【 ဆောင်းပါး 】တရုတ်ခရီးသွားများ လာရောက်ရာ

【 ဆောင်းပါး 】တရုတ်ခရီးသွားများ လာရောက်ရာ

မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ကြသည့် တရုတ်ခရီးသွားများမှာ ရန်ကုန်မြို့သို့လည်း လာရောက်၍ လည်ပတ်မှုများ ပြုလုပ်လေ့ရှိကြသည်။ ရန်ကုန်မြို့အတွင်း လာရောက်လည်ပတ်ရာတွင် အပန်းဖြေစရာ နေရာများသို့ သွားရောက်လည်ပတ်လေ့ရှိသော်လည်း ဘုရားစေတီများသို့ လာရောက်မှု အများအပြားရှိခဲ့သည်။

ထိုသို့လာရောက်သည့် တရုတ်ခရီးသွားဧည့်သည်များမှာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီနှင့် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်သို့ အများဆုံးသွားရောက်ကာ လေ့လာကြည်ညိုလေ့ရှိကြသည်။ အချို့သော ခရီးသွား အနည်းအကျဉ်းလောက်က အခြားဘုရား၊ စေတီများသို့ လာရောက်လည်ပတ်မှုများလည်း ရှိသလို စဉ့်အိုးတန်းလမ်းရှိ ရှေးဟောင်း ခိန့်ဟုတ်ဘုံကျောင်း၊ လသာလမ်းနှင့် မဟာဗန္ဓုလလမ်းရှိ ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်း၊ ကုက္ကိုင်းဖူဆန်ဘုရားကျောင်း စသည့်နေရာများသို့လည်း သွားရောက်လေ့ရှိကြသည်။

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စိတ်ဝင်စားစရာဖြစ်သော ရွှေတိဂုံစေတီတော်သို့ တရုတ်ခရီးသွားဧည့်သည်များ လာရောက်မှုမှာ ယခင် ၂၀၁၉ ခုနှစ် အရှေ့ပိုင်းလောက်က လစဉ်လတိုင်း ဒုတိယအများဆုံးဖြစ်သော အခြေအနေမှ နောက်ပိုင်းတွင် အများဆုံးသော အခြေအနေမျိုးဖြစ်ခဲ့သည်။ ယခင်က တစ်လလျှင် ပျမ်းမျှ ဧည့်သည် ၂၀၀၀ ‌ကျော်လောက် လာရောက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါကြောင့် ခရီးသွားလာခွင့်များ ပိတ်ထားသော အခြေအနေမှ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သလို လက်ရှိတွင်လည်း တရုတ်နိုင်ငံဘက်တွင် ယင်းကပ်ရောဂါကန့်သတ်ချက်များနှင့် ပတ်သက်၍ ဖြေလျှော့မှုများ ပြုလုပ်လာခြင်းကြောင့် တရုတ်ခရီးသွားများ ရန်ကုန်သို့ လာရောက်မှုပြန်လည်မြင့်တက်လာနိုင်သည်ကိုလည်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများက ယူဆထားကြသည်။

ရွှေတိဂုံစေတီတော်သို့ ရောက်ရှိလာသည့် တရုတ်ခရီးသွားဧည့်သည်များမှာ စေတီတော်ကြီးကို ဖူးမြော်ကြပြီး ဆီမီး၊ ပန်း၊ ရေချမ်းများကိုလည်း ဆက်ကပ်လှူဒါန်းလေ့ရှိကြသလို နံနက်အစောပိုင်း လာရောက်သူများက ရင်ပြင်တော်ပေါ်တွင် ရောင်းချပေးသည့် အရုဏ်ဆွမ်းပွဲများကို ဝယ်ယူ၍ ကပ်လှူခြင်းများရှိသလို မိမိတို့ယူဆောင်လာသည့် သီးနှံများကိုလည်း ကပ်လှူလေ့ရှိကြသည်။ ထို့အပြင် ရင်ပြင်တော်ရှိ ဂြိုဟ်တိုင်များတွင် မိမိတို့နေ့နံအလိုက်တည်ရှိရာ ဂြိုဟ်တိုင်သို့ သွားရောက်၍ ရေသပ္ပါယ်ကာ ဆုတောင်းခြင်းများလည်း ပြုလုပ်ကြသလို ရင်ပြင်တော် ရာဟုထောင့်ရှိ အောင်မြေသို့ လာရောက်၍ ဆုတောင်းခြင်းများလည်းရှိသည်ဟု ဧည့်လမ်းညွှန်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ပြောပြသည်။

အချို့သော ဧည့်သည်များမှာ မြောက်ဘက်စောင်းတန်းထိပ်ရှိ လောကပါလယက္ခမယ်တော်ကြီးဆီသို့ လာရောက်ကာ အုန်းပွဲ၊ ငှက်ပျောပွဲများ လှူဒါန်း၍ ဆုတောင်းအဓိဋ္ဌာန်ပြုကြခြင်းများရှိသည်ဟု ဆိုသည်။ ရွှေတိဂုံတွင် လောကပါလ ယက္ခမယ်တော်ကြီး၏ အကြောင်းမှာလည်း စိတ်ဝင်စားဖွယ်ကောင်းပြန်သည်။ ယင်းမယ်တော်ကြီးမှာ ဗုဒ္ဓသာသနာတော်ကို အစဉ်အဆက် စောင့်ကြပ်နေသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်​​မြတ်များအနက် အပါအဝင်လည်းဖြစ်သည်ဟု ရှေးလူကြီးများက ဆိုထားကြသည်။ ထိုမယ်တော်ကြီး၏ ရုပ်ထုကို မွန်ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံဘုရားကို စောင့်ရှောက်စေရန် ရည်ရွယ်၍ ထုလုပ်လှူဒါန်းခဲ့ကြောင်း၊ စတင်လှူဒါန်းစဉ်က ယင်းစောင်းတန်းထိပ်၏ လက်ဝဲနှင့် လက်ယာဘက် တို့တွင် ရုပ်ထု တစ်ခုစီကို ထားရှိသော်လည်း နောက်ပိုင်းတွင် လက်ယာဘက်ခြမ်းမှ ရုပ်ထုမှာပျက်စီးသွားပြီး လက်ရှိတည်ရှိနေသည့် လက်ဝဲဘက်ခြမ်းမှ ရုပ်ထုသာကျန်သလို ယင်းရုပ်ထုကြီး၏ သက်တမ်းမှာလည်း အနည်းဆုံး နှစ်ပေါင်း ၆၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

အချို့မှာ တနင်္ဂနွေထောင့် သာယာ၀တီမင်း ခေါင်းလောင်းတော် အနောက်ဘက်တွင်ရှိသည့် ဘီလူးခေါင်းများခံထားသည့် ပေကာယွိဘုရား ခေါ် ဘီလူးဘုရား သို့လည်း လာရောက်၍ ဆုတောင်းခြင်းများရှိပြီး စနေထောင့် တည့်တည့်တွင် ရှိသည့် လောကီပညာရပ် အစီအမံများနှင့် တည်ထားကိုးကွယ်ထားသော ၀ိဇ္ဇာဇော်ဂျီဘုရားသို့လည်း လာရောက်လေ့လာမှုများ ပြုခဲ့သလို ကျန်းမာရေးအတွက် လာရောက်ဆုတောင်းခြင်းများရှိခဲ့သည်ဟု ဆိုကြသည်။

ထို့အပြင် မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်သို့လည်း သွားရောက်လေ့ရှိကြသည်။ စေတီတော်ကြီး တည်ထားသည့်အနေအထားမှာ ခေါင်းလောင်းပုံသဏ္ဌာန် အမိုးခုံး၊ ရွှေရောင်ထောင့်မြှောင့်များ၊ ဖြူစင်သော စကျင်ကျောက် အပြင်ပိုင်းတို့ရှိကာ ဗိသုကာလက်ရာမြောက်သည့်အတွက် ဘုရားဖူးရင်းဗိသုကာပညာများကို စိတ်ဝင်တစားလေ့လာလေ့ ရှိကြသည်။ စေတီတော်တည်ထားရာ လိုဏ်တွင်း အလယ်ဌာပနာတိုက်ကိုပတ်၍ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးနှင့် ပွင့်တော်မူဆဲ ဘုရားငါးဆူတို့ကို ပူဇော်သောအားဖြင့် ဆင်းတုတော်ကြီးငါးဆူကို ကိုးကွယ်ထားသည်။ ဌာပနာတိုက်ပတ်လည် အထက်အဆင့်တွင်မူ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့၏ ရုပ်တုတော်များကို ထိုဘုရားရှင်တို့ ပွင့်တော်မူရာ ဗောဓိပင်နှင့်တကွထားရှိသည်။ ထူးခြားသည်မှာ ဓာတ်တော်တိုက်အတွင်းမှ ဓာတ်တော် မွေတော်များကို ဦးခေါင်းပေါ်သို့ တင်၍ ဆုတောင်းခြင်းများ လုပ်ဆောင်၍ ရသည့်အတွက်ကြောင့် မြန်မာနိုင်ငံသို့လာရောက်သည့် ယင်းခရီးသွားဧည့်သည်များမှာ သီရိမင်္ဂလာ ကမ္ဘာအေးစေတီသို့ လာရောက်ကာ ကြည်ညိုလေ့လာကြခြင်းဖြစ်သည်။

ထိုတရုတ်ခရီးသွားဧည့်သည်များနှင့်အပြိုင် ထိုင်းနှင့် ကိုရီးယားဧည့်သည်များကလည်း လာရောက်လေ့ရှိကြပြီး ဓာတ်တော်မွေတော်များကို ပူဇော်ရင်း အဓိဋ္ဌာန်ပြုကြသည်။ အဓိဋ္ဌာန်များအောင်မြင်ခဲ့သည့်အတွက်ကြောင့်လည်း နှစ်စဉ်လာရောက် လေ့ရှိကြသည်ဟု ဆိုထားသည်။ လာရောက်ကြသည့် ဦးရေမှာ ရွှေတိဂုံတွင် လာရောက်သည်လောက် များပြားခြင်းမျိုး မရှိသော်လည်း လစဉ်ရာဂဏန်းလောက်ရှိတတ်စမြဲဖြစ် သည်။ ထိုနေရာသို့လာရောက်ရင်း အရိပ်အာဝါသကောင်းသော အပင်များ များဖြင့် ရန်ကုန်မြို့အတွင်းရှားပါးလှသည့် သစ်ပင်သစ်တောများ၏ အေးမြသော အရသာက ၎င်းတို့အတွက် စိတ်ကြည်နူးမှု ဖြစ်စေခဲ့သည်ဟုလည်း ပြောကြားဖူးကြောင်း ဧည့်လမ်းညွှန်တစ်ဦးက ပြောပြသည်။

ထိုစေတီတော်အနီးရှိ မဟာပါသနလိုဏ်ဂူတော်ကြီးမှာလည်း စိတ်ဝင်တစား သွားရောက်လေ့လာလေ့ရှိရာ နေရာဖြစ်သည်။ တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော် မြန်မာနိုင်ငံသို့ ပူဇော်ခံကြွချီရာတွင် လေးကြိမ်စလုံး ယင်းလိုဏ်ဂူတော်အတွင်း ကိန်းဝပ်စံပယ်၍ ထားရှိကြသည်။ ကျောက်တုံးကြီးများဖြင့် ကျောက်တောင်သဖွယ်တည်ဆောက်ထားပုံက တအံ့တဩဖြစ်ကြရသည်။ လိုဏ်ဂူတော်ကြီးကို ပတ်၍ သွားရန် ၈ ပေ အကျယ်ရှိသော အတွင်းလိုဏ်ဂူလမ်း နှစ်ထပ်ရှိပြီး သာသနာတော်ကိုစောင့်ရှောက်သည့် သင်္ဂါယနာတင်အခမ်းအနားကို ယင်းလိုဏ်ဂူတော်အတွင်းကျင်းပခဲ့သည်။

ထိုခရီးသွားဧည့်သည်များ နောက်ထပ်သွားရောက်သည့် ထင်ရှားသောနေရာမှာ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ဖြစ်သည်။ ထိုစေတီတော်မှာ ရန်ကုန်မြို့တွင်ထူးခြားသည့်စေတီတော်တစ်ဆူလည်း ဖြစ်သလို မြတ်ဗုဒ္ဓ၏ ဆံတော်များကို ဌာပနာအတွင်း အသေပိတ်၍ထားခြင်းမျိုးမဟုတ်ဘဲ မြင်တွေ့နိုင်ရန် ပူဇော်ထားရှိခြင်းလည်းဖြစ်သည့်အတွက် ကမ္ဘာလှည့်များစိတ်ဝင်စားကြသည်။ ထိုစေတီတော်သို့မူ တရုတ်ခရီးသွားဧည့်သည်များမှာ ဒုတိယအများဆုံး လာရောက်ရာ နေရာလည်းဖြစ်သည်။ စေတီတော်သို့လာရောက်ရင်း ဘိုးဘိုးကြီးတန်ဆောင်းနှင့် အစ်မတော်မြနန်းနွယ် တန်ဆောင်းသို့ လာရောက်၍လည်း အုန်းပွဲငှက်ပျောပွဲများကို လှူဒါန်းကာ ဆုတောင်းလေ့ရှိကြသည်။ ထိုနေရာများတွင် ဆုတောင်းလှူဒါန်းရင်း စီးပွားရေး၊ လူမှုရေးကိစ္စများအတွက် အဓိဋ္ဌာန်ပြီးပြန်သွားကြသလို အဓိဋ္ဌာန်အောင်မြင်သည့်အတွက် နောက်နှစ်များတွင်လည်း လာရောက်ကြရင်း နှစ်စဉ်လာရောက်လေ့ရှိကြသလို ၎င်းတို့၏မိတ်ဆွေအပါင်းအသင်းများထံ လက်ဆင့်ကမ်း ပြောကြားရင်း လာရောက်သူတဖြေးဖြေး များလာသည့် နေရာလည်း ဖြစ်ခဲ့သည်။ လက်ရှိတွင် နိဗ္ဗာန်အကျိုးတော်ဆောင်များက မြန်မာဘာသာစကား သို့မဟုတ် ထိုင်းဘာသာစကားတို့ဖြင့် နှစ်သက်ရာဘာသာစကားကို အသုံးပြုကာ ယင်းနေရာ၌ ဆုတောင်းပေးနေပြီး တရုတ်ဘာသာ စကားဖြင့်လည်း ဆုတောင်းမှုများလုပ်၍ ဝန်ဆောင်နိုင်ရန် ကြိုးပမ်းမှုများ ရှိနေကြသည်။ ထိုနေရာသို့ လာရောက်သူဦးရေမှာ လစဉ်ပျမ်းမျှဦးရေသောင်းဂဏန်းလောက်ရှိကြသည်။

ထိုဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်သို့ လာရောက်ရင်း ရန်ကုန်မြို့၏ လူနေမှုသိပ်သည်း မွန်းကျပ်မှုများကို ဖြေဖျောက်ကာ ဗိုလ်တထောင်ကမ်းနားတွင် အပန်းဖြေနားနေကြသလို အချို့မှာလည်း ဆိပ်ခံတံတားတွင်ဖွင့်ထားသော ဆိုင်များ၌ အစားအသောက်များသုံးဆောင်ကြသည်။ အချို့မှာ ညနေခင်းများ၌ ရန်ကုန်မြစ်တွင်းသင်္ဘောဖြင့် လိုက်ပါစီးနင်းရင်း လတ်ဆတ်လှသည့် လေကိုရှူရှိုက်၍ အစား အသောက်များကို သင်္ဘောပေါ် စားသုံးလေ့ရှိကြပြီး အမောအပန်းဖြေဖျောက်ခဲ့ကြသည်။

ယခုနောက်ပိုင်းတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု ကျဆင်းလာပြီးနောက် မြန်မာနိုင်ငံတွင် နိုင်ငံခြားခရီးသွား ဝင်ရောက်မှုကို ပြီးခဲ့သောနှစ်ကတည်းက ပြန်လည်ခွင့်ပြုခဲ့ရာ ကမ္ဘာလှည့်ခရီးသွားများ တဖွဲဖွဲပြန်လည်ဝင်ရောက်လာသလို ယင်းအနက်တွင် တရုတ်ခရီးသွားဧည့်သည်များကလည်း အပါအဝင်ဖြစ်လာခဲ့သည်။ ပြီးခဲ့သော ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း နိုင်ငံပေါင်း ၆၄ နိုင်ငံမှ ခရီးသွားများ မြန်မာနိုင်ငံအတွင်းသို့လာရောက်ခဲ့ပြီး တရုတ်ခရီးသွားဧည့်သည်များက အများဆုံးဖြင့် ဦးဆောင်နေသလို ထိုင်းမှ ဒုတိယအများဆုံးနှင့် အိန္ဒိယက တတိယအများဆုံးဖြစ်သည်ဟူ၍လည်း ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားလျက်ရှိသည်။ ဆက်လက်၍လည်း အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ဝင်လာကြဦးမည်ဖြစ်ရာ ရန်ကုန်မြို့ရှိ လည်ပတ်စရာနေရာများမှာလည်း တရုတ်ခရီးသွား ဧည့်သည်များအပေါ် စွဲဆောင်စရာများ အဖြစ်ရှိနေဦးမှာ အသေချာပင်ဖြစ်ပေတော့သည်။

ဧပရယ်လ်