【 ဆောင်းပါး 】စိတ်ချမ်းသာဖို့ဆို

【 ဆောင်းပါး 】စိတ်ချမ်းသာဖို့ဆို

အသက်ရှင်စဉ် ပျော်ပျော်နေဖို့ဆိုသည်မှာ ခက်ခဲလှသည့် ကိစ္စဖြစ်သည်။ နေရေးစားရေး၊အလုပ်အကိုင် ၊သားရေးသမီးရေး စီးပွားရေး၊ကျန်းမာရေး၊ဆွေမျိုးမိတ်သင်္ဂဟ စသဖြင့် ကိစ္စများမြှောင်လူတို့ဘောင်တွင် အရာရာ ပြည်စုံသည်ဆိုတောင် တစ်ခုမဟုတ် တစ်ခုတော့ လိုအပ်မှုက ရှိနေဆဲ ဖြစ်သဖြင့် ပျော်သည်ဆိုလျှင် တဒင်္ဂသာဖြစ်ပေလိမ့်မည်။ သည်တော့ အပျော်အစစ်နှင့် ယာယီအပျော်ဆိုပြီး လူသဘာ၀ ကိုယ်သန်ရာသန်ရာ သတ်မှတ်ကာ ကြံစည်နေထိုင်ကြသည်ကိုတွေ့ရသည်။

ပျော်ပြီးရင်းပျော်နေကြတာ ဘဝမှာပျော်စရာဆိုပြီးသည် ပျော်နေကြတာ။ မျက်စိက အဆင်းအာရုံလေးကို ကြည့်ပြီး ပျော်ရွှင်မှုကိုရှာသည်။နားက သာယာသည့်အသံကလေးကိုနားထောင်ပြီး ပျော်ရွှင်မှုကို ရှာသည်။ နှာခေါင်းက မွှေးကြိုင်သည့်အနံ့ကလေးကို နမ်းရှူပြီး ပျော်ရွှင်မှုကိုရှာသည်။ ။ လျှာက ကြိုက်နှစ်သက်သည့် အရသာ လေးကိုခံစားပြီး ပျော်ရွှင်မှုကိုရှာသည်။ ခန္ဓာကိုယ်ကြီးက သာယာသည့်အထိအတွေ့ ကလေးတွေကို ထိတွေ့ပြီး ပျော်ရွှင်မှုကိုရှာသည်။ ဘဝကို အရင်းအနှီးပြုပြီးတော့ ကြိုက်နှစ်သက်စရာ တွေ ပျော်ရွှင်စရာတွေရှာကြသည်။ တ ကယ်တမ်းတော့ ပျော်ကြရရဲလား၊ ပျော်ကော ပျော်ရဲ့လားဆိုတာ ဘယ်သူမေးမေး မသေချာလှ။ 

ယခုနှစ်ပိုင်းတွင် စိတ်ပျက်စရာများစွာဖြင့် လူတိုင်းကြုံလာရသည့်အခါ သုခဆိုသည့် ချမ်းသာခြင်းကိုရှာကြသည်။ တကယ်တွင် စိတ်ချမ်းသာရော လူချမ်းသာပါ  ပြည့်စုံဖို့ဆိုသည်မှာ မလွယ်ကူချေ။ ယခုချိန်ခါတွင် ပိုဆိုးသည်က ကိုယ်ချမ်းသာဆိုသည့် ဥစ္စာပစ္စည်းနှင့် အနာရောဂါကင်းရှင်းဖို့ ဆိုသည်က  မလွယ်ရေးချ မလွယ်သလို ထိုအခြေအနေရှိနေပါက ရှိအောင်လုပ်ပါက ကိုယ်အန္တရာယ် ကိုယ်ဖိတ်ခေါ်နေသည့် အခြေအနေမျိုးဖြစ်သည်။ 

အသက်အရွယ်အရ စိတ်ကအကျပိုင်းရောက်လာသည့်အခါ တည်မှီရာက ဘာသာရေးတွင်နောက်ဆုံး ချည်တိုင်ရောက်သည်။ တရားဓမ္မကို ဖတ်ရှုသည့်အခါ စိတ်၏အေးချမ်းရာကိုတွေ့ရသလို မကျင့်ကြံနိုင်သေးလျှင် ပင် နေမှုထိုင်မှုကို မေတ္တာတရားရှေ့ရှုပြီးနေထိုင်သည့်အခါ အနည်းငယ် စိတ်က အေးချမ်းရာသို့ ရောက်သည်။ သို့ သော် အခါခပ်သိမ်းတော့ စိတ်က တရားမှတ်လို့ မေတ္တာတရားထားလို့ အဆင်ပြေလှသည်တော့မဟုတ်။

တရားနှင့် နေမှ စိတ်ကပျော်သည်ဟု ဆိုသည်ထက် စိတ်ချမ်းသာရာ ရသည်ဟု ဆိုချင်ခြင်းဖြစ်သည်။ စိတ် ကို ဘယ်လိုထားရမည်နည်း။ နေ့စဉ် လူပေါင်းစုံဖြင့်‌ မဖြစ်မနေထိတွေ့ဆက်ဆံနေထိုင်ရသည့် ယနေ့အချိန်အခါတွင် စိတ်ကိုထားတတ်မှ ချမ်းသာရာရမည်ဖြစ်သည်။စိတ်ကိုထားတတ်အောင် ကျင့်ကြံရမည်။ တရားကို စိတ်တွင် မြဲအောင် မွေးထားနိုင်မှ စိတ်ချမ်းသာရာ ရလိမ့်မည်ဖြစ်သည်။ စိတ်ချမ်းသာအောင် တရားမြဲအောင် ဘယ်လိုလုပ် ရမည်နည်း။    

ဓမ္မပဒ - သုခ၀ဂ္ဂ တွင် ဘုရားရှင်က ဤသို့ဟောထားသည်--

(၁၉၇။ သုသုခံ ဝတ ဇီဝါမ၊ ဝေရိနေသု အဝေရိနော။

ဝေရိနေသု မနုဿေသု၊ ဝိဟရာမ အဝေရိနော။)

၁၉၇။ ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ရန်ပြု သောသူတို့အလယ်၌ ရန်မရှိကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

(၁၉၈။ သုသုခံ ဝတ ဇီဝါမ၊ အာတုရေသု အနာတုရာ။

အာတုရေသု မနုဿေသု၊ ဝိဟရာမ အနာတုရာ။)

၁၉၈။ ကိလေသာအနှိပ်စက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ကိလေသာ အနှိပ်အစက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်အစက်မခံရကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

(၁၉၉။ သုသုခံ ဝတ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ။

ဥဿုကေသု မနုဿေသု၊ ဝိဟရာမ အနုဿုကာ။)

၁၉၉။ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော သူတို့အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ အလွန် ချမ်းသာစွာ ငါတို့အသက်မွေးနိုင်ကြကုန်၏၊ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော လူတို့အလယ်၌ ကာမ ဂုဏ် ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

(၂၀၀။ သုသုခံ ဝတ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။

ပီတိဘက္ခာ ဘဝိဿာမ၊ ဒေဝါ အာဘဿရာ ယထာ။)

၂၀၀။ စိုးရိမ်ကြောင့်ကြဖွယ်ရာ တစ်စုံတစ်ခုမျှမရှိဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ အာဘဿရာဗြဟ္မာတို့ကဲ့သို့ နှစ်သက်ဝမ်းမြောက်မှု ပီတိတည်းဟူသောအစာကို အားထား၍ နေကြကုန်အံ့။

(၂၀၁။ ဇယံ ဝေရံ ပသဝတိ၊ ဒုက္ခံ သေတိ ပရာဇိတော။

ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ။)

၂၀၁။ အနိုင်ရသူသည် ရန်ကိုပွါးစေ၏၊ ရှုံးသောသူသည် ဆင်းရဲစွာနေရ၏၊ ကိလေသာငြိမ်းပြီးသောသူသည် အနိုင် အရှုံးကိုစွန့်၍ ချမ်းသာစွာနေရ၏။

(၂၀၂။ နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ကလိ။

နတ္ထိ ခန္ဓသမာ ဒုက္ခာ၊ နတ္ထိ သန္တိပရံ သုခံ။)

၂၀၂။ ရာဂနှင့်တူသော မီးမရှိ၊ ဒေါသနှင့်တူသော အပြစ်မရှိ၊ ခန္ဓာနှင့်တူသော ဆင်းရဲဒုက္ခမရှိ၊ နိဗ္ဗာန်နှင့်တူသော ချမ်းသာမရှိ။

(၂၀၃။ ဇိဃစ္ဆာပရမာ ရောဂါ၊ သင်္ခါရပရမာ ဒုခါ။

ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။)

၂၀၃။ ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး အနာရောဂါမည်၏၊ ခန္ဓာငါးပါး သင်္ခါရတရားတို့သည် အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏၊ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း၊ ပညာရှိသည် ဤသို့ ဟုတ်တိုင်းမှန်စွာသိ၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြု၏။

(၂၀၄။ အာရောဂျပရမာ လာဘာ၊ သန္တုဋ္ဌိပရမံ ဓနံ။

ဝိဿာသပရမာ ဉာတိ၊ နိဗ္ဗာနံ ပရမံ သုခံ။)

၂၀၄။ အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း၊ ရောင့်ရဲမှုသည် အလွန်ကဲဆုံးဥစ္စာတည်း၊ ချစ်ကျွမ်းဝင်သူသည် အလွန်ကဲဆုံးဆွေမျိုးတည်း၊ နိဗ္ဗာန်သည် အလွန်ကဲဆုံးချမ်းသာတည်း။

(၂၀၅။ ပဝိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿ စ။

နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိရသံ ပိဝံ။)

၂၀၅။ တရားဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ရသော တရားအရသာကို လည်း ကောင်း၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကိုလည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏၊ မကောင်းမှုမှလည်းကင်း၏။

(၂၀၆။ သာဟု ဒဿနမရိယာနံ၊ သန္နိဝါသော သဒါ သုခေါ။

အဒဿနေန ဗာလာနံ၊ နိစ္စမေ၀ သုခီ သိယာ။)

၂၀၆။ သူတော်ကောင်းတို့ကို တွေ့မြင်ရခြင်းသည်ကောင်း၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်းသည် အခါခပ်သိမ်း ချမ်းသာ၏၊ လူမိုက်တို့ကို မတွေ့မမြင်ရခြင်းသည် အမြဲပင် ချမ်းသာ၏။

(၂၀၇။ ဗာလသင်္ဂတစာရီ ဟိ၊ ဒီဃမဒ္ဓါန သောစတိ။

ဒုက္ခော ဗာလေဟိ သံဝါသော၊ အမိတ္တေနေ၀ သဗ္ဗဒါ။

ဓီရော စ သုခသံဝါသော၊ ဉာတီနံ၀ သမာဂမော။)

၂၀၇။ သူမိုက်နှင့်ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလကြာမြင့်စွာ စိုးရိမ်ရ၏၊ လူမိုက်တို့နှင့် အတူနေရ ခြင်း သည် ရန်သူနှင့် အတူနေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲရ၏၊ ပညာရှိနှင့် အတူတကွနေရခြင်းသည် ဆွေမျိုး တို့နှင့် အတူတကွ နေထိုင်ရသကဲ့သို့ ချမ်းသာ၏။

(၂၀၈။ တသ္မာ ဟိ- ဓီရဉ္စ ပညဉ္စ ဗဟုဿုတဉ္စ၊ ဓောရယှသီလံ ဝတ၀န္တမရိယံ။

တံ တာဒိသံ သပ္ပုရိသံ သုမေဓံ၊ ဘဇေထ နက္ခတ္တပထံ၀ စန္ဒိမာ။)

၂၀၈။ ထို့ကြောင့်သာလျှင် တည်ကြည်လည်းတည်ကြည်သော ပညာလည်းရှိသော အကြားအမြင်လည်းများသော မဂ်ဖိုလ်ဟူသောဝန်ကိုလည်း ဆောင်လေ့ရှိသော သီလ ဓုတင် ဖြူစင်သော အကျင့်လည်းရှိသော မြတ်သော ထိုသို့ သဘောရှိသော ပညာရှိသူတော်ကောင်းကို လမင်းသည် နက္ခတ်တို့သွားရာလမ်းခရီးကို ချဉ်းကပ်သကဲ့သို့ မှီဝဲ ဆည်းကပ်ရာ၏။ ဟု ဟောခဲ့သည်။

ကျနော်တို့ စိတ်၏ပျော်ရာသို့ တစတစလိုက်ရင်း မပျော်ရဘဲ ဖြစ်လာကြသည်ကို ကြုံရသည်ချည်းဘဲ ဖြစ် သည်။ ထိုသည်မှာ စဉ်းစားကြည့်ပါက ယာယီအပျော်နှင့် စစ်မှန်သောအပျော် မဟုတ်ခြင်းကြောင့်ပင်။ သူ တော် ကောင်းတို့က စိတ်၏ပျော်ရာအစစ်ဆိုသည်မှာ တရားနှင့်မွေ့လျော်ခြင်းကို ညွှန်းကြသည်။ တရားနှင့် မွေ့လျော် (မွေ့ပျော်)ခြင်းတွင် နှစ်မျိုးရှိသည်။ တရားဓမ္မကျင့်ကြံကာ နေထိုင်ခြင်းနှင့် တရားအတိုင်းလက်ကိုင် နေထိုင်ခြင်း ဖြစ်သည်။

တရားဓမ္မကျင့်ကြံကာ နေထိုင်ခြင်းဆိုသည်မှာ ဘုရားဟောသည့် တရားများကို လိုက်နာကျင့်သုံးကာ အား ထုတ်ပြီး နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ရန် သူတော်ကောင်းတို့ လမ်းစဉ်ကို လျှောက်လှမ်းခြင်း ဖြစ်သည်။ ထိုသို့  နေ ထိုင်ခြင်းမှာ  လောကီတွင် အကောင်းဆုံးဖြစ်သော် သာမန်ဝေနေယျတို့အတွက် ခက်ခဲလှသည်။

နောက်တစ်မျိုးဖြစ်သည့် တရားအတိုင်းနေထိုင်ခြင်းဆိုသည်မှာ သူတော်ကောင်းတရားလက်ကိုင်ထားက ဓမ္မဘက်မှ ရပ်တည်နေထိုင်ခြင်း၊ကောင်းသော အသက်မွေးခြင်းဖြစ်သည်။ ဟုတ်သည်ကို ဟုတ်သည်အတိုင်း၊ မှန် သည်ကို မှန်သည်အတိုင်း မကြောက်မရွံ ရပ်တည်ခြင်းဖြစ်သည်။ မည်သည့်ဖြစ်ရပ်နှင့် မည်သည့်လုပ်ကိုင် ဆောင် ရွက်ခြင်းကိုမဆို ဓမ္မအတိုင်း ရပ်တည်နေထိုင်သဖြင့် ကြောင့်ကြကင်းကာ သံသရာဝဋ်ကင်းစေသည်။ ထို့ကြောင့် တရားနှင့် နေထိုင်ခြင်းအဖြစ်ဆိုခြင်းဖြစ်သည်။

စိတ်ချမ်းသာဖို့ ကိုယ်ချမ်းသာဖို့ကလည်းလိုသည်ဟုဆိုသည်။ သို့သော် ကိုယ်ချမ်းသာဆိုသည်မှာ အနာ ရောဂါကင်းရှင်းခြင်းကို ဆိုလိုသည်။ အနာရောဂါမကင်းရှင်းလျှင်တောင် စိတ်ကို ထားတတ်ပါက တရားနှလုံးသွင်း ပါက  စိတ်ချမ်းသာစွာနေထိုင်နိုင်သည့်လမ်းကြောင်းပေါ် ရောက်နေနိုင်သည်။ ဆိုသည်က စိတ်ကို ပိုင်းဖြတ်ကာ ပစ္စုပ္ပန်တွင် ရပ်ပြီး အကုသိုလ်ကင်းအောင် နေထိုင်ကြခြင်းပင်ဖြစ်သည်။

အခြေခံအားဖြင့် မနက်ကနေ ညနေအထိ အကုသိုလ်ကင်းသည့် စိတ်အကြံအစည် အလုပ်အကိုင်ကို လုပ်နိုင်ရန်ဆိုသည်မှာ ခက်ခဲလှသည်။ သို့သော် ခက်ခဲသည်ဟုဆိုကာ မလုပ်ပါကလည်း ဘယ်တော့မှ လုပ်ဖြစ်မည်လည်းမဟုတ်။ ထိုသို့ မလုပ်မခြင်း စိတ်လုံခြုံမှုကိုရမည် မဟုတ်သဖြင့် စိတ်ချမ်းသာခြင်းကို ရနိုင်မည် မဟုတ်။ ဥစ္စာဓန ရာထူးဌာနန္တရကြောင့်ရသည့် စိတ်ချမ်းသာမှုဆိုသည်မှာလည်း လောဘကို အမှီတည်ကာ အကုသိုလ်ကြောင့် ဖြစ်သည့်တဒဂ်ရေပွက်ပမာ စိတ်ချမ်းသာခြင်းသာ ဖြစ်သည်။  ထို့ကြောင့် စိတ်ချမ်းသာမှုအစစ်ကိုရရန် စိတ်နှလုံးထဲ ဓမ္မမြဲအောင်မှသာ ဖြစ်မည်။

             

ဖြိုးဝေလှ