【 ဆောင်းပါး 】စိတ်ဝမ်းမကွဲကြေး

【 ဆောင်းပါး 】စိတ်ဝမ်းမကွဲကြေး                      

“မင်းတို့နှစ်ယောက်ဒီလောက်တွဲလာပြီး အခုမှဘယ်လိုဖြစ်လို့ပြတ်ဖို့စဲဖို့အထိ ဖြစ်ကြရတာလဲ”

“မပြောချင်တော့ပါဘူးကွာ။ သူ့အမဝမ်းကွဲ ဖက်တီးမ လက်ချက်ပေါ့”

“သူ့မိဘတွေကလည်းသဘောတူပြီးပြီဆို။ အဲဒီဖက်တီးမက ဘာတွေလာနှောက်လို့လဲ”

“ငါ့အဖေနဲ့ငါ့အမေ မကောင်းကြောင်းတွေပြောတယ်လေကွာ”

“မင်းအဖေနဲ့မင်းအမေကို မင်းတောင်မသိတဲ့ဟာ။ သူကဘယ်လိုသိတာလဲ”

“အေးလေ ငါ ငယ်ငယ်လေးထဲက မိဘမရှိလို့ မိဘမဲ့ဂေဟာမှာကြီးပြင်းလာရတဲ့ဥစ္စာ။ ဒါပေ မယ့် ငါက ဒါကို ဘယ်သူနဲ့ဘယ်လိုသက်သေပြရမှာလဲ”

“ဟာကွာ ဒါကတော့ သူ့စကားက အခြေအမြစ်မရှိတာဘဲ”

“သူ့စကားက အခြေအမြစ်မရှိပေမယ့် ယုံတဲ့သူကယုံလို့ အခုငါ့ဘဝက အခြေအမြစ်ရှိသွားပြီ”

ထုံးစံအတိုင်းလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ရင်း ဘေးစားပွဲက လူငယ်လေးနှစ် ယောက်ပြောစကားကိုကြားရတာပါ။ သူတို့နှင့်အဆက်အသွယ်မရှိလို့ ရှေ့ဆက်ဘာတွေဖြစ်သွားကြလဲ တော့မသိပါ။ ရှည်ရမည့်ချစ်စလေးတွေလည်း ကြားလူဖျက်ရင်တိုသွားတတ်တာ ပြတ်တောက်သွား တတ်တာကို သတိရသွားမိလိုက်တာပါ။

သည်လိုပါပဲ ခေတ်စံနစ်တွေဘယ်လိုပြောင်းပြောင်း အချိန်ရာသီတွေဘယ်လိုပြောင်းပြောင်း မဆန်သစ်တော့သော်လည်း ရိုးလည်းမသွားသည့် ကြားလူခြေထိုးလို့ ချစ်ခင်စည်းလုံးမှုတွေပျက်စီး သွားတတ်သည့် အဖြစ်အပျက်များက ရှေးပဝေသဏီကစပြီး ဒီနေ့အထိရှိနေဆဲပါ။

ငါးရာ့ငါးဆယ်လာ အလောင်းတော်ဇနကဇာတ်တွင် သူများချစ်ခြင်းကိုယုတ်မာစွာသွေးခွဲသော အမတ်တစ်ယောက်ရှိခဲ့ပါသည်။

ဘုရားလောင်းဇနကမင်းသား သူ၏မယ်တော်ဝမ်းတွင်ပဋိသန္ဓေနေစဉ်ကာလကဖြစ်သည်။

ဝိဒေဟရာဇ်တိုင်း မိတ္ထိလာပြည်ကို အလောင်းတော်ဇနက၏ဘခင် အရိဋ္ဌဇနကမင်းအုပ်ချုပ်၍ ညီတော်ပေါလဇနကသည် အိမ်ရှေ့မင်းသားဖြစ်၏။ ညီနောင်နှစ်ပါး တိုင်းပြည်ကို ချစ်ခင်စည်းလုံးစွာ အုပ်ချုပ်ကြသဖြင့် တိုင်းပြည်သည်အေးချမ်းသာယာဝပြောခဲ့သည်။

တစ်နေ့တွင် အိမ်ရှေ့မင်းပေါလဇနက၏လူယုံအမတ်သည် ပေါလဇနကမင်းသားကသူ့ကို အလေးမထားဘဲ လျစ်လျူရှုနေသည်ဟုအထင်မှားကာ သခင်အရင်းဖြစ်သော အိမ်ရှေ့မင်းသားအပေါ် ရန်ငြိုးထားလေသည်။ အိမ်ရှေ့မင်းသားကို ဒုက္ခမရောက်ရောက်အောင်လုပ်မည်ဟုဆုံးဖြတ်လိုက်၏။ ထိုအမတ်သည် အရိဋ္ဌဇနကမင်းကြီးထံ မကြာခဏအခစားဝင်ကာ အိမ်ရှေ့မင်းသားက မင်းကြီးကို လုပ်ကြံ၍ ထီးနန်းတက်ရန်ကြံစည်နေကြောင်းပြောသည်။

မင်းကြီးသည် ပထမတော့ အမတ်၏ပြောစကားများကိုမယုံကြည်သေးသော်လည်း ညီတော်၏ လူယုံအမတ်လည်းဖြစ်နေပြီး တစ်ခါနှစ်ခါမကပြောဆိုလာသောအခါ ညီတော်က တကယ်ပဲ ထီးနန်းကို မက်မောပြီး သူ့ကိုရန်ရှာမည်လားဟုသံသယဝင်လာလေသည်။ နောက်ဆုံးတော့ အမတ်၏ ကုန်းချော စကားအောင်သွားပြီး ညီတော်အိမ်ရှေ့မင်းကိုဖမ်းကာ အကျဉ်းချထားလိုက်လေတော့သည်။

ပေါလဇနကလည်းအချုပ်ခန်းကိုဖေါက်ပြေးပြီး လူသူစုရုံးကာ နောင်တော်အရိဋ္ဌဇနကကို တော် လှန်လေသည်။ နောက်ဆုံးတွင်အရိဋ္ဌဇနကမင်းနတ်ရွာစံကာ ညီတော်ပေါလဇနကမင်းက နန်းတက်ပြီး တိုင်းပြည်အုပ်ချုပ်လေသည်။ အရိဋ္ဌဇနကမင်း၏မိဖုရားသည်လည်း အလောင်းတော် မဟာဇနကကို ကိုယ်ဝန်လွယ်ထားရင်း ထွက်ပြေးတိမ်းရှောင်ကာ မထင်မရှားဘဝနှင့်နေရလေသည်။

ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးနှင့်ငြိမ်းချမ်းခဲ့သော ဇနကညီအကိုနှစ်ယောက်သည် သစ္စာမရှိ သောအမတ်၏ကုန်းချောစကားကြောင့်ချစ်ကြည်ရေးပျက်ပြီး ညီအကိုအချင်းချင်းသတ်ကြဖြတ်ကြ သည်အထိစိတ်ဝမ်းကွဲခဲ့ရသည်။ ကြားစကားယုံမိသောကြောင့် ဆိုးကျိုးများကိုခံစားခဲ့ကြရလေသည်။

ဘယ်လိုမှစိတ်ဝမ်းကွဲစရာအကြောင်းမရှိအောင် သံယောဇဉ်ကြီးသူချင်းဖြစ်သော်လည်း ကြား လူဖျက်၍ ပျက်သွားရသောချစ်ခင်ရင်းနှီးမှုအတွက် အတော်ကိုဝမ်းနည်းစရာကောင်းလှပေသည်။ ယုတ်မာသောကြားစကားကြောင့် ဘဝတွေပျက်သွားရသည်မှာယူကြုံးမရဖြစ်စရာပါ။

သို့သော်လည်း ရင်းနှီးချစ်ခင်သူကြားထဲ ဘယ်လိုကြားလူဝင်နှောက်နှောက် ကာယ ကံရှင်များ က သစ္စာရှိပြီးစည်းလုံးမှုမပျက်လျှင်ဘဝလည်းမပျက်အလှလည်းမပျက်နိုင်ပါ။ အရေးကြီးသည်မှာ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက်ယုံကြည်မှုရှိရမည်ဖြစ်သည်။ အကြောင်းတစ်စုံတစ်ရာ ရှိခဲ့ လျှင်လည်း တစ်ယောက်နှင့်တစ်ယောက်ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုကြရမည်ဖြစ်သည်။

ငါးရာ့ငါးဆယ်လာ ဝဏ္ဏာရောဟဇာတ်မှကုန်းချောသောမြေခွေးတစ်ကောင်လည်းရှိခဲ့ပါသည်။

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးအုပ်စိုးစဉ် ဘုရားလောင်းသည်တောအုပ်တစ်ခု၌ ရုက္ခစိုး နတ်ဖြစ်သည်။ ထိုတောထဲရှိဂူတစ်ဂူတွင် ခြင်္သေ့နှင့်ကျားတို့အတူတကွနေထိုင်သည်။ သူတို့နှစ်ကောင် ထံတွင်သူတို့၏စားကြွင်းစားကျန်များကိုစားသောက်ရင်း သူတို့ကိုမှီခိုနေသောမြေခွေးတစ်ကောင်ရှိ၏။ ထိုမြေခွေးသည် ခြင်္သေ့နှင့်ကျားဖမ်းမိသမျှသားကောင်များကိုစားသောက်နေရသောကြောင့် ခြင်္သေ့နှင့် ကျားသားမှလွဲလျှင် အသားစုံစားဖူးနေပြီဖြစ်သည်။

ယုတ်မာသောမြေခွေးသည် ခြင်္သေ့နှင့်ကျားသည်သူ၏ကျေးဇူးရှင်များဖြစ်နေသော်လည်း ထိုခြင်္သေ့နှင့်ကျားသားကိုစားချင်စိတ်ကပြင်းပြလျက်ရှိသည်။ ထို့ကြောင့် ခြင်္သေ့နှင့်ကျားကို ရန်တိုက် ပေးပြီး နှစ်ကောင်လုံးသေလျှင် ထိုအသားများကိုသူစားရလိမ့်မည်ဟုစဉ်းစားမိသည်။

တစ်နေ့ဂူထဲမှာခြင်္သေ့တစ်ကောင်တည်းရှိနေချိန်တွင် ခြင်္သေ့အနားသို့လာကာ ကျားနှင့်ရန်ဖြစ် ဖူးလားဟုမေးသည်။ ခြင်္သေ့က တစ်ခါမှရန်မဖြစ်ဖူးကြောင်း ဖြစ်စရာအကြောင်းလည်း မရှိကြောင်းပြန် ဖြေသည်။ ထိုအခါမြေခွေးက အသင်ကရန်မဖြစ်ချင်သော်လည်း ကျားကရန်လိုစိတ်များကြောင်း အရှင့် ထက်သူက ရုပ်ရည်အဆင်း အားခွန်ဗလ လုံ့လဝီရိယနှင့်စိတ်ထားအစစအရာရာ အနည်းဆုံး ဆယ်ဆမက သာလွန်သည်ဟုပြောကြောင်း ခြင်္သေ့ဒေါသ မထွက်ထွက်အောင်ပြောသည်။ နောက်ဆုံးခြင်္သေ့က နှင်ထုတ်တော့မှအနားကခွာလာခဲ့သည်။

ခြင်္သေ့မရှိဘဲ ကျားတစ်ကောင်တည်းရှိနေချိန်တွင်လည်း ခြင်္သေ့က ရန်ပွဲဖြစ်ချင်စိတ်ရှိကြောင်း ကျားထက်အစစအရာရာသူက သာလွန်သည်ဟုပြောကြောင်း ကျားက ခြင်္သေ့အပေါ် ဒေါသမထွက် ထွက်အောင် သူတို့နှစ်ကောင်စိတ်ဝမ်းမကွဲကွဲအောင် ပြောဆိုပြန်သည်။ ကျားကမြေခွေးကို ဘာမှပြန် မပြောဘဲ တစ်ခုခုကိုစဉ်းစားရင်းကျန်ရစ်ခဲ့သည်။ မြေခွေးကတော့ ကျားကခြင်္သေ့ကို စတင်တိုက်ခိုက် လိမ့်မည်ဟုယူဆကာ အပျော်ကြီး ပျော်နေလေသည်။

ကျားလည်း ခြင်္သေ့နှင့်တွေ့သောအခါ မြေခွေး၏စကားများကိုပြန်ပြောပြ၍ မှန်မမှန်မေးမြန်း၏။ ခြင်္သေ့က သူတစ်ပါး၏စကားကို အလွယ်တကူယုံကြည်တတ်ပါက မိတ်ဆွေအချင်းချင်း ရန်များတတ် ကြောင်း အကယ်၍ ကျားကသူ့ကိုမယုံကြည်ပါက သည်ဂူတွင်ဆက်မနေတော့ဘဲ ကျားနှင့်ဝေးရာသို့ ထွက်သွားပေးမည်ဖြစ်ကြောင်းပြောသည်။

ထိုအခါသံသယရှင်းသွားသောကျားက သူတစ်ပါး၏စကားကို အရေးတယူလုပ်၍ မေးမိသော ကြောင့်သူ့မှာအပြစ်ရှိကြောင်းဝန်ခံကာ သူ့အားခွင့်လွှတ်ပါရန် ခြင်္သေ့ကိုရှိခိုးဦးချကာ တောင်းပန်လေ သည်။ ကျားနှင့်ခြင်္သေ့လည်း သူ့သဘောကိုယ့်သဘောကို ပွင့်ပွင့်လင်းလင်းပြောကြပြီးနောက် အတူ တကွစိတ်ဝမ်းမကွဲဘဲ သက်ထက်ဆုံးတိုင်နေထိုင်သွားကြသည်။

မြေခွေးကတော့သူ့အပြစ်နှင့်သူဖြစ်နေ၍ ကျားနှင့်ခြင်္သေ့၏မောင်းထုတ်ခြင်းကိုခံရသည်။ မိတ်ဆွေအချင်းချင်းကိုရန်တိုက်ပေးသောသူ့ကို ဘယ်သူကမှ မယုံကြည်မပေါင်းသင်းတော့ဘဲ အထီးကျန်တစ်ကောင်တည်းဖြင့် တစ်ဝမ်းတစ်ခါးကို ခက်ခဲပင်ပန်းစွာရှာ ဖွေစားသောက်သွားရလေ တော့သည်။

ထိုအဖြစ်အပျက်များကို အစမှအဆုံးတွေ့ရှိနေရသော ရုက္ခစိုးသည် ကျားနှင့်ခြင်္သေ့တို့၏တစ်ဦး ပေါ်တစ်ဦးထားရှိသောခင်မင်မှုနှင့်သစ္စာတရားကို သာဓုခေါ်ဆိုမိသည်။ သစ္စာမရှိဘဲ ကျေးဇူးရှင်များကို သစ္စာပျက်အောင် မဟုတ်မမှန်လုပ်ကြံစကားများနှင့် သွေးခွဲဖို့ကြိုးစားခဲ့သော မြေခွေး၏ အောက်တန်း ကျစိတ်ကိုလည်း ရှုတ်ချမိသည်။

တကယ်တော့ မိသားစုဝင်ချင်း မိတ်ဆွေအချင်းချင်း ပြဿနာဖြစ်တာဆန်းတော့မဆန်းပါ။ အတူနေကြသူချင်း ထိမိခိုက်မိလေးတွေတော့ရှိတတ်ကြတာသဘာဝပါ။ မကြာခင်မှာဘဲ ပြန်လည် အဆင်ပြေသွားကြတာများပါသည်။

သို့သော်လည်း ကြားလူဝင်၍ အချင်းချင်းအချစ်ပျက်အောင် မိတ်ပျက်အောင် နာကျည်းအောင် တမင်ရည်ရွယ်ချက်ရှိရှိနှင့်ကုန်းချောစကားပြောကာ ခလောက်ဆန်တာမျိုးကြောင့် တစ်ယောက်နှင့် တစ်ယောက်စီးပွားပျက်သည်အထိ၊ သတ်ကြဖြတ်ကြသည်အထိ၊  ရာသက်ပန်မုန်းတီးသွားကြသည် အထိဖြစ်သွားတတ်သည်ကလွန်စွာ ကြေကွဲဝမ်းနည်းစရာကောင်းလှလေသည်။

မည်သို့ပင်ဆိုစေကာမူ အချင်းချင်းချစ်ခင်ကြရပါမည်။ တစ်ယောက်နှင့်တစ်ယောက်ယုံကြည် ကြရပါမည်။ တစ်ခုခုမသင်္ကာစရာရှိလာလျှင် သံသယသတင်းစကားတစ်ခုခုကြားလာလျှင်လည်း ကိုယ်စီရင်းနှီးချစ်ခင်မှုကိုတန်ဖိုးထားကာ ယုံယုံကြည်ကြည်ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးကြလျှင် ကြီးသည့်အမှုသေး၍ သေးသည့်အမှုဆိုကွယ်ပျောက်သွားမည်ဖြစ်ပါသည်။

 ရိုက်မောင်း