【 ဆောင်းပါး 】တရားသိပေမဲ့ တရားမရှိသူများ နဲ့ တရားမသိပေမဲ့ တရားရှိသူများ

【 ဆောင်းပါး 】တရားသိပေမဲ့ တရားမရှိသူများ နဲ့ တရားမသိပေမဲ့ တရားရှိသူများ

“ မြန်မာတွေက တရားသိတယ်။ ဒါပေမဲ့ တရားမရှိဘူး”၊ “ ဂျပန်တွေက တရားမသိဘူး၊ ဒါပေမဲ့ တရားရှိတယ်” လို့ -ဂျပန်ရောက်နေတဲ့ မြန်မာတစ်ယောက်က ဆရာတော်ဒေါက်တာ ဓမ္မပီယကို လျှောက်တယ်တဲ့။ ဆရာတော် ပြန်မိန့်ကြားခဲ့တဲ့ ဂျပန်ရောက် မြန်မာတစ်ယောက်ရဲ့အဲဒီမှတ်ချက်ကို  အကြောင်းတိုက်ဆိုင်တိုင်း ပြန်သတိ ရမိပါတယ်။

ဆရာတော်က ဗုဒ္ဓဘာသာကို တစ်ကမ္ဘာလုံး ပျံ့နှံ့စေချင်တဲ့ ဆန္ဒ အလွန်ကြီးမားသူပါ။ အကြောင်းသင့်ရင် သင့်သလို နိုင်ငံရပ်ခြားတွေကို ကြွပြီး တရားဟောလေ့၊ တရားစခန်းဖွင့်လေ့ရှိပါတယ်။ ဆရာတော်က သူ ဂျပန် ကြွ သွားတော့ တရားပွဲကိုလာတဲ့ မြန်မာတွေနဲ့ စကားစမြီပြောကြချိန်မှာ ဂျပန်ရောက်နေတဲ့ မြန်မာတစ်ယောက်က အဲဒီလိုပြောတာလို့ ပြန်ပြောပြပါတယ်။ မြန်မာအားလုံး တရားမရှိကြတာမဟုတ်ပေမဲ့၊ အများစုက တရားသိပေမဲ့ လက်တွေ့ကျင့်ကြံလိုက်နာမှု အားနည်းကြတော့ တရားမရှိဘူးလို့ မှတ်ချက်ချတာကို အဆိုးမဆိုသာပါဘူး။

စာရေးသူက ဂျပန်မရောက်ဖူးပါ။ ဒါပေမဲ့ ဂျပန်အကြောင်း စာတွေအများကြီးဖတ်ထားတာရယ်၊ မြန်မာ ပြည်ကိုလာတဲ့ ဂျပန်တချို့နဲ့ကြုံတွေ့ရတာတွေရယ်ကြောင့်  “ ဂျပန်တွေက တရားမသိဘူး၊ ဒါပေမယ့် တရားရှိ တယ်လို့” အဲဒီမြန်မာလေး ဘာကြောင့် ပြောသလဲဆိုတာ နားလည်နေပါတယ်။

မြန်မာဗုဒ္ဓဘာသာတွေရဲ့ အမြင်နဲ့ကြည့်ရင် ဂျပန်တွေဟာ ဘာသာရေးကိုင်းရှိုင်းသူတွေ မဟုတ်ကြပါဘူး။ ဒါအပြင် သူတို့ကိုးကွယ်တာက မဟာယာနဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာအများစုက ဂျပန်တွေရဲ့ ဘာသာရေးဆိုင်ရာယုံကြည်မှုကို အထင်မကြီးသူများမယ်လို့ တွက်ဆနိုင်ပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင် အတော်များများဟာ ဘာသာရေးကိုင်းရှိုင်းသူဆိုတဲ့ ဂုဏ်ပုဒ်ကို ခုံမင်တန်ဖိုး ထား ကြပါတယ်။ ဘုရားတကာ၊ တကာမ၊ ကျောင်းတကာ တကာမ ဆိုတဲ့ ဂုဏ်ပုဒ်တွေကိုလည်း အလွန်မြတ်နိုး ကြသူ တွေပါ။ ဒါပေမဲ့ အများစုဟာ ဘာသာရေးကို ဗုဒ္ဓအလိုကျ မလုပ်နိုင်ကြဘဲ၊ တသက်လုံးလုပ်လာတဲ့ ယဉ်ကျေးမှုအစဉ်အလာတွေအရ မိရိုးဖလာလုပ်ဆောင်ကြသူတွေက အများစုဆိုတာကို တွေ့မြင်နိုင်ပါတယ်။ အထင်ရှားဆုံး ဥပ မာက - ဗုဒ္ဓအလွန်တန်ဖိုးထားတဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းကို မြန်မာဗုဒ္ဓဘာသာဝင်အများစု နားလည်းမလည်၊ တန်ဖိုးလည်းမထားကြပါဘူး။ ဝါဝင်ရင် ရပ်ကွက်တိုင်းမှာ လော်တအော်အော်နဲ့ အလှူခံ ( နိဗ္ဗာန်ဆော်) တွေ အလျှို လျှိုပေါ်လာကြပါတယ်။ မိုးလင်း မိုးချုပ် လော်စပီကာသံ တညံညံနဲ့ ဝါဆိုသင်္ကန်းဖိုး အော်ဟစ်ဟောပြော အလှူခံကြပါတယ်။ တစ်ခါ သီတင်းကျွတ်တော့ ကထိန်သင်္ကန်းအတွက်၊ နောက်တစ်ခါ သင်္ကြန်နှစ်သစ်ကူးအတွက် စသဖြင့် ရပ်ကွက်တွေထဲ ဆူဆူညံညံ အော်ဟစ်အလှူခံကြတာကို ဘယ်သူမှ မဟန့်တားရဲကြပါဘူး။ ဟန့်တားသူဟာ သာသနာဖျက်ဘွဲ့ပေးခံရမှာပါ။

တန်ဆောင်မုန်းလပြည့်နေ့ဟာ ဗုဒ္ဓဘာသာအလိုကျ နေထိုင်ကျင့်ကြံလိုသူတွေ အင်မတန်စိတ်ဆင်းရဲ ရတဲ့နေ့ပါ။ လမ်းမတွေပေါ်မှာ ကထိန်ပဒေသာပင်တွေတင်ပြီး အလွန်ဆူဆူညံညံ ဆိုကြ တီးကြ ကကြတဲ့ ကား တွေ နေရာတကာပြည့်နေပြီး လမ်းတွေလည်းပိတ်၊ နားတွေလည်း အတော်ညည်းရတဲ့နေ့ပါ။ ကားပေါ်မှာ ခုန် ပေါက် နေတဲ့သူတချို့ဟာ မူးနေကြတာပါ။ လပြည့်နေ့ ကထိန်ကားပေါ်မှာ မူးမူးရူးရူး ခုန်က သီဆိုနေသူတွေ ကို လည်း ဘယ်သူမှ မဟန့်တားရဲကြပါဘူး။ ကိုဗစ်ဖြစ်တဲ့နှစ်တွေမှာ လော်သံနည်းသွားပြီး ကထိန်လှည့်တဲ့ ဆူဆူ ညံညံကားသံတွေ မကြားရတာကို အဆိုးထဲက အကောင်းလိူ့ စာရေးသူက ကြိတ်ပြီးမှတ်ချက်ချမိပါတယ်။ 

ဒါက ရပ်ကွက်တိုင်း မြို့ရွာတိုင်း ကြုံရတဲ့ ရာသီလိုက် အလှူခံတွေနဲ့ ဘုံကထိန်ကားတွေရဲ့ အကြောင်းပါ။ ဒီထက်ဆိုးတာက တရားစခန်းတချို့မှာ ကြုံရတဲ့ ဆူညံမှုတွေပါ။  တရားစခန်းဝင်လာတယ်ဆိုတဲ့ ယောဂီတချို့ ည ဘက်ဆို သောသောညံညံ စကားတွေပြောကြ၊ တရားထိုင်ဖို့သွားတော့လဲ လမ်းတစ်လျှောက် စကားတွေပြောကြတာကို ဟန့်တားမရတဲ့ အဖြစ်တွေနဲ့ကြုံရပါတယ်။ အထူးသဖြင့် ဒီလိုသောသောညံ စကားပြောကြတာကို သင်္ကြန် တရားစခန်းတွေမှာ အများအားဖြင့် တွေ့ရလေ့ရှိပါတယ်။ တစ်ခုသော သင်္ကြန်တရားစခန်းမှာ တရားစခန်း အစ - အဆုံး တာဝန်ယူထားသူက ယောဆရာတော်ကြီးပါ။ ယောဂီတွေကို ဆရာတော်ကြီးက၊ တစ်နေ့ (၃) ကြိမ် တရား ချီးမြှင့်ဟောပြောပါတယ်။ ဆရာတော်ကြီး တရားဟောနေတုန်းလဲ ကြိတ်ပြီး လက်တို့စကားပြောနေကြတဲ့ ယောဂီ တချို့ရှိပါတယ်။ ဆရာတော်ကြီးဟာ တရားစခန်းအတွင်း ရန်ကုန်မြို့စွန်မှာရှိတဲ့ ဒီတရားရိပ်သာမှာပဲ သီတင်းသုံး နေထိုင်တော်မူပါတယ်။

တရားထိုင်ရတဲ့ခန်းမကနေ နေထိုင်ရတဲ့ အဆောင်တွေဆီ တန်းစီလမ်းလျှောက်ပြန်ရချိန်မှာ တရားအမှတ်နဲ့ လျှောက်ဖို့ သင်ကြားပေးထားပါတယ်။ ဒါပေမဲ့ ရှေ့နောက် စကားပြောရင်း လမ်းလျှောက်တဲ့ ယောဂီတွေ မနည်းပါဘူး။ တရားစခန်း ၂ ရက်လောက်ကြာတော့ ယောဂီတွေကို ကြီးကြပ်ရတဲ့ သီလရှင်တွေက မေတ္တာရပ်ခံ ရှာကြပါတယ်။

“ ယောဆရာတော်ကြီး သီတင်းသုံးနေတဲ့ကျောင်းနဲ့ အနီးဆုံးကအဆောင်မှာ နေကြတဲ့ အမျိုးသမီးယောဂီ တွေ၊ ညဘက်မှာ စကားတိုးတိုးပြောကြဖို့ မေတ္တာရပ်ခံပါရစေ” တဲ့။

နောက်နေ့ နေ့ဘယ်ဘက် တရားထိူင်ရချိန်မှာ ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒာမာလာဘိဝံသ ရဲ့ တရားတပုဒ်ကို ဖွင့်ပေးထားပါတယ်။ ဗုဒ္ဓဟာ ဆိတ်ငြိမ်ခြင်းကို ဘယ်ဘောက်တန်ဖိုးထားတယ်ဆိုတဲ့ တရားပါ။ အဲဒီတရားဖွင့်ထားတာကို နားထောင်ရင်း ၄၅ မိနစ် တရားမှတ်ရပါတယ်။ တရားဖြုတ်ချိန်မှာ အဆောင်ပြန်တဲ့ လမ်းတစ်လျှောက် ရှေ့နောက် တွဲပြီး စကားပြောမြဲပြောတဲ့ ယောဂီတွေ၊ ဒီနေ့တော့ တိတ်တိတ်ဆိတ်ဆိတ် ပြန်ကြ လိမ့်မယ်လို့ တွေးထားခဲ့တာမှားပါတယ်။ သူတို့လူသိုက် အရင်နေ့ကလိုပဲ ရှေ့ကသွားနေတဲ့သူကို နောက်ကပါလာ သူက စကားတွေပြောပါတယ်။ ရှေ့ကယောဂီကလည်း နောက်က ယောဂီကို လှည့်မကြည့်တာကလွဲလို့ စကား တွေ ပြန်ပြောနေတာကို အတော် အံ့ဩရပါတယ်။ ညဘက် တရားထိုင် ဘုရားရှိခိုးပြီး၊ အိပ်ချိန်ရောက်တော့ ထုံးစံ အတိုင်း အဆောင်ထဲပြေးကြလွှားကြ ၈ပါးသီလယူထားတဲ့ ယောဂီတွေ စားခွင့်ရှိတယ်ဆိုပြီး ဂျင်းသုတ်တွေသုတ် စားကြ၊ စကားတွေပြောကြ၊ ရယ်ကြ မောကြတဲ့ အလုပ်တွေကို လုပ်မြဲတိုင်းလုပ်ကြပြန်ပါတယ်။

 ယောကျာ်းယောဂီဆောင်တွေမှာတော့ ဘယ်လိုယောဂီတွေပါလာသလဲ မသိပါ။ မိန်းမဆောင်တွေမှာ တော့ အနည်းဆုံး ဒီလိုပြုမူကြတဲ့ယောဂီတွေ ၃ ယောက်လောက်ပါလာပါတယ်။ အဲဒီ ၃ ယောက်လောက် ဗွေဖောက်နေတာကလည်း တရားစခန်းအစက အဆုံးထိပါပဲ။

ဂျပန်တွေ တိတ်ဆိတ်ခြင်းကို ဘယ်လောက်ထိန်းသိမ်းကြသလဲဆိုရင် ညဉ့်နက်တဲ့ထိ အလုပ်လုပ်ရသူတွေ ပြန်လာရင် သူတို့လမ်းလျှောက်တဲ့ ဖိနပ်သံကို လမ်းဘေးမှာရှိတဲ့ အိမ်တွေထဲက လူတွေက အတိုင်းသားကြား နေရ တဲ့၊ ရပ်ကွက်တွေဟာ တိတ်ဆိတ်ငြိမ်သက်နေတယ်လို့ ဂျပန်ရောက် မြန်မာတွေက ပြန်ပြောကြပါတယ်။ စာရေး သူ ဖတ်ထားတဲ့ စာတွေကြောင့် ဂျပန်မှာ ပစ္စည်းတစ်ခုခု ကောက်ရရင် ကိုယ့်ကံနဲ့ကိုယ်ရတာလို့ ဘယ်သူမှ မသတ် မှတ် ကြဘဲ၊ ကောက်ရတဲ့ ပစ္စည်းတွေကို အပ်ရတဲ့နေရာကို သွားပေးရတယ်ဆိုတာ သိနေပါတယ်။ ဒီမှာတော့ လမ်းပေါ်မှာ တစ်ခုခုကောက်ရရင် ကံကောင်းလို့ရတာဆိုပြီးယူကြသူကများပါတယ်။ တရားသဘောအရ ကြည့်ရင် ဂျပန်တွေက အလောဘ ( သူတပါးပစ္စည်းကို မတပ်မက်ခြင်း) နဲ့ ပြည့်စုံနေပြီး၊ မြန်မာတချို့ကတော့ ၊ ငါကံ ကောင်း လို့ ကောက်ရတာ၊ ငါနဲ့ထိုက်လို့ ငါရတာဆိုတဲ့၊ သူတပါးပစ္စည်းပါလား။ ကျပျောက်သူ နှမြောရှာမယ်ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကင်းတဲ့လောဘ ဦးစီးကြသူများတယ်ဆိုတာလည်း သိမြင်နေရပါတယ်။ ဒီလို အလေ့အ ကျင့်တွေကို ဂျပန်တွေက ဘာသာရေးအဆုံးအမက တဆင့်ရတာ မဟုတ်ဘဲ၊ ကျောင်းစာသင်ခန်းက သူတို့ကို ကလေးဘဝကတည်းက နိုင်ငံသားကောင်းတို့ကျင့်ဝတ်အဖြစ် လေ့ကျင့်ပေးလိုက်တာ ဆိုတာကိုပါ တွေ့ရှိရ ပါတယ်။

နောက်တစ်ခုက မြန်မာတို့က ဘုရားရှိခိုးပြီးတိုင်း နိဗ္ဗာန်ကို ရက်တိုတိုနဲ့ ရောက်ရပါလို၏ ဘုရားဆိုတဲ့ ဆု တောင်း ပါ။ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဖြတ်လမ်းမရှိပါဘူး။ ဒါန လှူရုံ၊ သီလထိန်းရုံနဲ့လည်း နိဗ္ဗာန်ကို မျက် မှောက် မပြုနိုင်ပါဘူး။ မဂ္ဂင် ၈ ပါး ကျင့်စဉ် မကျင့်နိုင်သမျှ ဘယ်လိုမှ နိဗ္ဗာန်မရောက်နိုင်ဘူးဆိုတာ မြတ်စွာ ဘုရားက ရှင်းရှင်းကြီး ဟောထားခဲ့ပါတယ်။ ဒီထဲမှာ သမ္မာအာဇီဝ ဆိုတဲ့ မှန်ကန်တဲ့ အသက်မွေးမှုလည်း အကျုံးဝင်ပါတယ်။

စာရေးသူတို့ဟာ လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ လက်ရှိနည်းပညာတွေကို မသုံးလို့မရ၊ ကင်းကွာလို့မရတဲ့ ခေတ်ထဲမှာ ရှင်သန်နေရသူတွေပါ။ ၂၀၂၀ မှာ ကိုဗစ်ဖြစ်လိုက်တော့ လူလူချင်း တွေ့ဆုံပြီး သမားရိုးကျလုပ်ဆောင်နေတဲ့ လုပ်ငန်းအတော်များများ နည်းပညာသုံးပြီး လူမြင် အသံကြား သို့သော် ဖုန်းမှ တဆင့်၊ ကွန်ပျူတာမှ တဆင့်ဆိုတဲ့ အရပ်ပြော ဇွန်းမိတင်နဲ့ ( Zoom ) မိတ်ဖွဲ့ရပါတော့တယ်။ ဒါကြောင့် ဖုန်းထဲ ငွေထည့်ပြီး အင်တာနက်သုံးတာထက် ငွေသက်သာတဲ့ ဝိုင်ဖိုင်တွေကို တပ်ဆင်လာကြရပြန်ပါတယ်။

လက်ကိုင်ဖုန်းတွေပေါ်လာကတည်းက ကြားရတဲ့ အသံက ငွေဖြည့်လိုက်တာ ဘာမှမကြာသေးဘူး။ ဘေလ်ကုန်သွားပြီဆိုတဲ့ စာ အော်တိုဝင်ဝင်လာတဲ့ အဖြစ်ပါ။ စာရေးသူလည်း ငွေ ၃၀၀၀ ဖိုးဖြည့်ပြီး ၂ မိနစ် လောက် ၂ ခါပဲ ဖုန်းပြောရသေးတယ်။ လူကြီးမင်းရဲ့ဖုန်း ငွေလက်ကျန်နည်းနေပါသဖြင့် ချေးငွေယူပါဆိုတဲ့ စာဝင် လာပါတော့တယ်။ သက်ဆိုင်ရာ ဖုန်းအော်ပရေတာထဲ ဝင်ပြီး အကြောက်အကန်ပြောမှ Ring Tune ကို သီချင်း သံယူထားလို့တဲ့။ ဟဲ့.. ငါဘယ်တုန်းကမှ အဲဒါသုံးမယ်မတောင်းဆိုဖူးဘူး။ အထောက်အထားပြပါဆိုမှ ငွေ ၂၀၀၀ ကျော် ပြန်ရပါတယ်။

ဟိုအသိ ဒီအသိတွေရဲ့ ထောက်ခံမှုကြောင့် သူတို့ညွှန်းတဲ့ ဝိုင်ဖိုင်ကို အိမ်မှာ တပ်ဆင်လိုက်ပါတယ်။ တပ် ပြီး တပတ်အတွင်းမှာပဲ ဝိုင်ဖိုင်ပျက်ပါတော့တယ်။ သက်ဆိုင်ရာ အော်ပရေတာကို ဖုန်းဆက်ပြီး ဝိုင်ဖိုင်ပျက်သွား ကြောင်း ပြောရပါတယ်။ သူတို့ဘက်ကို ဆက်သွယ်ရတဲ့ဖုန်းကလည်း အော်တိုပြန် စကားပြောတဲ့ နည်းသုံးထား တော့ ဟိုနံပတ်နှိပ်ပါဆို နှိပ်လိုက်။ အဲဒီဘက်က ပြန်ပြောတာကို နားထောင်လိုက်။ ဘယ်နံပတ် ထပ်နှိပ်ပါအုံးဆို နှိပ်လိုက်နဲ့ ဝိုင်ဖိုင်ပျက်နေကြောင်းပြောရပါတယ်။ (၇) ရက်ကြာမှ လာပြင်ပေးလို့ ကြားရက်တွေထဲ ဖုန်းထဲငွေ ဖြည့်ပြီး အင်တာနက်သုံးရပြန်ပါတယ်။

ကျန်ခဲ့တဲ့ လထဲမှာ ဝိုင်ဖိုင်က ပျက်ပြန်ပါတယ်။ တခါ အော်ပရေတာကို အကြောင်းကြားရပြန်ပါတယ်။ ဒီတခါတော့ (၁၀) ရက်ကြာမှ လာပြင်ပေးတယ်။ ဒီဝိုင်ဖိုင်ကို ဖြတ်တော့မယ်ဆုံးဖြတ်ပြီး အကြောင်းကြားတော့၊ သုံးစွဲဖို့ သတ်မှတ်သက်တမ်းမစေ့ခင် ဖျက်လို့ လျော်ကြေး တလစာပေးရမယ်တဲ့။ ဝိုင်ဖိုင်သုံးစွဲတာရပ်ဖို့ ရက်မစေ့ ခက် ဒီကြားထဲ ထပ်ပျက်ပြန်ပါတယ်။ စိတ်ကို လျော့ထားပြီး အော်ပရေတာကို ဖုန်းခေါ်ရပြန်တယ်။ သူတို့ဘက်က နှိပ်ပါ ဆိုတဲ့ ဂဏန်းတွေကို ၂ ကြိမ်မြောက် နှိပ်ပြီးချိန်မှာ တဘက်က လူကိုယ်တိုင်ပြန်ဖြေရမယ့်အစား၊ အော်တို ရပလိုင်းသံနဲ့ သူတို့ ဖုန်းကုမ္ပဏီနဲ့ ----- ကုမ္ပဏီပေါင်းပြီး ငွေချေးပေးနေကြောင်း ၃ ကြိမ်တိတိ ပြောပါတော့ တယ်။ ဒါဟာ သုံးစွဲသူ ( customer) ရဲ့ ဖုန်းဘေလ်ကို ခိုးတာနဲ့ အတူတူပါပဲ။ ဘယ်မှာလဲ သမ္မာအာဇီဝ။

ဝိုင်ဖိုင်တပ်ဆင်ပြီး တပတ်အတွင်းပျက်တယ်။ တပတ်ကြာမှ လာပြန်ပေးတယ်။ နောက်တခါထပ် ပျက် တယ်။ (၁၀) ကြာမှ လာပြန်ပြင်ပေးတယ်။ နောက်တစ်ခါထပ်ပျက်တယ်။ အကြောင်းကြားတော့ ဝန်ထမ်းကပြန် ဖြေရမယ့်အဆင့်မှာ သူတို့ဆီက ငွေချေးယူနိုင်ကြောင်း ကြော်ငြာစကားကို ဖုန်းမချမခြင်းအော်တို ပြောနေ သံကြားရတော့တယ်။

စက်တပ်ဆင်ခကို လစဉ် လဆန်းတာနဲ့ သွင်းရတယ်။ ဒီလို စက်ပျက်တဲ့ ရက်တွေအတွက် လျော့ပေါ့ ကောက်ခံတာ မရှိ။ ဒီတော့ သတ်မှတ်ထားတဲ့ တန်ရာ တန်ကြေးထက် သုံးစွဲသူ ( ( customer) ဘက်က နစ်နာ နေပြီ။ ဘယ်မှာလဲ တရားမျှတမှု။ ဖုန်းနဲ့လုပ်ကိုင်စားသောက်နေသူတွေကတော့ သူတို့ဘက်ကို သူတို့ကာကွယ် ပြောဆိုမှာပဲ။ ခင်ဗျားတို့ သဘောတူချုပ်ဆိုထားတဲ့ စာချုပ်မှာပါတဲ့ ရေးဆွဲထားတဲ့ စည်းမျဉ်းဥပဒေအရ ကောက်ခံ ပါတယ်လို့။ စည်းမျဉ်းဥပဒေဆိုတာ လူကလုပ်တာ။ လူကသတ်မှတ်တာ။ မိုးပေါ်ကကျလာတာမဟုတ်။ ရောင်းသူ ဝယ်သူ နှစ်ဘက်အတွက် မျှမျှတတရေးဆွဲမထားတဲ့ စည်းမျဉ်းဥပဒေဆိုတာလည်း ကြီးကြီးကျယ်ကျယ်ပြောရရင် မဂ္ဂင် ၈ ပါး ထဲက ကောင်းစွာကြံစည်တွေးတောခြင်း ( သမ္မာသင်္ကပ္ပ) နဲ့ သွေဖီနေပြီ။ ပါးစပ်က နိဗ္ဗာန် မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရောက်ရပါလို၏ တွင်တွင်ဆုတောင်းသူများလှတဲ့ စာရေးသူတို့ရဲ့ ရေမြေပေါ်မှာ .   .    .

အော် ဒါကြောင့်လဲ ဂျပန်ရောက် မြန်မာလေးက “ မြန်မာတွေဟာ တရားသိတယ်။ ဒါပေမဲ့ တရားမရှိဘူး လို့” ပြောတာပါလားဆိုတာ ထပ်သဘောပေါက်ရပြန်ပါတယ်။

ခင်နှင်းဦး