【 ဆောင်းပါး 】စိတ်သွားတိုင်း ကိုယ်မပါသည့်အခါ

【 ဆောင်းပါး 】စိတ်သွားတိုင်း ကိုယ်မပါသည့်အခါ

ဒီရက်ပိုင်းက လဘက်ရည်ဆိုင်မှာ ထိုင်ဖော်ထိုင်ဖက်တို့ ပင်စင်သွားထုတ်တတ်ကြသည့်အချိန်ဖြစ်သဖြင့် လဘက်ရည်၀ိုင်းနှင့် လမ်းလျှောက်ထွက်သည့်အခါတွင် လူမစုံတတ်။ ဒါ့အပြင် ဒီရက်ပိုင်း မိုးကလည်းစိပ်သည်။ ညဘက်ဆို ၀ုန်းဒိုင်းကြဲရွာတတ်ပြီး မနက်မိုးလင်းသည့်အခါ ရွာမလို ဟန်ပြင်သည်။ ထို့သို့ ရာသီဥတုအခြေအနေ ကြောင့် အိမ်က အမျိုးသမီးက လမ်းမလျှောက်စေချင်။ ကျနော်တို့ဘက် မြို့သစ်ဖြစ်သည့်အပြင် ပျံကျများပြီး ရာဇ ဝတ်မှု ထူပြောသည့် မြို့နယ်ဖြစ်သဖြင့် လမ်းမှာတစ်ခုခုဖြစ်မှာကို စိုးသည်။ ထို့ကြောင့်မိုးတွင်းဆို ခြေခင်းလက်ခင်း သာမှ လမ်းလျှောက်ခွင့်ပါမစ်ရသည်။ နိုမိုဆို လမ်းလျှောက်ဖို့ဆိုတာ မလွယ်။

ကျနော်တို့လမ်းလျှောက်သည်က ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် အပြိုင် ရပ်ကွက်အတွင်းဘက်မှာရှိ သည့် မြေလမ်းတစ်လျှောက် လမ်းလျှောက်ခြင်းဖြစ်သည်။ ရပ်ကွက်တစ်ခုစာလောက် လမ်းလျှောက်ပြီး ရပ်ကွက်အစွန်ရှိ မှတ်တိုင်အရောက်တွင် ပြန်လည့်ကာ လမ်းထိပ်လဘက်ရည်ဆိုင်တွင် လမ်းလျှောက်ခြင်းကို အဆုံးသတ်သည်။ ထို လဘက်ရည်ဆိုင်ဘေးတွင် အရပ်စျေးရှိသည်။အရပ်စျေးဆိုသော်လည်း အတော့်ကိုစုံစုံလင်လင်ရသည်။ ထို့ကြောင့်  ထိုလဘက်ရည်ဆိုင်မှာ စျေးလဘက်ရည်ဆိုင်လို ဖြစ်ကာ လူစုံသည်။ ကျနော်က ဗာဒံပင်အောက်တွင် ခင်းထား သည့်ခုံတွင် အမြဲထိုင်လေ့ရှိသည်။ လမ်မလျှောက်ဖြစ်သည့်နေ့များတွင်ပင် လဘက်ရည်ဆိုင်တော့ ရအောင်ထိုင် သည်။ လဘက်ရည်ဆိုင်တွင် ရပ်ရေးရွာရေးကနေ ကမ္ဘာ့အရေးများထိ၊ သားရေးသမီးရေးကနေ ဘောလုံးနှင့် နှလုံး အထိ အစုံကြားရသလို ပြောဆိုဆွေးနွေးဖြစ်တာလည်း ရှိသည်။ ဆိုင်ရှင် အညာသားကိုယ်တိုင်က ဟိုစပ်စပ် ဒီစပ် စပ်ဖြစ်သဖြင့် သူ့ဆိုင်တွင် နောက်ပေါ်သည့် ၀ိုင်ဖိုင်ဖြင့် ဖွင့်ရသည့် စက်လေးနှင့် နိုင်ငံတကာ သတင်းတွေ၊ဇာတ် ကားတွေကို ပြထားသည်။သည်တော့ လဘက်ရည်ဆိုင်မှာ လူမပြတ်တော့။

ဒီမနက်တော့ လဘက်ရည်ဆိုင်မှာ လူရှင်းသည်။ ဆိုင်ရှင်ကိုယ်တိုင် စားပွဲတွေ လိုက်သုတ်နေတာ၊ နေရာ ချနေတာကိုတွေ့ရသည်။ထုံးစံအတိုင်း ဆိုင်ရောက်သည်နှင့် ထိုင်နေကျနေရာမှာ လူလွတ်သည်နှင့် ဝင်ထိုင်၊နောက် ကျဆိမ့်တစ်ခွက်ကိုမှာ၊ သတင်းစာတစ်စောင်ကို ယူပြီး ဖတ်သည်။ သတင်းစာဖတ်သည်ဆိုသည်မှာလည်း အပြင် သတင်းစာဖြစ်သဖြင့် ထူးတာလေးတွေကို ရွေးဖတ်ပြီး ပြန်ချသည်။ မျက်စိက စာတစ်ပုဒ်လောက် ဖတ်ပြီးလျှင် အ တော်လေးညောင်းသွားပြီး ခဏနားရသည်။ အသက်က ခြောက်ဆယ်ထဲဝင်လာချိန်တွင် ဇရာက ခုနှစ်ဆယ်နား ရောက်သလို ဖြစ်သည်။

ညဘက်ဆို ထိုဇရာသဘောကို သိသာထင်ရှားစွာမြင်ရသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည်မရှိ။ ချိုး ကနဲ့ ချွတ်ကနဲ့ဆို လူကနိုးပြီ။ နောက် ဟိုလူးဒီလှိမ့်။ ညဘက် စာဖတ်တတ်သည့် အကျင့်ကိုလည်း ပြင်ထားရ သည်။ မီးအားကောင်းကောင်းရသည့်အခါနှင့် လိုသည့်အခါမှသာ စာဖတ်ရန်ဖြစ်သည်။ အရင်ကတော့ ခြင်ထောင် ထဲ စာကြည့်မီးကိုထည့်ပြီးဖတ်သည်။ နောက်တော့ အမျိုးသမီးက ပြောသဖြင့် ခြင်ထောင်ထဲ စာကြည့်မီးယူပြီး ဖတ်လို့မရတော့။ အခုစာအုပ်တွေရဲ့ စာလုံးပွိုင့်တွေက အတော်ကိုသေးသဖြင့် လက်ရှိမျက်မှန်ဖြင့် ကြာကြာဖတ် ရန် မလွယ်။အတော်လေးအားစိုက်ရသည်။ ဒီတော့ စာဖတ်ခြင်းက စာလုံးတွေကြီးသည့် ယခင်စာအုပ်ဟောင်းတွေ ဆီသာ ပြန်ရောက်သွားသည်။ယခင်စာအုပ်ဟောင်းတွေဆိုတာလည်း ဘုရားစာအုပ်တွေ၊ တရားစာအုပ်တွေသာ။ ဒီတော့ စာဖတ်ခြင်းက အခုနောက်ပိုင်းအတော်ကိုနည်းသွားခဲ့သည်။

လူလတ်ပိုင်းအရွယ်၊ ကျူရှင်တွေမှာ စာသင်ခြင်းဖြင့် အသက်မွေးစဉ် ငါစာမသင်တော့သည့်အခါ စာဖတ် မည်ဆိုပြီး အားခဲထားခဲ့သည်။ တကယ် ကျူရှင်တွေနား၊ စာသင်တာတွေ နားသည့်အခါကျတော့ စာလည်းမယ် မယ် ရရမဖတ်နိုင်တော့။ ဖတ်နိုင်လောက်အောင်လည်း ကျန်းမာရေးက မကောင်း။ဒီတော့ သိလိုက်သည့်အသိက အရွယ်ရှိတုန်း၊ကျန်းမာရေးကောင်းတုန်း လုပ်သင့်တာ လုပ်ရမည်ဆိုသည့်အသိဖြစ်သည်။ ထိုအသိတရားရသည်က နောက်ကျလှသည်။ အသက် ၆၀ ထဲ ရောက်မှ ထိုအသိက ကိုယ်ဖြတ်သန်းမှုနှင့် ရင်းပြီးမှ ရတော့ နောင်တရရုံက လွဲပြီးဘာမှ မရှိတော့။

ယခင်ကစဉ်းစားထားခဲ့တာတွေရှိသည်။ လင်မယားနှစ်ယောက် ပုဂံကို သွားလည်မည်။ စစ်ကိုင်းတောင် ကို တက်မည်။ ဖြစ်နိုင်မည်ဆိုလျှင် ငွေတတ်နိုင်မည်ဆိုလျှင် ရခိုင်မြောက်ဦးဘက်က ဘုရားတွေကို သွားဖူးချင် သည်။အပြန်တွင် နာမည်ကျော် ငပလီကမ်းခြေဆိုတာကို ဝင်ကြည့်ချင်သည်။ ဒီလိုတွေးဖူးသလို တူတူမတွေ ကိုလည်း ပြောဖူးသည်။ ကျနော်စကားကို တူတူမတွေက မှတ်ထားပြီး ပြီးခဲ့သောလပိုင်းက ပုဂံကို သူတို့မိသားစု အလည်သွားစဉ် လိုက်ခဲ့ဖို့ ခေါ်သည်။ သို့သော် ကျနော်မှာမလိုက်နိုင်။ အမျိုးသမီးက ကိုဗစ်ပြန်ဖြစ်သဖြင့် ပြုစုနေရတော့ လိုက်ချင်ရဲ့ဖြင့် ငြင်းရသည်။ ဒီတော့မှ စိတ်သွားတိုင်း ကိုယ်မပါဆိုသည်မှာ ငွေအား၊လူအားအပြင် ကျန်းမာရေးနှင့် ခန္ဓာကိုယ်က လိုက်နိုင်မှုလည်း ပါဝင်ပါလားဆိုတာ သိတော့သည်။

တနေ့က စာသင်ဖော်သင်ဖက်ဆရာတစ်ယောက် ဖုန်းဆက်သည်။ လှိုင်ကမာရွတ်ဘက်က အပြင်ကျောင်း တွင် ဆရာတစ်ဦးလိုသဖြင့် လာသင်ပေးနိုင်မလားဟု ဆိုသည်။ ထိုအပြင်ကျောင်းက အတန်းကျောင်းတွေလိုမျိုး။ မနက်ပိုင်းကတည်းက စာသင်ရမှာဖြစ်ပြီး တစ်ရက်ကို ၂ ချိန်၊ တစ်ပတ် ၅ ရက်ဝင်ရမည်ဟုဆိုသည်။ ယခင်လိုဆို ကျနော်အတွက် အထူးအခွင့်အရေးဖြစ်သည်။ ယခုတော့ ကိုဗစ်ဖြစ်ပြီးကတည်းကဖြစ်နေသည့် လမ်းလျှောက်တိုင်း မောမောနေသည့် ကျန်းမာရေးကြောင့် နေထိုင်ရာ အရပ်ကနေ ထိုစာသင်သည့်နေရာသို့ သွားဖို့ရာ စိတ်သာ ရှိ သည်။လူကမတတ်နိုင်။ကိုယ်ကြောင့် အနှောင့်အယှက်ဖြစ်မှာကိုလည်း စိုးသည်။ ဒီတော့ မငြင်းချင်ဘဲ ထိုအခွင့် အရေးကို ငြင်းလိုက်ရတော့သည်။ကိုယ်ကျန်းမာရေးအခြေအနေ ကိုသာသိသည်မဟုတ်ပါလား။

ဒီနှစ်ပိုင်း ဇရာချင်းနင်းဝင်ရောက်တာက တိတ်ဆိတ်ပြီး မြန်ဆန်လွန်းလှသည်။ မနက်ဘက် မျက်နှာသစ် တိုင်း လက်နှင့်သပ်ချသည့်အခါ တင်းတင်းရင်းရင်းမရှိတော့သည့် မျက်နှာပြင်က ငယ်စိတ်ရှိနေသေးသည့် ကိုယ် ကိုယ်ကို  သတိပေးနေသလိုဖြစ်သည်။ အထိုင်အထတွေမှာ ယခင်ကလို မသွက်တော့။ တနေရာတွင် ထိုင်သည့် အခါ တိုင်း အမှီပါသည့်နေရာကိုရွေးထိုင်တတ်လာသည်။ ဟိုးတလောတုန်းက ဖတ်မိသည့် သတင်းထဲတွင် ရွာတွေ မီးရှို့နေလို့  အိမ်က အသက် ၈၀ အဖွားကိုခေါ်ထုတ်တာမရတဲ့ အဖြစ်ကို သွားသတိရမိသည်။ အသက် ၈၀ ဆို တော့ သွားရလာရတာဘယ်လောက် ဒုက္ခရောက်မလဲဆိုတာ အခုကိုယ်ချင်းစာမိသည်။ဒီတော့ သေမယ်ဆိုလည်း သေပါစေတော့ဆိုသည့် ဇရာဖိစီးသည့် ခန္ဓာကိုယ်ကြောင့် စိတ်ပိုင်းဖြတ်မှုကို ခံစားမိသည်။

ပြောရမည်ဆိုလျှင် အသက်ရလာသည်နှင့်အမျှ စိတ်သွားတိုင်းကိုယ်မပါသည့်ဖြစ်ရပ်တွေကြောင့် အရာရာ ကို လက်လျော့သည့် စိတ်တွေ ဖြစ်ဖြစ်လာသည်။ တစ်ခုခုဆို ငါ့မှ မသွားနိုင်တာ၊မလုပ်နိုင်တာဆိုသည့် အတွေးက အရင်ဝင်သည်။ ထိုစိတ်ကြောင့် မိတ်သင်္ဂဟများ၊ဆွေမျိုးများ၏ သာရေးနာရေးလည်းမရောက်ဖြစ်၊မသွားဖြစ်။ ဒီလို နှင့် မတွေ့ဖြစ် မဆုံဖြစ်တော့။သေတော့မှဘဲ သူတော့သွားပြီ ၊ငါတော့ ဘယ်နေ့လည်းမသိ ဆိုတာ ဖြစ်လာသည်။ လိုချင်တာလည်းမရှိတော့၊ သွားချင်တာလည်းမရှိတော့။

တကယ်တော့ ဒီအသက်အရွယ်ဆိုတာ ဆွေးစပြုလာသည့် အဝတ်‌စုတ်တစ်ခုပမာ။ဒါကိုဘာများ လူတွေ မက်နေကြသနည်း။ စိတ်သွားတိုင်းကိုယ်မပါသည့် ၆၀ ကျော် ၇၀ ဒီအရွယ်မှာ လူတွေ ဘာတွေဖြစ် ချင်နေ ကြသလဲဆိုတာ ကျနော် နားမလည်တော့။ 

   

မောင်ဦးလွင်