【 ဆောင်းပါး 】တရုတ်စျေးကွက်နဲ့ မြန်မာ့ကြံအလားအလာ

【 ဆောင်းပါး 】တရုတ်စျေးကွက်နဲ့ မြန်မာ့ကြံအလားအလာ 

မြန်မာနိုင်ငံအတွင်းက ဒေသအသီးသီးမှာ ယခုနောက်ပိုင်းကာလအတွင်း နှစ်စဉ်ကြံသီးနှံစိုက်ဧက ၄ သိန်းကျော် စိုက်ပျိုးလျက်ရှိပါတယ်။ ကြံသီးနှံစိုက်ပျိုးရေးကို အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့မှာ အများဆုံးစိုက်ပျိုးထုတ်လုပ်နေပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း အနည်းအကျဉ်းစိုက်ပျိုးတာတွေ့ရပါတယ်။

ကြံသီးနှံဟာ အခြားသီးနှံတွေနဲ့စာရင် စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာတာ ၊ ရာသီဥတုအပါအဝင် ပိုးမွှား ရောဂါတွေကြောင့် ပျက်စီးဆုံးရှုံးမှုအန္တရာယ်လည်းလျော့နည်းတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ တစ်နှစ်စိုက်ပျိုးပြီးရင် အနည်းဆုံး ၂နှစ်ကနေ ၃နှစ်အထိ အသစ်ထပ်စိုက်ပျိုးစရာမလိုဘဲ မြေပြင်ပေးတာ၊ မြေဩဇာကျွေးရုံနဲ့တင် အကျိုးအမြတ်ထပ်ရနိုင်တဲ့ သီးနှံဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ကြံစိုက်ဧကတွေ လျော့ကျသွားပါတယ်။ အရင်တုန်းက မြန်မာနိုင်ငံအနေနဲ့ ကြံစိုက်ဧက (၅) သိန်းကျော် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကစပြီး ကြံစိုက်ဧကဟာ (၄) သိန်းကျော်လောက်ပဲ ရှိပါတော့တယ်။

အဓိကတော့ ပြည်တွင်းက လည်ပတ်နေတဲ့သကြားစက်တွေက တောင်သူတွေစိုက်ပျိုးထွက်ရှိလာတဲ့ကြံကို စျေးကောင်းပေးဝယ်ခြင်းမရှိတာနဲ့ ကြံစိုက်တောင်သူတွေကို အရင်းအနှီးထောက်ပံ့မှု မပေးတော့တာတွေကလည်း အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

ဒီလိုနဲ့ မြန်မာနိုင်ငံအတွင်းမှာ ကြံစိုက်ဧကဟာလည်း တဖြေးဖြေးလျော့နည်းလာခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ကြံရိတ်သိမ်းရာသီမှာတော့ တရုတ်ဘက်ကစျေးကောင်းပေးဝယ်နေတယ်ဆိုတဲ့သတင်းကလည်း ကြံစိုက်တောင်သူတွေအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။

တရုတ်ဘက်က ဝယ်ယူတဲ့ကြံကတော့ ရှမ်းပြည်နယ်အတွင်းကထွက်ရှိတဲ့ ကြံအများစုပဲဖြစ်ပေမယ့်လည်း ပြည်တွင်းသကြားစက်တွေထက် စျေးနှစ်ဆကျော်ပေးဝယ်တာကြောင့် တစ်နိုင်ငံလုံးက ကြံစိုက်တောင်သူတွေပါ စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။

ပြည်တွင်းသကြားစက်တွေက ဝယ်ယူနေတဲ့ ကြံသီးနှံစျေးနှုန်းတွေက ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်လောက်က တစ်တန်ကို ကျပ်လေးသောင်းဝန်းကျင်လောက်သာရှိခဲ့ရာက အခုနှစ်မှာတော့ ကြံတစ်တန်ကို ၉ သောင်းကျော်ထိ စျေးပေါက်နေတာဖြစ်ပါတယ်။

တရုတ်နယ်စပ်မှာရှိတဲ့ ရှမ်းပြည်နယ်အတွင်းက စိုက်ပျိုးထုတ်လုပ်တဲ့ကြံများကို တရုတ်ဘက်က ဝယ်လိုအားကောင်းနေပြီး ယခုနှစ်ကြံရာသီမှာ ကြံတစ်တန်ကို ယွမ်ငွေ ၄၅၀ (မြန်မာငွေနှစ်သိန်းကျော်)ဖြင့် ဈေးဖွင့်ဝယ်ယူနေလို့ နယ်စပ်ဒေသများမှ ကြံစိုက်တောင်သူများက ဈေးပိုမိုရရှိနေတာ ဖြစ်ပါတယ်။

ထိုသို့တင်ပို့ရာတွင် ကြံစိုက်ပျိုးရာဒေသများဖြစ်တဲ့ လောက်ကိုင်၊ ချင်းရွှေဟော်၊ နမ့်ခမ်း ၊ လွယ်ဂျယ် ၊မူဆယ် စတဲ့ ဒေသတွေမှာ စိုက်ပျိုးထားသော ကြံများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်မှစတင်ကာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်များဖြစ်သည့် လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တင်ပို့နေခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံကိုတင်ပို့ရောင်းချနေတဲ့ ကြံသီးနှံဟာ ရှမ်းပြည်နယ်ထဲမှာ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထွက်ရှိတဲ့ ကြံတွေလည်းပါဝင်ပါတယ်။ တရုတ်နယ်စပ်ဂိတ်များ  ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် ပြည်ပသို့ ကြံတင်ပို့မှုတိုးလာပြီး မြန်မာဘက်က ကုန်ယာဉ်မောင်းများအနေဖြင့် တရုတ်သကြားစက်ရုံများဆီ တိုက်ရိုက်တင်ပို့ ခွင့်ရရှိနေတာဖြစ်ပြီး မတ်လကုန်အထိ ဆက်လက်တင်ပို့မယ်လို့ သိရပါတယ်။

ယခုနှစ်ကြံစိုက်ရာသီမှာ ဘိန်းအစားထိုးသီးနှံဖြစ်တဲ့ ကြံကိုတရုတ်နိုင်ငံဘက်သို့ ချင်းရွှေဟော်နယ်စပ်မှတစ်ဆင့် တန်ချိန် ၁၆၀၀၀၀ ခန့်အထိ တင်ပို့သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။တရုတ်နိုင်ငံသို့ ကြံအချောင်းလိုက်တင်ပို့မှုမှာ ကိုဗစ်-၁၉ ရောဂါမတိုင်မီက တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းခန့် တင်ပို့ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစတင်ကာ တင်ပို့မှုလျော့ကျခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကြံထုတ်လုပ်မှု၊ သကြားထုတ်လုပ်မှုနဲ့ ဈေးကွက်အခြေအနေများကို လေ့လာရာတွင် တစ်ဧက ကြံအထွက်နှုန်း နိမ့်ကျနေခြင်း၊ ပြည်တွင်းသကြားစက် ၂၂ စက်မှ သကြားညိုတန်ချိန် လေးသိန်းထုတ်လုပ်နိုင်ပြီး သန့်စင်သကြား refine sugure တန်ချိန် တစ်သောင်းသာ ထုတ်လုပ်နိုင်ပါသေးတယ်။ ပြည်တွင်းမှာ အရည်သွေးမြင့် သကြားမထုတ်နိုင်သေးခင်ဟာ ပြည်တွင်းကြံထုတ် လုပ်များမှုအများဆုံး နေရာထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်းက ကြံစိုက်တောင်သူတွေအတွက် တရုတ်ဝယ်လက်ရှိနေတာကြောင့် အဆင်ပြေတယ်လို့ ပြောရမှာပါ။

ဒါကြောင့် တရုတ်နယ်စပ်လမ်းကြောင်း အဆင်ပြေချောမွေ့နေမှသာ မြန်မာနိုင်ငံအတွင်းက ထွက်ရှိနေတဲ့ ကြံသီးနှံတွေကို အဆင်ပြေပြေ တင်ပို့နိုင်မှာဖြစ်သလို ဘိန်းအစားထိုးသီးနှံအဖြစ်စိုက်ပျိုးနေတဲ့ ကြံစိုက်တောင်သူတွေဟာလည်း ပုံမှန်ဝင်ငွေ ရရှိလာမှာဖြစ်ပါတယ်။

ဒီလိုပဲ ပြည်တွင်းသကြားစက်တွေကို အားကိုးရောင်းချနေရတဲ့ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့ က ကြံစိုက်တောင်သူတွေအတွက်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်ကိုကျော်လွန်ပြီး အကျိုးအမြတ်တွေရရှိဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

ခန့်မောင်