【 ဆောင်းပါး 】ညများကို ခေတ်အလိုက် ကူးခတ်ခြင်း

【 ဆောင်းပါး 】ညများကို ခေတ်အလိုက် ကူးခတ်ခြင်း  

ညပိုင်းရောက်လည်း စိတ်က အိပ်မရ။ အတွေးတွေက ဟိုရောက် သည်ရောက်။ ဒီလိုဖြစ်သည်မှာ ကြာလေပြီ။ ပြီးခဲ့သည့် နှစ်ကတည်းက ။ ညဘက်ဆို အိပ်လည်းမအိပ်ရဲ။ ဟိုသတင်းဒီသတင်းတွေကြောင့် အိမ်မှာ တံခါးဘဲဖွင့်ထားရမလို၊ အသေဘဲ ပိတ်ထားရမလိုလို။ ညဆိုသည်မှာ ကျနော်တို့အတွက် ယခုအခါ အထိတ်တလန့် ဖြစ်ရသည့် အချိန်တွေဘဲလို့  ပြောရမည်ဖြစ်သည်။

ဒီတော့ ညဘက်ရောက်တိုင်း အတွေးတွေက ငယ်စဉ်အချိန်အခါတွေကို ပြန်ရောက်သလို မကြာသေးသည့် နှစ်တွေကိုလည်းရောက်သည်။ တစ်ခါတလေ ညဘက်လျှောက်သွားခဲ့သည့် ငယ်စဉ်လူပျိုဘ၀တွေကိုလည်း ပြန်တွေးမိသည်လည်း ရှိသည်။ သေချာသည်ကတော့ မဆုံနိုင်တော့ပြီဖြစ်သည့် ငယ်သူငယ်ချင်းများနှင့် ဆုံးသွားသော သူငယ်ချင်းများအကြောင်းက အတွေးစတိုင်း ထိပ်ဆုံးကပါလေသည်။

တကယ်တော့ ညဆိုသည်မှာ အနားယူခြင်းဟု လူတိုင်းနားလည်ထားကြသည့် သတ်မှတ်ချက်ဖြစ်သည်။ ကမ္ဘာတွင် စက်မှုတော်လှန်ရေးဖြစ်ပြီးနောက် ညဆိုသည်မှာ အနားယူသည့်အချိန်ဆိုသည်မှာ တချို့အတွက် မမှန်တော့ချေ။ ညဆိုသည်မှာ အလုပ်လုပ်ရသည့်အချိန်တစ်ခုဖြစ်လာခဲ့သည်။ထိုထဲ ကာလတစ်ခုထိ ကျနော်လည်း ဖြစ်ခဲ့ရဘူးသည်။ ထိုစဉ်က ၈၈ အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှားပါးသည့်အချိန် ဖြစ်သည်။

ထိုစဉ်က ယခု အလုံသင်္ဘောကျင်းအ၀မှာ ရှိသည့် ဘိလပ်မြေဖျော်သည့် စက်ရုံတွင် ညဘက် အလုပ်ဆင်းရသည်။ အလုပ်အကိုင်ရှားသဖြင့် ဖျော်ပြီးသား ဘိလပ်မြေများကို လာသယ်သည့် အုန်းမွှေးလုံး ကားကြီးတွေလာသည့်အခါ ရေဆေးပေးရခြင်းဖြစ်သည်။တစ်ခါတစ်ရံ ဖျော်သည့်စက်မှ သဲမကျသည့်အခါ သဲပုံးကို ခေါက်ပေးရသည့် အလုပ်ကိုလည်း လုပ်ရသေးသည်။ ညဘက် ၁နာရီ ၂ နာရီဆိုလျှင် အလုပ်ပါးပြီ။ ထိုအခါ စက်ရုံအ၀နားမှာရှိသည့် ပလက်ဖောင်းပေါ်က လက်ဘက်ရည်ဆိုင်မှာ ကျစိမ့်လေးတစ်ခွက်သောက်ပြီး စီးကရက်လေးတစ်လိပ်လောက်သောက်ပြီး ထူးအိမ်သင်သီချင်းဖြစ်ဖြစ်၊ စိုင်းထီးဆိုင် ဖြစ်ဖြစ် နားထောင်။ဒီလိုနှင့် မနက်ကျလျှင် အိမ်ပြန်။ တစ်ခါတလေ သခင်မြပန်းခြံဘက် လမ်းလေးလျှောက်။

အလုပ်ထဲမှာ သူငယ်ချင်းနှင့် တစ်ခါတလေ မော်တင်ဘက်ရောက်သည့်အခါ ရောက်၊ တစ်ခါတစ်လေ မော်တင် မြစ်ဆိပ်ထဲက လက်ဘက်ရည်ဆိုင်မှာ မနက် ၄ နာရီလောက်ထိထိုင်ကာ မရောက်သေးသည့် ကာလတွေ အတွက်ပြောကြ။ ကိုယ်ဘ၀ကိုယ်ငြီးတွားကြနှင့်။ ဒီလိုနှင့် ညတွေကို ငတ်မွတ်ခြင်း၊ စိတ်ပျက်ခြင်း၊ အဆင်မပြေခြင်းဆိုသည်တွေနှင့် ဖြတ်ခဲ့ရဖူးသည်။တစ်ခါတလေ ရန်ကုန်ညက မပြည့်စုံသည့် ညပန်းလေးများ ကျင်လည်ရာ အနီးတစ်၀ိုက် ဖြတ်သန်းမိသည့်အခါ မပြည့်စုံသည့် ဘ၀တွေကို နာကျည်းမိသည်လည်း ရှိသည်။ပြည်စုံနေသည့် သူတွေကိုလည်း အလိုလို မကျေနပ်မိသည်လည်းရှိသည်။ လုပ်ငန်းခွင်ထဲရှိ သူဌေးဆိုသူများကို ဖားနေသည် မနေသည်သူတွေကို အလိုလိုနေရင်း ကြည့်မရလည်း ဖြစ်မိသည်လည်းရှိခဲ့သည်။   

၉၅-၂၀၀၀ ခုနှစ်တွေ ဝန်းကျင်မှာတော့ ကျနော်ညက ရန်ကုန်ကိုကျော်လာခဲ့ပြီ ဖြစ်သည်။ ခေတ်ကလည်း ကျပ်သလို ချောင်သလိုနှင့် ကျနော်လည်း လူတွေနှင့်‌ အလိုက်သင့်စီးမျောတတ်လာလေပြီ ဖြစ်သည်။ တချို့သော ညများတွင် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က ဝေါဆိုသည်နယ်မြို့လေးမှာ ဆင်းကာ မိုးလင်းသည်ကို လက်ဘက်ရည်ဆိုင်ကနေ စောင့်ကြည့်တတ်နေသလို လယ်သို့ဆင်းမည့် တောင်သူတွေကြားကနေ ဖြတ်လာသည့် မနက်ခင်း လေပြေကို ပင်ပမ်းနွမ်းနယ်စွာဖြင့် ကျနော်ရှုရှိုက်တတ်နေခဲ့ပြီ ဖြစ်သည်။ သစ်တင်ကားတွေပေါ်ကနေ ညကို ဖြတ်သန်းခဲ့ရသလို တစ်ခါတရံ မြစ်ထဲက မော်တော်ဦးပေါ်ထိုင်ကာ ဘာမှ ဖြစ်မလာခဲ့သည့် ကိုယ်ဘ၀ကိုယ် ပြန်တွေးမိနေသည့် ညတွေလည်း ရှိခဲ့သည်။

ညတွေကို အလုပ်တာဝန်အရရော၊ စိတ်ခံစားမှုအရရော၊ ရပ်တည်မှုအရရော ဖြတ်သန်းခဲ့ပြီးနောက် ဘ၀ အချိုးအကွေ့အဖြစ် မရည်ရွယ်ဘဲ ကျူရှင်ဆရာဘ၀ရောက်လာခဲ့သည်။ ထိုအခါ ကျူရှင်ဆရာဘ၀၏ ညတွေက ကျောင်းသားတွေ၏ ဘ၀အမောနှင့် ဖြတ်သန်းရသည်။ မကယ်နိုင်မကူနိုင်သည့် ကလေးတွေ၏ ဘ၀ပေးအခြေအနေတွေက ကျနော့်ညတွေကို ထိခိုက်ပွန်းရှခဲ့သည်။ သေချာသည်ကတော့ ၁၉၆၂ ခုနှစ်က စမွေးဖွားခဲ့သည့်ကျနော်၏ ဘ၀ဖြတ်သန်းသည့်ညတွေမှာ အမောတွေချည်းသာဖြစ်သည်။ ဒီလိုဘ၀အမောဆိုတာ ကျနော်ချည်းသာကြုံခဲ့ရသည်မဟုတ်။ ဒီနိုင်ငံမှာနေကြသည့်လူတိုင်းလည်း ကျနော်လို အဆင်မပြေမှုတွေ ၊ နာကျင်စရာနှင့် ကြေကွဲစူးနင့်စရာ၊ တစ်သက်မပြေစရာဆူးတွေနှင့်။

ဘ၀မှာ လူပီပီသသနေလို့ ရရုံသာ ရှိသေး ယခုတစ်ဖန်ပြန်ပြီး ကျနော်တို့ပြန်ပြိုလဲရလေပြီ။ ၂၀၂၁၊ ၂၀၂၂ ဆိုသော ခုနှစ်တွေက ကျနော်သာမဟုတ်၊ အများစုအတွက် ဒဏ်ရာတွေနှင့် ပြည့်နှက်နေသည့် ခုနှစ်တွေ ဖြစ်ခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်ဒီလိုအချိန်တွင် ခင်မင်ရသည့် ရွယ်တူတန်းတူတွေ လွင့်ပါးသွားခဲ့ရသည်။ထို့ထက်စောသည့်လတွေမှာ ကျနော်ထက်အဆများစွာငယ်သည့်သူတွေ၊ ရွယ်တူတွေ၊ ကြီးသူတွေ ချစ်ရခင်ရသည့်သူတွေ ၊အားကိုးရာတွေ လောကမှ ပျောက်ကွယ်သွားခဲ့သည်။ ရက်စက်ပြီး အဆင်အခြင်မဲ့သည့် အတ္တတစ်ခုကြောင့် ကောင်းမွန်စွာတည်ဆောက်ခဲ့သည့် အနေအထားတစ်ခုက တစ်ခဏတွင်း ပြိုကျသွားခဲ့သည်။ ဘာမှ အကောင်းမကျန်တော့။

အရာရာက ယခင်ကလို ..။

အိုမင်းဟောင်းနွမ်းစုတ်ပြတ်စွာ။

သို့သော် ကျနော်တို့အသက်ကား ယခင်ကလို ဆယ်လေးငါးနှစ်အရွယ်မဟုတ်။ လေးငါးခြောက်ဆယ်။ လိုင်းကားခက ယခင်လို ငါးပြားဆယ်ပြားခေတ်မဟုတ်၊ ငါးရာတစ်ထောင်ခေတ်။

ကျနော်တို့ ညတွေသည် ယခုအခါ အလွန်အကျဉ်းတန်နေပြီ ဖြစ်သည်။ ညက ညနှင့်တူစွာမှောင်မိုက် နေ သည်။ နီကျင့်ကျင့်မီးတိုင်အောက် လမ်းပေါ်မှာ စားကြွင်းစားကျန်ကိုရှာနေသည့် မြေကြွက်နှင့် ခွေးတွေက လွန်ခဲ့သည့် နှစ်များစွာက အတိုင်း အထင်းသား ။ မြို့ထဲ ပလက်ဖောင်းပေါ် မှာလည်း   အခြေအနေမဲ့များစွာ အိပ်စက်လို့ ။ယခင်ကအတိုင်း။

ညက ပိုပြီး အသက်ရှုကျပ်လာပြီဆိုသည်မှာ ငြင်းမရသော အမှန်တရားဖြစ်သည်။ အိပ်ယာထဲကနေ ဘယ်လိုနည်းနဲ့ ဆွဲထုတ်ခံရမလဲဆိုသည့် စိတ်နှင့် ညတွေကို ဖြတ်ရသည့်အခါ ယခင်ကလို ပလက်ဖောင်းပေါ်က လက်ဘက်ရည်ဆိုင်မှာ ကျစိမ့်လေးသောက်ပြီး  ဆေးလိပ်လေးဖွာခဲ့ရသည့် ညတွေကို ပြန်ပြန်တွေးမိသည်။ ညဘက် ခွေးတွေ ဟောင်သည့်ညအခါတိုင်း မငြိမ်သည့်ရင်ကို ဖိပြီး ဆေးလိပ်ထထဖွာရသည့်အခါ ဖြတ်သန်းခဲ့ရသည့် ည တွေကို မသက်မသာပြန်တွေးမိသည်။

ဪ….ဘ၀ဆိုတာ ညဆိုလျှင် ကျနော်တို့ အလျားလိုက်ဖြတ်သန်းခဲ့ရသည့်ခေတ်များ၏ ညတွေက မှောင်မိုက်လွန်းလှချေသည်။ 

                                          မောင်ဦးလွင်