【 ဆောင်းပါး 】တရုတ်စီးပွားရေးလျင်မြန်စွာဦးမော့လာခြင်း

【 ဆောင်းပါး 】တရုတ်စီးပွားရေးလျင်မြန်စွာဦးမော့လာခြင်း

တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း သိသာထင်ရှားသောတိုးတက်မှုကို ကြုံတွေ့ခဲ့ရသည်။တရုတ်အစိုးရသည် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် မူဝါဒများကို အကောင်အထည် ဖော်ခဲ့ပြီး အခြေခံအဆောက်အအုံနှင့် နည်းပညာများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်၏စီးပွားရေးသည် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ၊ COVID-19 ကပ်ရောဂါ၊ ကြွေးမြီပမာဏနှင့် အိမ်ခြံမြေဈေးကွက် နှေးကွေးခြင်းစသည့် ပြည်တွင်းစီးပွားရေးပြဿနာများ အပါအဝင် စိန်ခေါ်မှုအချို့ကို ရင်ဆိုင်ခဲ့ရသည်။

သို့သော်လည်း တရုတ်အစိုးရသည် အဆိုပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ခြေလှမ်းများကို လုပ်ဆောင်ခဲ့ပြီး စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးမည့် အစီအမံများကို မိတ်ဆက်ခဲ့သည်။ စီးပွားရေးညွှန်းကိန်းများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် မကြာသေးမီနှစ်များအတွင်း နှေးကွေးခဲ့သော်လည်း အခြားသော အဓိကစီးပွားရေးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြင့်မားနေဆဲဖြစ်သည်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စပြီး တရုတ်ဟာ တင်းကျပ်သော Class A ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစီမံချက်များကို စတင်ကျင့်သုံးခဲ့ပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည်။ အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ ကူးစက်မှု စတင်လျှော့နည်းလာချိန် ၂၀၂၂ ဒီဇင်ဘာလကစပြီး တရုတ်အာဏာပိုင်များက Class B ကူးစက်မြန်ရောဂါ စီမံခန့်ခွဲရေးစည်းကမ်းဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရန် အသုံးပြုခဲ့သည်။ ထိုသည်မှာ ပြည်သူ များ၏ အသက်ကို ကာကွယ်ရန်နှင့် ကုန်ထုတ်လုပ်မှုကို ထောက်ပံ့နိုင်ရန် စည်းကမ်းများကို စတင်ပြောင်းလဲကျင့်သုံးလာခဲ့ခြင်းဖြစ်သည်။

တိကျပြီး လျင်မြန်သော ကပ်ရောဂါထိန်းချုပ်ရေးပုံစံကနေ စီးပွားရေး တိုးတက်မှုကို အဆိုးဘက်ကနေ အကောင်းဘက်ကို ပြောင်းလဲစေခြင်း ၊ ထို့နောက် စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတက်စေခြင်းအထိ တရုတ်အစိုး  ရ၏ အခြေနေအရပ်ရပ်ကို စနစ်တကျ ချဉ်းကပ်ကာ ကိုင်တွယ်ခဲ့သည်က တရုတ်၏ အုပ်ချုပ်မှုအားသာချက်များကို ကောင်းမွန်စွာ ဖော်ပြနိုင်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ပြင်းထန်သည့် ၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံ၏ GDP သည် ၂.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ၎င်းမှာ  COVID-19 ကပ်ရောဂါကာလအတွင်း အပြုသဘောဆောင်သောတိုးတက်မှုကို စာရင်းသွင်းနိုင်သော တစ်ခုတည်းသော အဓိကစီးပွားရေးနိုင်ငံဖြစ်လာခဲ့သည်။၂၀၂၁ ခုနှစ်တွင်  တရုတ်နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ၄ ဒသမ ၄ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁၈ ထရီလီယံ) ဝန်းကျင်ရှိမည်ဟု IMF က ခန့်မှန်းခဲ့သည်။

၂၀၂၂ ခုနှစ်၏ နောက်ဆုံးရက်သတ္တပတ်များတွင် တည်ငြိမ်မှုလက္ခဏာအချို့နှင့်အတူ စျေးကွက်မျှော်မှန်းထားသည်ထက် တိုးတက်မှုမှာ အနည်းငယ်ပိုကောင်းလာပြီး အခြေခံ အဆောက်အအုံရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေချဲ့ ထွင်ခြင်းဆိုင်ရာ မူဝါဒပံ့ပိုးမှုကြောင့် ရထားလမ်းများ၊ ဆိပ်ကမ်းများနှင့် တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်များ အကျုံးဝင်သည့် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၁ ခုနှစ်တစ်နှစ်တာလုံးထက်အတွက် ၉.၄ ရာခိုင်နှုန်း ခုန်တက်သွားသည်။ ခန့်မှန်းမှုများတွင် အစိုးရ၏ ပေါ်လစီကြောင့် ပြည်တွင်းစားသုံးမှု တိုးလာသဖြင့် အလုံးစုံ စီးပွားရေးတိုးတက်မှုသည် ယခုနှစ်မတ်လမှစတင်၍ ပိုမိုအားကောင်းလာမည်ဟု ဆိုထားမှုများရှိသည်။

ပြီးခဲ့သည့် တရုတ်နှစ်သစ်ကူးကာလအတွင်း အစားအသောက်ဝန်ဆောင်မှု၊ ခရီးသွားလုပ်ငန်းနှင့် အခြားသော စီးပွားရေးလုပ်ငန်းများ ဝင်ငွေကြီးမားစွာ မြင့်တက်လာခဲ့သည်။ ခရီးသွားလုပ်ငန်းမှာ အသိသာဆုံးဖြစ်သည်။ တရုတ်နှစ်သစ်ကူးကာလအတွင်း ခရီးစဉ်ပေါင်း ၃၀၈ သန်းကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တုန်းက ပမာဏ၏ ၉၀ ရာခိုင်နှုန်းခန့်ထိ ရောက်ရှိလာခဲ့သည်။ နိုင်ငံခြားလေယာဉ်ခရီးစဉ်ကလည်း ၂၀၂၂ ခုနှစ်တုန်းကထက် ၆.၇ ဆ ပိုများလာခဲ့သည်။

တရုတ်နိုင်ငံတွင် ရုပ်ရှင်ရုံ ၉၀ ရာခိုင်နှုန်းခန့်ကို ပြန်လည်ဖွင့်လှစ်နေပြီး တရုတ်နှစ်သစ်ကူးကာလအတွင်း လက်မှတ်ရောင်းအားမှာ ယွမ်ငွေ ၆.၇ ဘီလီယံအထိ ရှိလာခဲ့ပြီး ဒုတိယအများဆုံးသော ရောင်းအားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ တရုတ်နိုင်ငံ၏ ဇန်နဝါရီလအတွင်းက ရုပ်ရှင်ဝင်ငွေမှာ ယွမ် ၁.၄၇ ဘီလီယံကျော်ထိ ရှိလာသဖြင့် စံချိန်တင်လတစ်ခုဖြစ်ခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် အရှိန်အဟုန်နှင့်ထိုးတက်နေမည်ဟု Standard Chatered ဥက္ကဋ္ဌဖြစ်တဲ့ ဂျိုစ့်ဗီလ်စ်ကဆိုသည်။ IMF တွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေသော ခရစ်စတယ်လီးနားဂျော်ဂျီဗာက တရုတ်နိုင်ငံ၏စီးပွားရေးမှာ ယခုနှစ်တွင်လည်း ဆက်လက်တိုးတက်မည်ဟု ခန့်မှန်းခဲ့ပြီး နိုင်ငံတကာအတွက် အရေးပါဆုံးသော အဓိကအကြောင်းအရာဖြစ်လာမည်ဟု ခန့်မှန်းခဲ့သည်။

IMF ကနေ နောက်ဆုံး ထုတ်ပြန်ထားသော စီးပွားရေးအလားအလာအရ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ မူလခန့်မှန်းထားသော အချိန်ထက်စောကာ တိုးတက်မှုမြန်ဆန်လာခဲ့သဖြင့် အောက်တိုဘာလ ခန့်မှန်းချက် ၄.၄ ရာခိုင်နှုန်းကို တိုးကာ ၅.၂ ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာစီးပွားရေးတိုးတက်မှုကို ၀.၂ ရာခိုင်နှုန်းထပ်တိုးခဲ့ပြီး ၂.၉ ရာခိုင်နှုန်းသာ ရှိမည်ဟု ခန့်မှန်းထားခဲ့သည်ကိုကြည့်လျှင် တရုတ်၏စီးပွားရေး အားကောင်းလာမှု မည်မျှမြန်ဆန်နေသည်ကို မြင်ရမည် ဖြစ်သည်။

တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် အရေးပါသော စားသုံးသူနိုင်ငံဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာ ကားရောင်းအားတွင်  ၄၀ ရာခိုင်နှုန်းရှိကာ အမေရိကန်နိုင်ငံထက် နှစ်ဆခန့်ရှိခဲ့ပြီး စမတ်ဖုန်းရောင်းအားတွင် ကမ္ဘာ့တစ်ဝန်းရောင်းအား၏  ၂၅ ရာခိုင်နှုန်းရှိခဲ့သဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံးသော စမတ်ဖုန်းစျေးကွက်မှာ တရုတ်နိုင်ငံ ဖြစ်ခဲ့သည်။

ပြန်လည်ဖွင့်လှစ်ခြင်းနှင့် မူဝါဒနှိုးဆွမှုကြောင့် ၂၀၂၃ခုနှစ်တွင် ရေရှည်စီးပွားရေးပြန်လည်နာလန်ထူလာရန် ရင်းနှီးမြှုပ်နှံသူများက မျှော်လင့်ထားကြသည်။ တရုတ်၏ စီးပွားရေးမှာ Covidနောက်ပိုင်းပြန်လည်နာလန်ထူလာပြီးနောက် ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် စျေးကွက်များနှင့်မူဝါဒချမှတ်မှုကြောင့် အကောင်းဘက်မှ ဖြစ်ထွန်းမှုများရှိခဲ့သည်။ တရုတ်အစိုးရက စီးပွားရေးကို ဦးစားပေးလုပ်ဆောင်နေသောကြောင့် လာမည့် ဒုတိယသုံးလပတ်တွင် သိသိသာသာ ပြန်လည်ကောင်းမွန်လာမည်ဟု တွက်ချက်ထားသည်။ လက်ရှိတွင် တရုတ်ယွမ်ငွေက အားကောင်းလာနေပြီး တရုတ်ပြည်တွင်း လက်လီရောင်းချမှု လစဉ်ညွှန်းကိန်းများကလည်း  အံအားသင့်ဖွယ်တက်လာနေသည်။

ယခုအချိန်အထိ၊ အစိုးရစီးပွားရေးပညာရှင်များနှင့် နိုင်ငံတကာလေ့လာသုံးသပ်သူအုပ်စုတစ်စုက  တရုတ်၏တိုးတက်မှုနှုန်းကို ၂၀၂၃ ခုနှစ်အတွက် ၄.၃ ရာခိုင်နှုန်း နှင့် ၅.၄ ရာခိုင်နှုန်းကြားအထိ မြှင့်တင်ထား သည်။ အချို့က ပေကျင်း၏GDP တိုးတက်မှုပန်းတိုင်ကို ၅ ရာခိုင်နှုန်းထက်ကျော်လွန်ရန် မျှော်လင့်ထားသည်။တရုတ်နိုင်ငံ၏ GDP တိုးတက်မှုသည် လာမည့်နှစ်များတွင် ဆက်လက်တိုးတက်မည်ဟု ခန့်မှန်းထားပြီး အချို့သော ခန့်မှန်းချက်များအရ မကြာမီကာလအတွင်း ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံအဖြစ် အမေရိကန်ကို ကျော်တက်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။တရုတ်၏စီးပွားရေးသည်  ၂၀၂၂ ခုနှစ်အတွင်း  စိန်ခေါ်မှုအချို့နှင့် ရင်ဆိုင်ခဲ့ရသော်လည်း ကမ္ဘာ့စီးပွားရေးတွင် အဓိကနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး တိုးတက်မှုကို လာမည့်နှစ်များတွင် ဆက်လက်တွေ့ ကြုံခံစားနိုင်ရန် မျှော်လင့်ထားသည်။

 လင်းသစ်အောင်