【 ဆောင်းပါး 】တန်ရာတန်ရာပဲကောင်းတယ်

【 ဆောင်းပါး 】တန်ရာတန်ရာပဲကောင်းတယ်   

တချို့လူတွေက သူတို့ကိုယ်သူတို့ မှန်လားမှားလားမသိ သူတို့မှာတကယ်အရည်အချင်းရှိလား မရှိလား မသိဘဲ ကြွားဝါတတ်ကြသည်။ ဘဝင်တစ်လုံးနှင့်ထင်ရာစွတ်ပြော ထင်ရာစွတ်လုပ်ချင်ကြသည်။ သူတို့နှင့်မတန်မရာတွေ စိတ်ကူးယဉ်တတ်ကြသည်။ ကိုယ်တိုင်က ဘာအရည်အချင်းမှ မရှိဘဲ ရှိအောင်လည်း မကြိုးစားဘဲ တခြားလူကို ပုခုံးချင်းယှဉ်ချင်ကြသည်။ သူများထက်သာချင်ကြသည်။ လူတကာကို သူတို့ထက်နိမ့်သူတွေလို့ ထင်တတ်ကြသည်။ သူတို့ထက် အစစအရာရာ သိသိသာသာ မြင့်မားနေသူကိုပင် သူတို့လောက်အသုံးမကျသူလို့ တစ်ဖက်သတ်ထင်နေကြသည်။

ထိုသူတွေကတော့ ဖားတုလို့ခရုခုန် အိုင်ပျက်ရုံပဲရှိမည့်သူမျိုး ဒေါင်းယောင်ဆောင်သောကျီးမျိုး ဘုရားကို မတန်မရာပုခုံးချင်းယှဉ်ကာ တစ်ဖက်သတ်ဘဝင်မြင့်ရန်လိုနေတတ်သော ဒေဝဒတ်လိုလူမျိုး သာဖြစ်သည်။

သူတို့သည် ဖြစ်သင့်မဖြစ်သင့် ဖြစ်နိုင်မဖြစ်နိုင်ကို ချင့်ချိန်တွေးတောစိတ်မရှိဘဲ သူတို့ဖြစ်ချင် စိတ်တစ်ခုတည်းကိုသာ စဉ်းစားလုပ်ဆောင်တတ်ကြသည်။ သူတို့အကြောင်းလည်းသူတို့မသိ သူများအတွက်စဉ်းစား ပေးတတ်သည့် စာနာစိတ်လည်းမရှိဘဲ သူတို့ပြောချင်တာပြောပြီး လုပ်ချင်တာလုပ်သူ များဖြစ်သည်။

ဘုရားရှင်ပွင့်တော်မူနေစဉ်အတွင်း ဘုရားရှင်၏ရဟန်းများထဲတွင် တန်ရာတန်ရာမတွေးဘဲ ပြောချင်တာပြော လုပ်ချင်တာလုပ်သော ရဟန်းအိုတစ်ပါးရှိခဲ့ဖူးပါသည်။

တစ်ခါသော် ဘုရားရှင်က တပည့်ရဟန်းများနှင့်ဒါယကာ ဒါယိကာမအပေါင်းကိုတရားဟောပြီးနောက် ပြန်ကြွသွားသည်။ ရှင်မဟာမောဂ္ဂလန်နှင့်တကွ ကျန်ရှိသောရဟန်းရှင်လူတို့က ဘုရားရှင်မှလွဲလျှင် ပညာအရှိဆုံးဖြစ်သော ရှင်သာရိပုတ္တရာထံ၌ မရှင်းသည့်တရားများကို မေးလျှောက်ကြ၏။ ရှင်သာရိပုတ္တရာလည်း မေးသမျှမေးခွန်းများကို မှန်ကန်ရှင်းလင်းစွာ ဖြေကြားပေးသည်။

ရဟန်းအိုတစ်ပါးသည် ရှင်သာရိပုတ္တရာကို ကြည့်ပြီးသူလည်း ရှင်သာရိပုတ္တရာကဲ့သို့ တရားဟောနိုင်သည်ဟု စိတ်အထင်နှင့်ဘဝင်မြင့်မိသည်။ သူကရုတ်တရက် ရဟန်းတို့အလယ်သို့ဝင်ကာ ရှင်သာရိပုတ္တရာကို သူမေးခွန်း မေးမည့်အကြောင်း မှန်မှန်ကန်ကန်နှင့်သဘာဝကျကျဖြေနိုင်ဖို့လို ကြောင်းပြောသည်။ ရှင်သာရိပုတ္တရာက ရဟန်းအိုသည်ပညာမရှိဘဲ သက်သက်လောဘတက်နေတာ ဖြစ်ကြောင်းသိ၍ ဘာမှပြန်မပြောဘဲ ရှောင်ထွက်လာခဲ့သည်။ ဒါကိုအမှန်မမြင်နိုင်သော ရဟန်းအိုက ရှင်သာရိပုတ္တရာသည် သူ့မေးခွန်းကိုကြောက်လို့ ရှောင်ပြေးသည်ဟု မာန်တဝင့်ဝင့်လုပ် နေလေသည်။

ဒါယကာတချို့သည် သူတို့ ရှင်သာရိပုတ္တရာအား တရားအကြောင်းမေးသည်ကို အနှောင့်အယှက်ပေးသည်ဟုဆိုကာ ရဟန်းအိုကိုဝိုင်းလိုက်ကြသည်။ ရဟန်းအိုလည်းထွက်ပြေးရင်း ကျောင်း အစွန်ရှိအခင်းပျဉ်ချပ် ကျိုးနေသော မစင်တွင်းသို့ပြုတ်ကျသွားပြီး တစ်ကိုယ်လုံးမစင်တွေပေကျံကုန် လေသည်။ အားလုံးကပျို့အန်ပြီးသူ့ အနား သို့ဘယ်သူမှ မကပ်တော့ပေ။ ထိုအကြောင်းကို ဘုရားရှင် သိသောအခါ ရဟန်းအိုသည်ယခုမှသာ မတန်မရာ လုပ်လို့မစင်လူးသည်မဟုတ်ဘဲ ဝက်ဖြစ်သောဘဝ တစ်ခုတွင်လည်း ခုလိုဖြစ်ဖူးကြောင်းပြောသည်။

ဟိမဝန္တာတောမှာ ဘုရားလောင်းခြင်္သေ့မင်းသည် ဂူတစ်ခုအတွင်း၌နေ၏။ ထိုဂူနှင့်မနီးမဝေးတွင် ရေအိုင် တစ်ခုရှိ၏။ ထိုရေအိုင်အနီး၌ ဝက်များနေသည်။ ထိုရေအိုင်အနီးဝက်များနှင့်တစ်ဖက်တစ်ချက်ရှိ သစ်ရွက်မိုး ကျောင်းသင်္ခန်းမှာ ရသေ့များနေသည်။

တစ်နေ့တွင် ခြင်္သေ့မင်းသည် ဆင်တစ်ကောင်ကိုသတ်၍ အလိုရှိတိုင်းစားသောက်ပြီးနောက် ရေအိုင်မှာရေလာသောက်သည်။ ရေသောက်ပြီးကုန်းပေါ်သို့ပြန်တက်လာသည်။ ထိုအချိန်မှာပင် ဆူဆူဖြိုးဖြိုးဝက်တစ်ကောင်သည်လည်း အစာစားပြီး၍ ရေအိုင်မှာရေလာသောက်သည်။ ခြင်္သေ့က ထိုဝက်ကိုမြင်သောအခါ စားချင်စဖွယ် ဝတုတ်နေ၍ တစ်နေ့နေ့သူ့အတွက်စားစရာရပြီဟုတွေးမိသည်။ သို့သော်လည်း ဝက်ဝတုတ်က သူ့ကိုမျက်နှာချင်း ဆိုင်မြင်လျှင် ကြောက်လန့်ပြီး နောက်တစ်ခါမလာတော့မှာစိုး၍ မျက်နှာချင်းမဆိုင်ဘဲ တစ်ဖက်လမ်းလွဲဖြင့် ဝက်ဝတုတ်ကို ရှောင်ထွက်သွားသည်။

ဝက်ဝတုတ်ကတော့ ခြင်္သေ့သည်သူ့ကိုမြင်တာနှင့် ကြောက်ရွံ့ထိတ်လန့်ပြီး သူ့ကိုမျက်နှာချင်း မဆိုင်ရဲသောကြောင့် ကြောက်ကြောက်နှင့် တစ်ဖက်လမ်းမှလွှဲထွက်ဖို့ကြံသည်လို့ တွေးပြီး သူ့ကိုယ်သူ အတော်ဘဝင် မြင့်သွားမိ၏။ သူ့ကိုကြောက်သွားသောခြင်္သေ့ကို စိန်ခေါ်ပြီး စစ်ထိုးကာ သူ့ဆွေမျိုး ဝက်တို့၏အလယ်တွင် သူရဲကောင်း အဖြစ်ရပ်တည်မည်ကြံ၏။ ထို့ကြောင့်ခြင်္သေ့ကိုလှမ်းခေါ်လိုက်၏။  သူလည်း ခြေလေးချောင်း ကိုယ်လည်း ခြေလေးချောင်းရှိပါလျက်နှင့် အဘယ်ကြောင့်ကြောက်လန့်ပြီး ထွက်ပြေးရသနည်း။ ယောင်္ကျားကောင်းမှန်လျှင် သတ္တရှိရမှာပေါ့ ပြန်လာခဲ့လို့ခေါ်သည်။ ထို့နောက် ခေါင်းကိုမော့ ရင်ကိုကော့ကာ နှစ်ဦးသဘောတူစစ်ထိုးကြမည် ဟု သူကစ၍ စိန်ခေါ်လိုက်သည်။

ခြင်္သေ့က ယနေ့မထိုးပါရစေနဲ့ဦးဟု ပြန်ပြောသည်။ တကယ်တော့ခြင်္သေ့က ဘိုက်ပြည့်နေ၍ တမင်ပြောလိုက်ခြင်းဖြစ်သည်။ ဒါကိုပင် ဝက်ဝတုတ်က အကြီးအကျယ်မာန်တက်သွားသည်။ မထိုးလို့ မဖြစ်ကြောင်းပြောသည်။ ထိုအခါခြင်္သေ့က နောက်ခုနစ်ရက်ကြာလျှင် ဒီနေရာမှာစစ်ထိုးကြမည်ဟုပြောသည်။ ဝက်ဝတုတ်လည်း သူ့ကိုအကြောက်ကြီးကြောက်နေသောခြင်္သေ့ကို သူ့အမျိုးများကြားမှာ ကောင်းကောင်းအနိုင် ယူပြနိုင်တော့မည်တွေးကာ အပျော်ကြီးပျော်သွားလေသည်။

ကိုယ့်အကြောင်းကိုယ်မသိဘဲ အမျိုးတွေကြားမှာလည်း ခြင်္သေ့နှင့်စစ်ထိုးမည့်အကြောင်း လိုက်ကြွားနေလေသည်။ ပထမတော့သူ့အမျိုးများက သက်သက်ကြွားနေတာထင်ပြီး နားငြီးငြီးနှင့်နားထောင်နေကြသော်လည်း တကယ်စိန်ခေါ်ခဲ့မှန်းသိသွားသောအခါ သူတင်မကဘဲ မိမိတို့အသက်တွေကိုပါ စိုးရိမ်ရသည်ဖြစ်၍ ခြင်္သေ့၏စွမ်းအားကြီးပုံ ဆင်တွေကျားတွေကိုတောင် အသာလေးသတ်စားနိုင်သည့်အကြောင်း ဝိုင်းပြောကြသည်။ ထိုအခါ ဝက်သည်အတော်ထိတ်လန့်သွားသည်။ သူ့ကိုယ်သူ ထင်တစ်လုံးနှင့်ဘဝင်မြင့်နေသော်လည်း တကယ်သေတော့ မည်မှန်းသိသောအခါ နေစရာမရှိအောင် ကြောက်ရွံ့သွားတော့သည်။

ထိုအခါ အမျိုးများကသူ့ကိုအကြံပေးကြသည်။ ရသေ့တို့မစင်စွန့်သော တွင်းထဲတွင်တစ်ကိုယ်လုံးနှစ်၍ စိမ်ထားပြီးမှ နေပူခံအခြောက်လှန်းရန် ထိုသို့ခုနစ်ရက်တိတိလုပ်ပြီး ခုနစ်ရက်နေ့၌ ကိုယ်ကို ဆီးနှင်းပေါက် တို့ဖြင့်စိုစွတ်စေ၍ ခြင်္သေ့လာလျှင် ခြင်္သေ့၏လေညာအရပ်မှနေရန် လေတိုက်သောအခါ ခြင်္သေ့မခံနိုင်ဖြစ်လိမ့်မည်ဟုအကြံပေးကြသည်။ ဝက်ဝတုတ်လည်း အမျိုးတွေအကြံပေးသည့်အတိုင်း လိုက်လုပ်သည်။

ခြင်္သေ့ရောက်လာသောအခါ လေအသင့်ဝယ်ရရှိသော ဝက်ဝတုတ်၏မစင်နံ့ကို မခံနိုင်တော့သဖြင့် မစင်လူးထားသောသင့်အကြံသည် ကောင်းလှပေသည်။ သင့်ကိုစားဖို့နေနေသာသာ ထိဖို့နေနေ သာသာ အနားပင် မကပ်ချင်တော့ကြောင်း မစင်သာမပေလျှင် ခုလောက်ရှိ သေပေရော့မည်ပြောကာ အရှုံးပေးပြီးထွက်သွားသည်။ တန်ရာတန်ရာမလုပ်ဘဲ သူများအထင်ကြီးခံချင်လှသော ဝက်ဝတုတ် တစ်ကောင်တော့ အရှက်ရကာ တစ်လောကလုံး၏ အထင်သေးခြင်း ခံသွားရလေတော့သည်။

ပစ္စည်းတစ်ခု အလုပ်တစ်ခု လူတစ်ယောက်၏တန်ဖိုးကို အသေအချာမစဉ်းစားဘဲ အလွယ်တကူဆုံးဖြတ်တတ်သည့်သူသည် အတွေးအခေါ် အသိပညာလွန်စွာနိမ့်ကျသူမျိုးဖြစ်သည်။ တကယ်ဆို ကိုယ်ယှဉ်ပြိုင်လိုသည့် သူတစ်ယောက်၏အရည်အချင်းကို မှန်မှန်ကန်ကန်သုံးသပ်တတ်ရမည်ဖြစ်သည်။ ဖြစ်နိုင်လျှင် ထိုသူကိုစံပြအဖြစ် ထားရှိပြီး ကိုယ့်လိုအပ်ချက်များကို ဖြည့်ရမည်။ တစ်စတစ်စတိုးတက်အောင်ကြိုးစားရမည်ဖြစ်သည်။

သို့သော်လည်း ယှဉ်ပြိုင်လိုသည့်သူတချို့သည် အရည်အချင်းမှန်ကို မကြည့်တော့ဘဲ အရေအတွက်ကိုသာ ဦးစားပေးလုပ်ဆောင်ကြလေသည်။ ထိုကဲ့သို့မူမမှန်သော ပြိုင်ဆိုင်စိတ်ရှိသူများ၏ အဓိကအားနည်းချက်က ကိုယ့်ကိုယ်ကိုယ်အထင်ကြီးစိတ်ရှိခြင်း အခြားသူများကိုအထင်သေးတတ်ခြင်း အထူးသဖြင့်သူတို့ရင်ထဲမှာ မနာလို ဝန်တိုစိတ်ရှိနေခြင်းတို့ကြောင့်ဖြစ်သည်။ ထိုစိတ်မျိုးရှိနေသည့်သူသည် ဘယ်တော့မှ မှန်ကန်သော တရားမျှတသော အကြောင်းအကျိုးဆင်ခြင်သောသူ မဖြစ်နိုင်ပါ။ တစ်ယူသန်စိတ်နှင့်သူလုပ်ချင်တာသူလုပ်ပါလိမ့်မည်။

လောကမှာ ကိုယ့်အကြောင်းကိုယ်မသိသူ ကိုယ့်အပြစ်ကိုယ်မရှာတတ်သူသည် ကြာလေအမှန်တရားနှင့်ဝေးလေဖြစ်လာပါသည်။ သူကတော့ သူဖြစ်ချင်တာမှန်သမျှ သူနှင့်ထိုက်တန်သည်ဟုသာအမြဲစဉ်းစား နေပါ လိမ့်မည်။ သို့သော်လည်း လောကကြီးကတော့ သူ့ကိုတန်ရာတန်ရာမလုပ်သူ အဖြစ်သတ်မှတ်ပါလိမ့်မည်။

                                 ရိုက်မောင်း