【 ဆောင်းပါး 】တစ်သျှူးငှက်ပျော စီးပွားရေး

【 ဆောင်းပါး 】တစ်သျှူးငှက်ပျော စီးပွားရေး 

အကျိုးအမြတ်အားဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာသန်းနှင့်ချီ ရရှိနေသည့်အပြင် တရုတ်စီးပွားရေးလုပ် ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံဝယ်လိုအားကြောင့် အမြစ်တွယ်ကြီးထွားလာနေသည့် တစ်သျှူးငှက်ပျော စိုက်ပျိုးရေး သည် ကချင် ပြည်နယ်အတွင်း စိုက်ဧက ၆၀၀၀၀ အထက်တွင် ရှိနေသည်။

“ တရုတ်ရဲ့ ဝယ်လိုအားပေါ်မူတည်ပြီး စီးပွားဖြစ်တာပေါ့။ ပြီးခဲ့တဲ့ နှစ်တွေကတော့ ကိုဗစ်ကြောင့်နယ်စပ် ဂိတ် အဝင်အထွက်ကန့်သတ်မှုတွေကြောင့်သာ ပျက်စီးမှုများခဲ့တာ။ သူ့အရင် ဟိုအရင်နှစ်ပိုင်းတွေကတော့ ဝင်ငွေ တော်တော်ကောင်းတဲ့ သီးနှံဖြစ်ခဲ့တာပါ။”ဟု ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း  စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသူ အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် တစ်သျှူးငှက်ပျောကို လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က ကချင်ပြည်နယ်အတွင်း “ဘိန်းအစား ထိုး သီးနှံ”အဖြစ် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးစတွင် ယခုကဲ့သို့ တွင်ကျယ်မှုမရှိသေးသော်လည်း နောက် ပိုင်းနှစ်များတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၏ အကူအညီများဖြင့် စိုက်ပျိုးမှု၊ တရုတ်စျေး ကွက်ဝယ်လိုအား ခိုင်မာမှုများကြောင့် လုပ်ငန်းတွင်ကျယ်ကြီးထွားလာခဲ့သည်။

မြစ်ကြီးနား တစ်ဖက်ကမ်း ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူမြို့နယ်တို့တွင် အဓိက စိုက်ကြ သည်။ လက်ရှိတွင် ဝင်ငွေကောင်းသီးနှံဖြစ်သည့်အပြင် ထိန်းသိမ်း စိုက်ပျိုးမှုလွယ်ကူခြင်း၊ အထွက်နှုန်းကောင်း ခြင်း၊ စျေးကွက်ဝင်ခြင်းကြောင့် အခြားတိုင်းနှင့် ပြည်နယ်ရှိ နေရာဒေသများ၌ပါ “မြေစမ်း၊ ခရမ်းပျိုး”အခြေအနေမှ စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ တစ်သျှူးငှက်ပျောစိုက်ပျိုးမှုမှာ ငှက်ပျောစိုက်တောင်သူများအတွက် ရလဒ် ကောင်း များစွာရှိနေသည့်အတွက် ထိုသို့ တနိုင်တပိုင်မှသည် စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြခြင်း လည်း ဖြစ်သည်။

“ တစ်သျှူးငှက်ပျောက သီးမွှေးထက်လည်း အရွယ်ကြီးတယ်။ အရည်အသွေးကောင်းတယ်ပေါ့။ ဒါပေမယ့် မြေဆီ ထိခိုက်မှုနည်းအောင်တော့ ထိန်းထိန်းသိမ်းသိမ်းစိုက်ရတယ်။ အသီးထွက်ရင်လည်း အရွယ်တူ၊ ဆိုဒ်တူရတော့ ဝယ်သူကြိုက်ပြီး စျေးကောင်းရတယ်။  ကချင်မှာ အဓိကစိုက်တာပေါ့။ အဲ့က နည်းလမ်းကြည့်ပြီး စစိုက်တာ။ ၆ နှစ်လောက်ပဲရှိသေးတယ်။ အခုတိုးချဲ့စိုက်ထားတယ်။”ဟု ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းမှ ငှက်ပျောစိုက် တောင်သူ  ဦး‌မင်းခန့်ကျော်က ပြောသည်။

တစ်သျှူးငှက်ပျောဆိုသည်မှာ အပင်တစ်သျှူးမျိုးပွားနည်းဖြင့် စိုက်ပျိုးခြင်းဖြစ်သည်။ ထိုသို့ မျိုးပွားစိုက်ပျိုးခြင်း ကြောင့် ငှက်ပျောပင်၏ မူလမျိုးရိုးဗီဇလက္ခဏာများ ပြောင်းလဲခြင်း၊ အရည်အသွေးကျဆင်းခြင်း မရှိသည့်အပြင် ပိုးမွှားကင်းစင် အရည်အသွေးကောင်းသည့်  ငှက်ပျောခိုင်များထွက်ရှိခြင်း၊ အထွက်နှုန်းကောင်းခြင်း၊ သာမန် ငှက်ပျောထက် ငှက်ပျောခိုင်စောထွက်ခြင်း၊ တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ခြင်းအပြင် စျေးကွက်လိုအပ်ချက်မြင့်မား သည့် အချိန်နှင့် ချိန်ညှိစိုက်နိုင်ခြင်း၊ အပင်ခုတ်ပြီး သားဆက် ၂ ဆက်အထိ အထွက်နှုန်း အရည်အသွေးမလျော့ သည့်အပြင် အပင်ကြီးထွားနှုန်းနှင့် အခိုင်၊ အသီး ညီညာခြင်း၊ အပင် ၉၅ ရာခိုင်နှုန်းအထက် အခိုင်ထွက်နိုင်ခြင်း စသည့်အချက်များက ငှက်ပျောစိုက်တောင်သူများကို ဆွဲဆောင်ထားနိုင်သည်။

ထိုသို့ အထွက်နှုန်းကောင်း၊ အရည်အသွေးသည့်အတွက်လည်း တစ်သျှူးငှက်ပျောကို အာရှတိုက်အတွင်း မြန်မာ၊ အိန္ဒိယ၊ လာအို စသည့် နိုင်ငံများအပြင် အမေရိကတိုက်အလယ်ပိုင်း၊ အာဖရိကတိုက်၊ ဥရောပအနောက်ပိုင်းရှိ နိုင်ငံများတွင်လည်း တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးလာနေသည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်အတွင်း ၌သာ အဓိကထားစိုက်သည်။ ထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို ကန်ပိုက်တည်နယ်စပ်ကုန်သွယ် ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့နေပြီး လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှလည်း တင်ပို့နေသည်။

တရုတ်သို့ တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၈၈၇၅၆၊ တန်ဖိုး ဒေါ်လာ ၂၇ ဒသမ ၈၃၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၉၀၁၂၆၊ တန်ဖိုး ဒေါ်လာ ၅၉ ဒသမ ၈၆၃ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၈၆၇၇၇၊ တန်ဖိုး ဒေါ်လာ ၈၅ ဒသမ ၄၃၃ သန်း၊ ၂၀၁၈ ခုနှစ် Mini Budget တွင် တန်ချိန် ၂၄၄၁၉၆၊ ဒေါ်လာ ၇၃ ဒသမ ၄၄၂ သန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၃၇၅၀၆၊ တန်ဖိုးဒေါ်လာ ၂၈၉ ဒသမ ၂၂၃ သန်း တင်ပို့ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စာရင်းများ၌ ဖော်ပြထားသည်။ ထို့ပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်များတွင် ကုမ္ပဏီ ၃၆ ခုမှ ကြိုတင် ဝင်ငွေခွန် ကျပ်သန်း ၁၀၅၆၂ ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်တွင် ကချင်ပြည်နယ်အခြေစိုက် ကုမ္ပဏီ ၃၂ ခုကို တရုတ်သို့ တစ်သျှူးငှက်ပျော တရားဝင်တင်ပို့ခွင့်အတွက် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ကူးစက်ရောဂါ ပိုးမွှားစစ်ဆေးရေးဌာန (GACC) မှ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး အပင်/ တိရစ္ဆာန် ကျန်းမာရေး ဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူညီချက် (SPS) လက်မှတ်ရေးထိုးခဲ့သည်။ ထိုအခြေအနေများသည် မြန်မာငှက်ပျောစိုက်တောင်သူများအတွက် တစ်သျှူးငှက်ပျော စီးပွားဖြစ်စိုက်ပျိုးလာရန် တွန်းအားဖြစ်မည်လား၊ အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်မည်လား၊  သို့မဟုတ် မည်သို့ အခြေအနေဖြစ်လာနိုင်သနည်း။ ထိုအခြေ အနေကို စောင့်ကြည့်ရမည်သာဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်းချီ ရရှိခဲ့သည့်အပြင် တောင်သူများနှင့် အထွေထွေလုပ်သားများအတွက် ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရှိနေသည့် တစ်သျှူးငှက်ပျော စိုက်ပျိုးမှု၏ နောက်ကွယ်တွင် ကောင်း ခြင်းများ ရှိသကဲ့သို့ စိန်ခေါ်မှုတချို့လည်း ရှိနေသည်။ ထိုအခြေအနေမှာ မြေယာပြဿနာနှင့်  သဘာဝ ပတ်ဝန်း ကျင် ထိခိုက်မှုပြဿနာများဖြစ်ပြီး ဒေသခံများ၏ ကန့်ကွက်မှုများနှင့် အငြင်းပွားမှုများလည်း ရှိခဲ့ဖူးသည်။ နောက် တစ်ချက်မှာ စျေးကွက်ဖြစ်သည်။  ပြီးခဲ့သည့် ၂ နှစ်တာကာလက ကပ်ရောဂါကိုဗစ်ကြောင့် ငှက်ပျော စိုက်တောင် သူများအတွက် စိန်ခေါ်မှုကြီးမားခဲ့သည့် နှစ်များဖြစ်ခဲ့သည်။

“ မြေယာနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုကိုတော့ ဥပဒေတွေနဲ့ ကန့်သတ်ထိန်းချုပ်ထားတော့ စိုက်ပျိုးတဲ့နေရာမှာ အခက်အခဲတွေတော့ ရှိတာပေါ့လေ။ ဥပဒေဘောင်အတွင်းက စိုက်နေကြတာပါပဲ။ ထိန်းသိမ်း ဖြေရှင်း နေတာ ပေါ့လေ။ နောက်ပြဿနာတစ်ခုက ဒီကထွက်သမျှ တစ်သျှူးငှက်ပျောရဲ့ အဓိက ဝယ်လက်က တရုတ်ပဲ။ ပြီးခဲ့တဲ့ နှစ်တွေက ကိုဗစ်ကြောင့်  နယ်စပ်ဂိတ်တွေ ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်တော့ ငှက်ပျောတွေ အမှည့်လွန် ပျက်စီး ကုန်ပြီး မတင်ပို့ရဘူး။ ပျက်စီးဆုံးရှုံးမှုကြီးတယ်။ ဒါကြောင့် စိုက်ပျိုးဖို့ လက်တွန့်တာမျိုးတွေ ဖြစ်ကုန်တာပေါ့။”ဟု ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း  တစ်သျှူးငှက်ပျောစိုက် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သို့သော် လက်ရှိတွင် အခြေအနေကောင်းများ  တကျော့ပြန်ရောက်လာပြီဖြစ်သည့်အတွက် တစ်သျှူးငှက်ပျော စိုက်ပျိုးမှု ထပ်မံ ကြီးထွားဦးမော့လာစေရန် ဒေသခံစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံထားသူများက   စိုက်ခင်းများကိုပြင်ဆင်နေပြီဟု  အဆိုပါလုပ်ငန်းရှင်က ယခုကဲ့သို့ ဆက်ပြောသည်။

 “အခုလက်ရှိကတော့ တရုတ်အစိုးရဘက်က နယ်စပ်ပေါက်တွေ အကုန်နီးပါး ဖြေလျှော့ပေးထားပြီဆိုတော့ ငှက်ပျောခင်းတွေ ပြန်ပြင်ဆင်နေပါပြီ။ လာမယ့် အခြေအနေကို ခန့်မှန်းလို့တော့ မရသေးဘူးပေါ့လေ။ ရုန်းကန်ရမှာပေါ့ ။ နိုင်ငံရေး အခြေအနေကလည်း ရှိနေတော့လေ။ ရုန်းမယ်ဆိုရင်လည်း ကျွန်တော်တို့ချည်းပဲမရဘူး။ တရုတ်လုပ်ငန်းရှင်တွေပေါ်မှာလည်း မူတည်နေတယ်။”ဟု ပြောသည်။

ဘုန်းမြတ်(အုန်းတောမြေ)