည်ပေးဆပ်ရသော လောသကဇာတ်ကိုပြောပြချင်သည်။ 

ကဿပဘုရားရှင်ပွင့်တော်မူစဉ်ကဖြစ်သည်။ ဘုရားတရားသံဃာရတနာသုံးပါးကိုရိုသေတတ်သော သူကြွယ်တစ်ဦးရှိ၏။ သူကြွယ်သည် ရဟန်းတစ်ပါးကိုကျောင်းဆောက်လုပ်လှူဒါန်း၍ ဒါယကာ အဖြစ်မပြတ် ထောက်ပံ့သည်။ သူ၏အိမ်၌ အမြဲမပြတ် ဆွမ်းဘုန်းပေးရန်လည်း နေ့စဉ်ပင့်ဖိတ်ထားသည်။  ထိုကျောင်းနေရဟန်းသည် သီလကိုအမြဲစောင့်ရှောက်၏။ ဝိပဿနာ တရားကိုလည်း လုံ့လပြု ကျင့်ကြံလေ့ရှိ၏။

တစ်နေ့တွင် သူကြွယ်သည်အခြားတစ်နေရာမှလာသော အာဂန္တုရဟန်းတစ်ပါးကို တွေ့ရှိရာမှ ကြည်ညိုလွန်းသဖြင့် အိမ်သို့ပင့်ကာ ဆွမ်းကပ်လှူသည်။ ထို့နောက်ရဟန်းထံမှသီလယူကာ တရားနာ သည်။ တရားနာပြီး သောအခါ သူ၏ကျောင်းမှာ သီတင်းသုံးပါရန်လျှောက်ထားသည်။ ရဟန်းက လက်ခံသောအခါ ကျောင်းနေရာသို့ ညွှန်ပြ၍ ညဘက်တွင်ဖျော်ရည်နှင့် လိုအပ်သည့်ဆေးဝါးများ လာလှူပါမည်ဟုလျှောက် ထားသည်။ အာဂန္တု ရဟန်းလည်း ကျောင်းရှိရာသို့ထွက်လာခဲ့သည်။

အာဂန္တုရဟန်းသည်ကျောင်းသို့ရောက်သောအခါ ကျောင်းနေရဟန်းကို အကျိုးအကြောင်းပြောပြသည်။ ကျောင်းနေရဟန်းက အာဂန္တုရဟန်းနေထိုင်ဖို့နေရာစီစဉ်ပေးလိုက်သည်။ ညဘက်ရောက် သောအခါ သူကြွယ်က ကျောင်းသို့ရောက်ရှိလာပြီး အာဂန္တုရဟန်းသီတင်းသုံးသည့်နေရာသို့လာ၍ အဖျော်ရည်များကပ်လှူသည်။ ဆီမီးများ ထွန်းညှိပူဇော်ပေးသည်။

ထို့နောက် ပထမရဟန်းနှင့်အတူ ကျောင်းတွင်သီတင်းသုံးရန်နှင့် ရဟန်းနှစ်ပါးလုံးကို နောက်တစ်နေ့ သူ့အိမ်တွင် ဆွမ်းဘုန်းပေးရန်ပါလျှောက်ထားသည်။

ယခုမှတွေ့ရသော အာဂန္တုရဟန်းအပေါ် သူကြွယ်ဒါယကာ၏အလေးပေးဂရုစိုက်နေခြင်းကို ကျောင်း နေရဟန်းက မကျေနပ်ဘဲ အာဂန္တုရဟန်းအပေါ် မနာလို မရှုစိမ့်နိုင်အောင်ဖြစ်မိသည်။

မနက် အရုဏ်တက်ချိန်တွင် ကျောင်းနေရဟန်းနိုးလာသည်။ ကျောင်းဝင်းအတွင်း တံမြက်စည်းလှည်း၊ သောက်ရေဖြည့် စသည်တို့လုပ်ပြီး ဒါယကာသူဌေးအိမ်သို့ ဆွမ်းစားကြွရန် ပြင်ဆင်သည်။ အာဂန္တုရဟန်းကိုမနှိုးဘဲ တစ်ပါးတည်း သွားရန်ကြံစည်သည်။ ကျောက်စည်ထိုးသံ တံခါးခေါက်သံကို ကြားလျှင် အာဂန္တုရဟန်းနိုးပြီး သူနှင့်အတူလိုက်လာမည်စိုးသဖြင့် ကျောက်စည်နှင့်တံခါးကို အသံမထွက်အောင် လက်သည်းဖြင့်တို့ရုံသာတို့၍ တစ်ပါးတည်းထွက်လာခဲ့သည်။

ဒါယကာသူကြွယ်က ‘အာဂန္တုရဟန်း မပါဘူးလား’ဟုမေးတော့ အိပ်ရာမှ မနိုးသေးကြောင်း၊ ကျောက် စည်တီးသံ တံခါးခေါက်သံပင် မကြားနိုင်အောင် အအိပ်ကြီးသူဖြစ်ကြောင်းလိမ်ညာပြောလိုက်သည်။ အပြန်တွင် သူကြွယ်က အာဂန္တုရဟန်းအတွက် အရသာရှိသောဆွမ်းများကို သပိတ်အပြည့် ထည့်ပေးလိုက်သည်ကိုလည်း လမ်းဘေးမှာပင်သွန်ပစ်ခဲ့ပြီး ကျောင်းသို့ပြန်ခဲ့သည်။ ကျောင်းသို့ရောက်သောအခါ အာဂန္တုရဟန်းကို မတွေ့ရတော့ပေ။

တကယ်တော့ အာဂန္တုရဟန်းသည် အာသဝေါကုန်ခန်းနေသည့် ရဟန္တာတစ်ပါးဖြစ်သည်။ မိမိ အပေါ် မနာလိုမရှုစိမ့်နိုင်ဘဲ အကုသိုလ်စိတ်ပွားနေသောကျောင်းနေရဟန်း၏အဖြစ်ကိုသိနေသဖြင့် မိမိနှင့်ပတ်သက်၍ အကုသိုလ်ထပ် မပွားစေရန် ဈာန်သမာပတ်ဝင်စားပြီး အိမ်အမိုးကိုဖေါက်၍ အရပ်တစ်ပါးသို့ကြွသွားပြီဖြစ်သည်။

သည်တော့မှ အာဂန္တုရဟန်းသည် ရဟန္တာဖြစ်နိုင်ကြောင်း စဉ်းစားမိပြီး တုန်လှုပ်သွားသည်။ မိမိ၏ တရားလက်လွတ်ကာ မနာလိုဝန်တိုစိတ်ပွားမိသည်ကိုလည်း နောင်တကြီးစွာရမိလေသည်။ သို့ သော်လည်း မထားသင့်သည့်စိတ်ကို ထားခဲ့မိပြီ။ မညာသင့်ဘဲ ညာခဲ့မိပြီ။ မလုပ်သင့်သည့်လုပ်ရပ်များကို လည်းလုပ်ခဲ့မိပြီ။

လောသကဖြစ်လာမည့်ကျောင်းနေရဟန်းသည် ထိုဘဝမှကွယ်လွန်ပြီးနောက် အပါယ်ငရဲ၌ နှစ်သိန်းပေါင်းများစွာခံခဲ့ရသည်။ ငရဲမှလွတ်လာသောအခါ ဘီလူးဘဝချည်းငါးရာဖြစ်ပြီး တစ်နေ့မှ ဝမ်းပြည့်အောင် မစားခဲ့ရချေ။ ကိုယ်ဝန် အညစ်အကြေးကိုတစ်ကြိမ်သာစားခဲ့ရဖူးသည်။ ထို့နောက် ခွေးဘဝငါးရာဖြစ်ရပြန်သည်။ အန်ဖတ် ထမင်းကို တစ်ကြိမ်သာဝမ်းဝအောင်စားရဖူးသည်။

လောသကတိဿမထေရ်ဖြစ်မည့်သူငယ်သည်  ကောသလတိုင်း အိမ်ခြေတစ်ထောင်ရှိသော တံငါရွာ ရှိတံငါသည်မကြီးတစ်ဦးထံတွင်ပဋိသန္ဓေယူသည်။ ထိုအချိန်မှစ၍ တံငါရွာတစ်ခုလုံး ငါးလုံးဝ ဖမ်းမရကြပေ။ ရွာသည်လည်း ခုနစ်ကြိမ်တိုင်တိုင် မီးလောင်သည်။ ရွာလုံးကျွတ် ခုနစ်ကြိမ်တိတိ မင်းပြစ်မင်းဒဏ်သင့်သည်။

ထိုအခါရွာသားတို့သည် ကံဆိုးသူ လူယုတ်မာပါ၍ ဖြစ်နိုင်သည်ဟု သံသယရှိကာ ရွာကိုနှစ်စုခွဲလိုက်သည်။ လောသကပါသော အစုသည် စီးပွားရှာမရဘဲ ကျန်အစုက စီးပွားရေးတွေ ကောင်းမွန်ကြသည်။ ရွာကိုအစုငယ်များ ထပ်ခွဲပြန်သည်။ လောသကပါသောအစုကဒုက္ခတွေ့သည်။ နောက်ဆုံး လောသက၏မိခင်တစ်အိမ်တည်း ကျန်သဖြင့်သူ့ကိုရွာမှနှင်ထုတ်လိုက်တော့သည်။ လောသက၏မိခင်သည် သားကိုလက်ဆွဲကာတောင်းရမ်း စားသောက်ရရှာသည်။

လောသက မတ်တတ်သွားတတ်သောအရွယ်ရောက်သောတစ်နေ့တွင် သူ၏မိခင်သည် သူ့ကို ခွက်တစ်လုံးပေးကာ အိမ်တစ်အိမ်သို့ဝင်ရောက်တောင်းခိုင်းပြီး သူပြန်အထွက်ကိုစောင့်မနေတော့ဘဲ စွန့်ပစ်ထားခဲ့ကာ သူနှင့်ဝေးရာသို့ ထွက်သွားလေတော့သည်။ ထိုအချိန်မှစ၍ လောသကလည်း တစ်ယောက်တည်းတောင်းရမ်း စားသောက်ရရှာလေသည်။

တစ်နေ့တွင် လောသကလေးကို ရှင်သာရိပုတ္တရာကတွေ့ကာ သနားသဖြင့် ကျောင်းသို့ခေါ်လာပြီး ရှင်သာမဏေပြုပေးလိုက်သည်။ အရွယ်ရောက်လာသောအခါ ရဟန်းပြုပေးလိုက်သည်။ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန် ဝင်သည့်တိုင်အောင် တစ်ခါဖူးမျှ ဆွမ်းကောင်းကောင်းခံလို့မရခဲ့ပါ။ ဆွမ်းဝဝမစားခဲ့ရပါ။ သူ၏ မနာလိုဝန်တိုစိတ်က သူ့နောက်မှာအရိပ်လိုလိုက်ကာ သေသည့်တိုင်ဒုက္ခပေးသွားလေသည်။

လောသက တိဿမထေရ်သည် ဝိပဿနာတရားကို ကြိုးကြိုးစားစားအားထုတ်ခဲ့သည်။ သီလကိုလည်း အတတ်နိုင်ဆုံးစောင့်ထိန်းခဲ့သည်။ သို့သော်လည်း သတိတစ်ချက်လွတ်ပြီး လောဘနောက် လိုက်ကာ မနာလို ဝန်တိုစိတ်ကို မတားဆီးနိုင်သည့်အတွက် ဘဝများစွာအကုသိုလ်ကြွေးကို ဆပ်ခဲ့ရ၏။ လောသကတိဿမထေရ်သည် အကယ်၍များ နိဗ္ဗာန်ဝင်နိုင်သည့်ဉာဏ်ပညာသာမရှိခဲ့ပါလျှင် ယခုထက်တိုင် ဂျေသံသရာလည်နေရ ပေလိမ့်ဦးမည်။

တချို့မနာလိုဝန်တိုသောသူများသည် ကြောက်စရာကောင်းသော အတွေးအကြံများ ပြုတတ်ကြသည်။ သူများစည်းစိမ်ဥစ္စာကိုဖျက်ဆီးပစ်သည်အထိ သူများအသက်ကို ရန်ရှာရက်သည်အထိ မနာလိုဝန်တိုစိတ် ထားတတ်ကြသည်။ ရက်ပေါင်း လပေါင်း နှစ်ပေါင်းများစွာကြာသည်အထိ မနာလိုဝန်တို စိတ်ကိုမွေးထားတတ်ကြသည်။

အဆိပ်အပြည့်ပါသော မနာလိုဝန်တိုစိတ်၏ တန်ပြန်အကုသိုလ်အကျိုးဆက်ကို မသိလို့လား သိပါလျက် နှင့်သတိမေ့နေလို့လား လတ်တလောစိတ်ကျေနပ်ဖို့ကို အဓိကထားနေလို့လား ဆိုတာတော့ ကျူးလွန်နေသူ တို့၏ အပိုင်းသာဖြစ်သည်။ သူတို့သည် ပြေးလို့မလွတ်နိုင်သည့်သံသရာမှာ မနာလို ဝန်တို အကုသိုလ်ကံကြွေးကို ကြေအောင်ဆပ်နိုင်ဖို့ ပင်ပန်းဆင်းရဲကြီးစွာ ခက်ခက်ခဲခဲခံစားကြရပေလိမ့်မည်။

ဂျေဝင်တာကို တားနိုင်ဖို့အရေးအကြီးဆုံး အချက်ကတော့ ဂျေဝင်တာမကောင်းဘူးလို့ သေသေချာချာ သိရပါမည်။ ဂျေဝင်တယ်ဆိုတာတော်တော်ကို အောက်တန်းကျတဲ့စိတ်လို့ လက်ခံထားရပါမည်။

ဂျေဝင်ခြင်းကြောင့် ကိုယ်တိုင်လည်းသောကတွေ ဒေါသတွေနှင့်စိတ်ဆင်းရဲရမည်ဖြစ်ကြောင်း၊  တစ်ဖက်သားအပေါ်မှာလည်း အကန့်အသတ်မရှိ ဒုက္ခတွေပေးမိလိမ့်မည်ဖြစ်ကြောင်း၊  ဂျေသောက ကြွေး ဂျေဒေါသကြွေး များကို ရင်မှာပိုက်ကာ သံသရာမှာလည်း ဆင်းရဲဒုက္ခအနန္တနှင့် ရင်ဆိုင်ကြုံတွေ့ ရပေမည်ဖြစ်ကြောင်း ကြိုတင် ဆင်ခြင်စဉ်းစားနိုင်ရပါမည်။

ဂျေသံသရာမှလွတ်မြောက်နိုင်ဖို့ ဂျေမဝင်ဖို့ positive mind, positive attitude အကောင်းမြင် စိတ်အကောင်းမြင်သဘောတရားထားကာ မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရား များကိုအမြဲနှ လုံးသွင်းထားသင့်ကြောင်းပါ။

ရိုက်မောင်း