【 ဆောင်းပါး 】စိန်ခေါ်မှုတွေရှိနေဆဲ တရုတ်သို့ တင်ပို့သည့် ကဏန်းလုပ်ငန်း

【 ဆောင်းပါး 】စိန်ခေါ်မှုတွေရှိနေဆဲ  တရုတ်သို့ တင်ပို့သည့် ကဏန်းလုပ်ငန်း

ကဏန်းလုပ်ငန်းအကြောင်း ပြောရမည်ဆိုလျှင် မူဆယ်ခေတ်ဦးကိုပြေးမြင်ကြမည် ဖြစ်သည်။ မူဆယ် ခေတ်ဆိုသည်မှာ မှတ်မိသလောက် လွန်ခဲ့သည့်နှစ် (၂၀) ကျော်ဝန်းကျင်လို့အကြမ်းဖျင်းဆိုရပါမည်။ မြန်မာ့ရေထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် ကဏန်းများအား အိမ်နီးချင်းတရုတ်နိုင်ငံသို့ ကုန်သွယ်ခြင်းရဲ့ အစခရီးလည်း မည်သည်ပေါ့။

ကဏန်းအကြောင်း ခေါင်းထဲဝင်ရောက်လာသည်ကလည်း ငယ်ငယ်ကမှတ်မိနေသည့် အကြောင်းအရာ များနှင့် ယနေ့ကာလ လုပ်ငန်းအခြေအနေကိုနှိုင်းယှဉ်ကြည့်ခြင်းဖြစ်သည်။ ဆိုရလျှင် မူဆယ်ကဏန်းခေတ်ဦး (တရုတ်သို့ကဏန်းတင်ပို့ခြင်းအစ) နှင့် ယနေ့တွင်မည်သို့ကွာခြားသွားပြီလဲဟု တွေးမိခြင်းဖြစ်ပါသည်။

ကဏန်းလုပ်ငန်းနှင့်ပတ်သက်ပြီး စိတ်ထဲအမှတ်မိဆုံးစကားက သည်လုပ်ငန်းသည် အမြတ်ကြီးသလို အရှုံးကြမ်းသည့် လုပ်ငန်းဟုလည်း စိတ်ထဲစွဲနေသည်။ စာရေးသူငယ်ဘဝနေထိုင်ခဲ့သည့် ဧရာဝတီတိုင်းတွင် ဂဏန်းလုပ်ငန်းကြောင့် စီးပွားရေးတရှိန်ထိုးအဆင်ပြေသွားကြသူများရှိသလို လုပ်ငန်းဆုံးရှုံးမှုကြုံရကာ လုံးဝရပ်နားလိုက်ရသူများလည်း ရှိခဲ့တာကြောင့်ပင်။ လမ်းပန်းခရီးကြမ်းတမ်းခြင်း၊ လုပ်ငန်းအတွေ့အကြုံလိုအပ်ချက်၊ အဆက်အသွယ်စတဲ့အချက်များကြောင့် အဆင်ပြေသူများရှိသလို မပြေလည်သူများရှိခဲ့တာဖြစ်သည်။ လွန်ခဲ့သော နှစ် (၂၀) ကျော်ဝန်းကျင်က လုပ်ငန်းအကြောင်း ပြန်မေးကြည့်သောအခါ အဆင်ပြေခဲ့သူများက ကံပါပဲဟု ခပ်တိုတိုဆိုကြသည်။ဆုံးရှုံးမှုကြီးခဲ့သူများတွင်တော့ အတွေ့အကြုံများစွာဖြင့်  အချက်များစွာကို တွက်ချက်စဉ်းစားခြင်းများရှိလေသည်။

“ အဲ့ဒီအချိန်တုန်းက မူဆယ်ကိုတိုက်ရိုက်ပို့ကြတာပေါ့။အကျိုးအမြတ်က များပါတယ်။ မတွက်ခဲ့တာတွေ အများကြီးကြောင့် လုပ်ငန်းရှံးတာ။ ပြောရရင် ရယ်စရာပဲ။ အဲ့အချိန်တုန်းက ကဏန်းတစ်လုံးကို  ကျပ်နဲ့ ဆယ် ဂဏန်းပဲရှိတယ်။ အများဆုံးလေ။ အခုလို ရာဂဏန်း ထောင်ဂဏန်းမဟုတ်ဘူး။  သက်ရှိအတိုင်းဖြစ်မှ စျေးကရတဲ့ကုန်ကို အဲဒီတုန်းက စျေးကလည်းကောင်းနေတော့ လောလောနဲ့ တင်ဖို့လုပ်တော့ ရာသီဥတုနဲ့ခရီးလမ်းနဲ့ အဆင်မပြေလို့ဂဏန်းတွေသေကုန်တော့ လုပ်ငန်းရှုံးသွားတာပေါ့။ လမ်းခရီးမှာ ကားပျက်တာဘာညာနဲ့ အကြောင်းတွေရှိရင်လည်း ကုန်ကပျက်တတ်တာပေါ့။ သယ်ယူပို့ဆောင်ရေးပိုင်းမှာ လိုအပ်ချက်ပေါ့။ အဲဒီလိုမျိုး တစ်ခေါက်ဆိုမနည်းရှုံးတာပေါ့။ မြတ်ရင်လည်းများသလိုရှုံးရင်လည်းများတယ်။ အဲ့ဒီအချိန်ကတော့ ကံအပြင် ဉာဏ်နဲ့ ယှဉ်ပြီးလုပ်တဲ့သူတွေက အဆင်ပြေတာပေါ့။” ဟု အရင်တစ်ချိန်က မူဆယ်ခေတ်ဦး ကာလကို ဧရာဝတီတိုင်း ကဏန်းလုပ်ငန်းရှင်တစ်ဦးက ပြန်ပြောင်းပြောပြသည်။

ထိုခေတ်အခါက ကဏန်းလုပ်ငန်းတွင် ကဏန်းကုန်အရပေါသလို အပြိုင်အဆိုင်အလုအယက်လုပ်ကိုင်ကြသည့် လုပ်ငန်းလည်းဖြစ်သည်ဟု လည်းဆိုကြပါသည်။ပင်လယ်နှင့်ထိစပ်ရာ ဒေသအများအပြားရှိသည့် မြန်မာနိုင်ငံအတွက်တော့ ကဏန်းလုပ်ငန်းသည် ရေထွက်ကုန်ပစ္စည်းများထဲတွင် အရေးပါပြီး အကျိုးသက်ရောက်မှုများသော လုပ်ငန်းလည်းဖြစ်သည်။ ထို့ကြောင့်ပင် ပင်လယ်နှင့်ထိစပ်ရာ ဒေသများဖြစ်သည့် ရန်ကုန်၊ဧရာဝတီ၊ ရခိုင်၊မွန် တို့မှလည်းထွက်ရှိမှုများပြားကာ နိုင်ငံအတွက် သက်ရောက်မှုကြီးမားသော လုပ်ငန်းအမျိုးအစားလည်း ဖြစ်သည်။ မူဆယ်ကဏန်း ခေတ်ဦးတွင် ကဏန်းကုန်ပေါများတာကြောင့် ဒေသခံကဏန်းတပိုင်တနိုင်ရှာဖွေ ဖမ်းဆီးရောင်းချသူများ အတွက်တော့ လက်ဖျားငွေသီးကာ တစ်နေ့ဝင်ငွေထောင်ဂဏန်းရှိခဲ့ကြသည်။

“အရင်နှစ်(၂၀) ကျော်က ပိုက်ဆံထောင်ဂဏန်းရတော့ ငွေကြေးတန်ဖိုးက ကျပ်နဲ့ဆယ်ခေတ်ဆိုတော့ ကိုယ်က တစ်ထောင်၊နှစ်ထောင် ဝင်ငွေရှိတော့ ဘာမှကိုပူစရာမလိုတာ။ စားနိုင်သောက်နိုင်။ဝယ်နိုင်တဲ့ အခြေအနေ ပေါ့။” ဟု ကဏန်းရှာဖွေသူ ဧရာ၀တီဒေသခံတို့က အကြောင်း တိုက်ဆိုင်တိုင်း ပြန်ပြောပြလေ့ရှိကြသည်။

သို့ဆိုလျှင် လက်ရှိကဏန်းလုပ်ငန်းသည် မည်သို့ရှိနေမည်နည်း။

လက်ရှိတွင် ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှ ကဏန်းထွက်ကုန်များကို ရန်ကုန်မြို့သို့ပို့ ဆောင်ပြီးမှ တစ်ဆင့်သွားကြသည်။ တရုတ်နိုင်ငံသို့တင်ပို့မှုများပြားပြီး တရုတ်နှစ်သစ်ကူးနေ့၊ မေလ၊ နှစ်သစ်ကူး နေ့နှင့် တရုတ်နှစ်သစ်ကူးနေ့များတွင် စျေးနှုန်းကောင်းများ ရရှိကြသည်ဟု ဆိုသည်။ ကဏန်းအရွယ် အစားပေါ် မူတည်၍ တစ်ကီလိုလျှင် ၃၃ ဒသမ ၃၃၆ ယွမ်နှင့် ငါးရှဉ့်တစ်ကီလိုလျှင် ၃၆ ယွမ်မှ ၄၀ ကြားရှိကြောင်း ကုန်သည်များက ဆိုသည်။

သို့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့သက်ရောက်မှုကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းဆိုင်ရာ များ တွင် ထိခိုက်မှု များက စတင်လာခဲ့ချိန်တွင် ပြည်ပပို့ကုန်ဖြစ်သည့် ကဏန်းလုပ်ငန်းသည်လည်း ထိခိုက်ခဲ့ရ တော့ သည် ။ ၂ဝ၂ဝ ခုနစ် သြဂုတ်လဝန်းကျင်တွင် ကိုဗစ်-၁၉ ကြောင့် တရုတ်ပြည်သို့ ကားလမ်းမှ ကဏန်းတင်ပို့မှု အခက်အခဲ ရှိလာခဲ့ပြီး မူဆယ်လမ်းအပြင် ရန်ကုန်မှတစ်ဆင့် လေကြောင်းဖြင့် ပြည်ပတင်ပို့မှုများပြုလုပ်ခဲ့ရသည်။ နောက်ပိုင်းတွင် စရိတ်ကြီးမားမှုကြောင့် တင်ပို့မှုမရှိသလောက် နည်းပါးခဲ့သည်။ ယင်းနောက် ၂၀၂၁ ခုနှစ်မေလ ဝန်းကျင်တွင်လည်း ကိုဗစ်ကြောင့်လမ်းခရီတွင် အစစ်အဆေးနှင့် ကြန့်ကြာမှုများ ကြုံရပြီး လုပ်ငန်းထိခိုက်ခဲ့ရကြောင်း ကုန်သည်များကဆိုသည်။

“ နေပူပြင်းတဲ့အခြေအနေမှာ အစစ်အဆေးတွေနဲ့ကြာကုန်တော့ လမ်းမှာ ကဏန်းတွေက သေကုန်တယ်။ စျေးတွေကျကုန်ပြီး ကဏန်း အရောင်းအဝယ်သမားတွေရော။ဒိုင်တွေရော။အောက်ခြေက ကဏန်းရှာတဲ့လူ တွေ ရော အကုန်အဆင်မပြေဖြစ်ကုန်တယ်။” ဟု ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းဆုံးရှုံးမှုကြုံတွေ့ခဲ့ရပုံကို ရခိုင်ပြည်နယ်မှ ကဏန်းကုန်သည်တစ်ဦးက ဖြေဆိုသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget   တွင်တော့ ကဏန်း တင်ပို့မှုမရှိခဲ့သည်အထိ ရပ်ဆိုင်းခဲ့ရသည်။ COVID-19 နှင့် ခရီးသွားလာမှု ကန့်သတ်ချက်များကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၅၀၇ သန်းအထိ ကျဆင်းသွားခဲ့သည်။ သို့ရာတွင် ကပ်ရောဂါသက်ရောက်မှု နည်းပါးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မူဆယ်မှတစ်ဆင့် ရေထွက်ကုန်တင်ပို့မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁၇၀ ဒသမ ၇၃၅ သန်းရှိပြီး တန်ချိန် ၁၂၈၀၆၇ ရှိနေပြန်သည်။

ယခုနှစ် ဇွန်လ ၂၀ ရက်တွင်မူ မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်သည့် ငါးရှဉ့်နှင့် ကဏန်းများကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းများ ပြန်လည်စတင်နိုင်ခဲ့သည်။ဇွန်လ ၂၀ ရက်မှ ၂၇ ရက်အထိ ကဏန်းတန်ချိန် ၁၂၉ ဒသမ ၂၄၉ တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ သုည ဒသမ ၆၄၆ သန်း ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီး အဖွင့်စျေးများကောင်းခဲ့သည်ဟု ဆိုသည်။

ရေထွက်ကုန်ပစ္စည်းများသည် အချိန်ကာလအထားခံနိုင်မှု သတ်မှတ်ချက်များရှိရာ သယ်ယူထုတ်ပိုးမှု နှင့် နည်းပညာ လိုအပ်ချက်များရှိနေသည်။ထို့ကြောင့်ပင် ဂဏန်းပို့ကုန်အတွက် ပုံမှန်အားဖြင့် ခရီးလမ်းသာသည့် အိမ်နီး ချင်း တရုတ်နိုင်ငံသို့ တင်ပို့မှုများပြားခြင်းလည်းဖြစ်သည်။ လက်ရှိတွင် မြန်မာကုမ္ပဏီများသည် တရုတ် နိုင်ငံနှင့် တရားဝင်ချိတ်ဆက်ထားပြီး တင်ပို့နေကြတာကြောင့် လုပ်ငန်းတည်ငြိမ်မှုအပိုင်းတွင်မူ တိုးတက်မှုရှိ လာသည်။သို့ရာတွင် ဆိုခဲ့သလို ကဏန်းသည် သက်ရှိအရှင်တင်ပို့ရသည့်လုပ်ငန်းဖြစ်ခြင်းကြောင့် လမ်းခရီး နှင့်အခြေအနေများပေါ်မူတည်ကာ စိန်ခေါ်မှုကြီးမားဆဲလုပ်ငန်းဖြစ်သည်။

မိုးသား