【 ဆောင်းပါး 】တရုတ်နိုင်ငံက ထင်ရှားတဲ့ မြစ်ကြီးများ

【 ဆောင်းပါး 】တရုတ်နိုင်ငံက ထင်ရှားတဲ့ မြစ်ကြီးများ

တရုတ်နိုင်ငံဟာကမ္ဘာ့အဖွံ့ဖြိုးတိုးတက်ဆုံးနိုင်ငံမှာပါဝင်တဲ့အပြင် သဘာ၀တောတောင် ရေမြေသဘာ၀ အလှတရား တွေကိုလည်း များစွာပိုင်ဆိုင်ထားပါတယ်။ တရုတ်နိုင်ငံမှာ မြင့်မားတဲ့တောင်တန်းတွေ၊ စိမ်းလန်းစိုပြေနေတဲ့သစ်တောတွေအပြင် ကျယ်ပြန့်တဲ့လွင်ပြင်တွေနဲ့  ထင်ရှားတဲ့ မြစ်ကြောင်းများပြား တည်ရှိနေပါတယ်။

တရုတ်နိုင်ငံမှာ မြစ်ကြောင်းတွေကို အတွင်းမြစ်ကြောင်းနဲ့ အပြင်မြစ်ကြောင်းဆိုပြီး ခွဲခြားထားပါတယ်။ မြစ်ဝှမ်းဧရိယာ စတုရန်း ကီလိုမီတာ ၁၀၀၀ အထက်ရှိတဲ့မြစ်ပေါင်း ၁၅ဝဝ ရှိပါတယ်။ပင်လယ်ထဲစီးဝင်တဲ့ အပြင် မြစ်ကြောင်းတွေရဲ့ မြစ်ဝှမ်းဧရိယာဟာ တရုတ်နိုင်ငံ မြေဧရိယာစုစုပေါင်းရဲ့ ၆၄ ရာခိုင်နှုန်းရှိပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့မြစ်ကြီးနှစ်စင်းဖြစ်တဲ့ ယန်စီမြစ်နဲ့  မြစ်ဝါမြစ်တို့ တည်ရှိရာနေရာဖြစ်ပါတယ်။ ယန်စီမြစ်ဟာ  တရုတ်နိုင်ငံမှာ အရှည်ဆုံးမြစ်ဖြစ်ပြီး ကမ္ဘာ့တတိယအရှည်ဆုံးမြစ်ဖြစ်ပါတယ်။ ယန်စီမြစ်ဟာ တရုတ်နိုင်ငံမှာအကြီးဆုံးဖြစ်သလို အာရှတိုက်မှာလည်းအရှည်ဆုံး မြစ်ဖြစ်ပါတယ်။ ယန်စီမြစ်ဟာ စုစုပေါင်းအရှည် ကီလိုမီတာ ၆၃၀၀ ရှိပြီး အာဖရိကတိုက်က နိုင်းမြစ်နဲ့ တောင်အမေရိကတိုက်က အမေဇုန်မြစ်တို့ပြီးရင် ကမ္ဘာ့တတိယ အကြီးဆုံးမြစ်လည်း ဖြစ်ပါတယ်။ ယန်စီမြစ်ရဲ့ အဦးအစပိုင်းဟာ တောင်တွေ၊ နက်ရှိုင်းတဲ့လျှိုမြောင်တွေရဲ့ကြားကနေ ဖြတ်သန်းလာတာဖြစ်ပြီး ရေအရင်းအမြစ်များစွာကြွယ်ဝလှပါတယ်။

ယန်စီမြစ်ဟာတရုတ်နိုင်ငံအရှေ့နဲ့အနောက်အတွက်အရေးပါတဲ့ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းကြီး ဖြစ်ပါတယ်။ သူ့ရဲ့သဘာဝမြစ်လမ်းကြောင်းကလည်း ကောင်းမွန်လှသမို့ ရွှေရောင်ရေလမ်းကြောင်းအဖြစ် တင်စားကြပါတယ်။ ယန်စီမြစ်ရဲ့မြစ်ဝကျွန်းပေါ်ဒေသဟာ ရာသီဥတုနွေးထွေး၊ စိုစွတ်၊ မိုးရေချိန်လည်းပြည့်ဝသလို မြေဩဇာကောင်းပြီး တရုတ်နိုင်ငံရဲ့စက်မှုလက်မှုလုပ်ငန်း တိုးတက်တဲ့ဒေသဖြစ်ပါတယ်။

ယန်စီမြစ်ပြီးရင် တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြစ်ကတော့ မြစ်ဝါမြစ်ဖြစ်ပါတယ်။ မြစ်ဝါမြစ်ရဲ့ အရှည်ကတော့ ကီလိုမီတာ ၅၅၀၀ ရှိပါတယ်။ မြစ်ဝါမြစ်ဝှမ်းဟာ စားကျက်မြေပေါများပြီး သတ္တုအရင်းအမြစ် ကြွယ်ဝလှ ပါတယ်။ သမိုင်းတစ်လျှောက် တရုတ်နိုင်ငံရဲ့ရှေးခေတ်ယဉ်ကျေးမှုမြစ်ဖျားခံရာ နေရာတစ်ခုအဖြစ်အရေးပါလှပါတယ်။

ယန်စီမြစ်၊ မြစ်ဝါမြစ်နဲ့  ဟေးလုံးကျန်းမြစ်၊ ကျူးမြစ်၊ လှောင်မြစ်၊ ဟိုင်မြစ်နဲ့ ဟွိုင်မြစ် တို့ဟာ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာထဲ စီးဝင်သွားပါတယ်။ တိဗက်က ယာလူဇန့်ပုမြစ်ဟာ အရှေ့ ဘက်ကနေ  တရုတ်ပြည်တွင်း ကနေ စီးဆင်းလာပြီး တောင်ဘက်ကိုလမ်းကြောင်းပြောင်းကာ အိန္ဒိယသမုဒ္ဒရာထဲ စီးဝင်ပါတယ်။

ယာလူဇန့်ပုမြစ်ကြောင်းအရှည်ဟာ  ၅၀၄ ဒသမ ၆ ကီလိုမီတာ၊ အနက် ၆၀၀၉ မီတာရှိပြီး  ယာလူဇန့်ပု လျှိုမြောင်ကြီးအဖြစ်လူသိများကာ  ကမ္ဘာ့အကြီးဆုံးလျှိုမြောင်ကြီးအဖြစ် ထင်ရှားတယ်လို့ဆိုပါတယ်။ ရှင်းကျန်း က အယ်အယ်ချီစီးမြစ်ကတော့ မြောက်ဘက်ကို တရုတ်ပြည်တွင်း ကနေစီးဆင်းပြီး အာတိတ်သမုဒ္ဒရာထဲကို ဆက်လက် စီးဝင်သွားပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်းရဲ့ မြစ်ကြီးတစ်စင်းအဖြစ် မှတ်တမ်းဝင်တာကတော့ ဟေးလုံးကျန်းမြစ်ဖြစ်ပါတယ်။ ဒီမြစ်ရဲ့ အရှည်ဟာ ကီလိုမီတာ ၄၃၅၀ ရှိပြီး ကီလိုမီတာ ၃၄၂ဝ ဟာ တရုတ်နိုင်ငံအတွင်း ဖြတ်သန်းစီး ဆင်းသွားပါတယ်။ ကျူးကျန်းမြစ်ဆိုတာကတော့ တရုတ်နိုင်ငံ တောင်ပိုင်းရဲ့ မြစ်ကြီးတစ်စင်းဖြစ်ပြီး စုစုပေါင်း အရှည်ကီလိုမီတာ ၂၂၁၀ ရှိပါတယ်။

တရုတ်နိုင်ငံမှာ အရှည်ဆုံးသောအတွင်းမြစ်ကြောင်းကတော့ ရှင်းကျန်းပြည် တောင်ပိုင်းက ထာလီမုမြစ်ဖြစ်ပြီး စုစုပေါင်းအရှည် ၂၁၃၇ ကီလိုမီတာရှိပါတယ်။

သဘာဝမြစ်ကြောင်းတွေအပြင် တရုတ်နိုင်ငံမှာနာမည်ကျော်ကြားတဲ့ လူလုပ်မြစ် (လက်ဆယ်မြစ်) တစ်စင်းလည်းရှိပါတယ်။ အဲဒီမြစ်ကတော့ တောင်နဲ့မြောက်ကို ဆက်သွယ်ထားတဲ့ ပွင့်ဟော်မြစ်ကြီးဖြစ်ပါတယ်။ အေဒီ ၅ ရာစုက စတင်ဖောက်လုပ်ထားတာ ဖြစ်ပြီး တရုတ်မြောက်ပိုင်းဘေကျင်းကနေ တရုတ်တောင်ပိုင်း ကျန့်ကျန်းပြည်နယ်၊ ဟန်ကျိုးဒေသအထိ ပေါက်ရောက်ပါတယ်။

ဟိုင်ဟယ်မြစ်၊ မြစ်ဝါမြစ်၊ ဟွိုင်ဟယ်မြစ်၊ ယန်စီမြစ်နဲ့ ချန်တန်မြစ်တို့ရဲ့ အဓိကရေစနစ်ကြီး ငါးခုနဲ့လည်း ဆက်စပ်နေပါတယ်။ စုစုပေါင်းအရှည် ၁၈၀၁ကီလိုမီတာရှိပြီး ကမ္ဘာ့အစောဆုံးနဲ့ အရှည်ဆုံး လူလုပ်မြစ် ဖြစ်ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံဟာ  ထင်ရှားတဲ့မြစ်ကြောင်းတွေပိုင်ဆိုင်ထားတယ်ဆိုတာ ငြင်းနိုင်မယ်မထင်ပါဘူး။

ကရင်လေး(အိမ်မဲ)