【 ဆောင်းပါး 】တရုတ်ပြည်ရဲ့ နာမည်ကျော်ကြားလှတဲ့ တောင်တန်းများ

【 ဆောင်းပါး 】တရုတ်ပြည်ရဲ့ နာမည်ကျော်ကြားလှတဲ့ တောင်တန်းများ

တရုတ်ပြည်ဟာ အာရှကုန်းမြေရဲ့ အရှေ့ဘက်ပိုင်းနဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ နောက်ဖက်ကမ်းခြေမှာ တည်ရှိပြီး နိုင်ငံရဲ့အကျယ်အဝန်းအားဖြင့် ဧရိယာ စတုရန်းကီလိုမီတာပေါင်း ၉.၆ သန်းနဲ့ စတုရန်းမိုင်ပေါင်း ၃.၇ သန်းကျော် ကျယ်ဝန်းလှပါတယ်။    တရုတ်နိုင်ငံဟာ အာရှတိုက်ရဲ့  အကျယ်ဝန်းဆုံးသောနိုင်ငံတစ်ခုဖြစ်ကာ တစ်ကမ္ဘာလုံးရှိ နိုင်ငံတွေအနက် ရုရှား၊ ကနေဒါပြီးရင် တတိယအကြီးဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့  ရာသီဥတုကောင်းမွန်ပြီး မြေမျက်နှာသွင်ပြင်မှာလည်း ပုံစံအမျိုးမျိုးဖြင့် ကွဲပြားခြားနားလို့နေပါတယ်။

တရုတ်နိုင်ငံဟာ တောင်တန်းတွေပေါများလှတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ တောင်တန်းဒေသရဲ့ဧရိယာဟာ တစ်နိုင်ငံလုံးစုစုပေါင်းဧရိယာရဲ့ သုံးပုံနှစ်ပုံဝန်းကျင်ခန့်ရှိပါတယ်။ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက ကမ္ဘာရဲ့  မြေဆီလွှာလှုပ်ရှား ပြတ်ရွေ့မှုတွေကြောင့် ဝေဟင်ထက်မှ တရုတ်ပြည်ကိုကြည့်လိုက်ရင် မြေမျက်နှာသွင်ပြင် အနေအထားဟာ လှေခါးထစ်ပုံစံနဲ့ အနောက်ဘက်ပိုင်းကနေ အရှေ့ဘက်ကို နိမ့်ဆင်းသွားတာကို မြင်တွေ့နိုင်ပါတယ်။ 

သစ်ပင်၊ သစ်တောများလည်းပေါများသလို သဲကန္တာရတွေလည်း ရှိပါတယ်။ ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသောဒေသများတွင်လည်း နွေးသမပိုင်းသစ်တောများဖြင့်ဖုံးလွှမ်းကာ စိမ်းစိုလျက်ရှိပါတယ်။

တံတိုင်းကြီးတွေသဖွယ် မြင့်မားထည်ဝါလှတဲ့ ရိုးမတောင်တန်းကြီးတွေကလည်း တရုတ်နိုင်ငံကို စည်းရိုးသဖွယ်ဝန်းရံလို့နေပါတယ်။ သစ်ပင်သစ်တောများ ပေါများသဖြင့် ရာသီဥတုကောင်းမွန်ကာ ပူနွေးစိုစွတ်တဲ့ ရာသီဥတုလည်း ရှိပါတယ်။

တရုတ်နိုင်ငံဟာ သစ်တောဖုံးလွှမ်းမှု ၂၀.၃၆ ရာခိုင်နှုန်းသာရှိပြီး နိုင်ငံရဲ့အကျယ်အဝန်း၊ နိုင်ငံရဲ့ လူဦးရေနဲ့ ယှဉ်လိုက်ရင်တော့နည်းတယ်လို့တော့ ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံ သဘာ၀သစ်တောတွေဟာ များသောအားဖြင့် အရှေ့မြောက်ပိုင်းနဲ့ အနောက်တောင်ဘက်ပိုင်းတွေမှာ များပြားလှပါတယ်။ လူနေဦးရေထူထပ်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အရှေ့ပိုင်းမြေပြန့်လွင်ပြင်ဒေသနဲ့ကျယ်ပြန့်လှတဲ့အနောက်မြောက်ပိုင်းဒေသတွေမှာ သစ်တောဧရိယာက နည်းပါးပါတယ်။

တရုတ်နိုင်ငံသစ်တောတွေမှာရှိတဲ့ သစ်ပင်အမျိုးအစားတွေကစုံလင်လှကာ တန်ဖိုးကြီးသစ်ကြီးဝါးကြီးတွေပါ ပေါများလှပါတယ်။ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် တရုတ်နိုင်ငံက သစ်ပင်စိုက်ခြင်းများနဲ့ အကြီးစားသစ်တောပျိုးထောင်ခြင်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်မှုတွေကြောင့် လက်ရှိအချိန်မှာတော့ နိုင်ငံတစ်ဝန်း သစ်တောဧရိယာဟက်တာပေါင်း  သန်း၆၀ကျော် တည်ရှိလာနေပြီပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အနောက်ဘက်ပိုင်းတွင် တောင်တန်းများနဲ့  ကုန်းပြင်မြင့်များရှိပြီး၊ ကမ္ဘာ့ကျောရိုးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဟိမဝန္တာတောင်တန်းနှင့် ထျန်းရှန်းတောင်တန်းတို့ကလည်း  အိန္ဒိယနှင့် ဗဟိုအာရှဒေသတို့ကို ပိုင်းခြားထားတဲ့ စည်းရိုးအဖြစ်သဘာဝအရ တည်ရှိနေပါတယ်။

တောင်စဉ်တောင်တန်းများလည်း ပေါများကာ တရုတ်နိုင်ငံရဲ့ ထင်ရှားကျော်ကြားလှတဲ့ ရိုးမတောင်တန်း ကြီးတွေကတော့ ဟိမ၀န္တာတောင်တန်း၊ ခွန်းလွန်တောင်တန်း၊ ထျန်းရှင်းတောင်တန်း၊ ထန်ကူလားရိုးမတောင်တန်း၊ ချင်းလင်ရိုးမတောင် တန်း၊ တာရှင်အန်းရိုးမတောင်တန်း၊ ထိုက်ဟန်တောင်တန်း၊ ချီလျင်တောင်တန်းနဲ့ ဟိန်တျွန့်တောင်တန်း စတဲ့ တောင်တန်းကြီးတွေပဲ ဖြစ်ပါတယ်။ 

ကမ္ဘာ့အမြင့်ဆုံးနဲ့ အကြီးဆုံး တောင်တန်းဖြစ်တဲ့ ဟိမ၀န္တာတောင်တန်းဟာ တရုတ်၊ အိန္ဒိယနဲ့ နီပေါနိုင်ငံတို့ရဲ့ နယ်စပ်မှာတည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆၀၀ ကျော်မှာတည်ရှိကာ ကီလိုမီတာပေါင်း ၂၄၀၀ ကျော်ရှည်လျားလှပါတယ်။  ဟိမ၀န္တာတောင်တန်းရဲ့ အဓိကတောင်ထွတ်ဖြစ်တဲ့ ဧ၀ရက်တောင်ထွတ်ဟာလည်း ၈၈၄၄ ဒသမ ၄၃ မီတာရှိကာ ကမ္ဘာ့အမြင့်ဆုံးတောင်ထွတ်လည်းဖြစ်ပါတယ်။

ခွန်းလွန်ရိုးမတောင်တန်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၇၀၀၀ ထိရှိပြီး အရှေ့ဘက် စီချွမ်ပြည်နယ် မြောက်ပိုင်းမှ အနောက်ဘက် ဖါ့မီအယ်ကုန်းပြင်မြင့်အထိ ကီလိုမီတာပေါင်း ၂၅၀၀ ကျော်ရှည်လျား လှပါတယ်။ ခွန်းလွန်ရိုးမတောင်တန်းရဲ့ အမြင့်ဆုံးတောင်ထွတ် ဂယ်အယ်တောင်ထွတ်မှာ ပင်လယ်ရေမျက်နှာ ပြင် အထက် ၇၇၁၉ မီတာအထိရှိပါတယ်။

ထျန်းရှင်းတောင်တန်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၀၀၀ ကျော်ရှိကာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဝေဝူအယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အလယ်ပိုင်းကိုခွလျက်တည်ရှိကာ ထျန်းရှင်းတောင်တန်းရဲ့ အမြင့်ဆုံးတောင်ထွတ် ထျောမုအယ်တောင်ထွတ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၇၄၃၅ ဒသမ ၃မီတာရှိပါတယ်။

ထန်ကူလားရိုးမတောင်တန်း တိဗက်ကုန်းပြင်မြင့်ရဲ့ အလယ်ပိုင်းမှာတည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆၀၀၀ မှာတည်ရှိကာ တရုတ်နိုင်ငံရဲ့ အရှည်ဆုံးမြစ်တစ်စင်းဖြစ်တဲ့ ယန်စီမြစ်ရဲ့ မြစ်ဖျားခံရာ ဒေသလည်းဖြစ်ပါတယ်။ ထန်ကူလားရိုးမတောင်တန်းရဲ့ အမြင့်ဆုံးတောင်ထွတ်တစ်ခုဖြစ်တဲ့ ဂယ်လားတန်းတုန်း တောင်ထွတ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆၆၂၁ မှာတည်ရှိပါတယ်။

ချင်းလင်ရိုးမတောင်တန်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၀၀၀ မှာတည်ရှိပြီး အရှေ့ဘက်မှာ ဟော်နန်ပြည်နယ်၊ အနောက်ဘက်မှာ ကန်စုပြည်နယ်တို့တည်ရှိပါတယ်။ ချင်းလင်ရိုးမတောင်တန်းရဲ့ အမြင့်ဆုံးတောင်ထွတ်ဖြစ်တဲ့ ထိုက်ပိုင်တောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၇၆၇ မှာတည်ရှိပြီး တရုတ်ပြည်နယ်ရဲ့ တောင်နဲ့မြောက်ကိုပိုင်းခြားထားတဲ့ အရေးပါတဲ့ ပထဝီနယ်စပ်မျဉ်းတစ်ကြောင်းလည်းဖြစ်ပါတယ်။

တာရှင်းအန်းလင်ရိုးမတောင်တန်းဟာ ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၁၅၀၀ မှာတည်ရှိပြီး မြောက်ဘက်မှာ ဟေလုံကျန်းပြည်နယ် မော့ဟယ်မြစ်အနီးမှာတည်ရှိပါတယ်။ တာရှင်းအန်းလင်ရိုးမတောင်တန်း ရဲ့ အဓိကတောင်ထွတ်ဖြစ်တဲ့

ဟွမ်ကန်လျန်တောင်ဟာ ပင်လယ်ရေမျက်မှာပြင်အထက်မီတာ ၂၀၂၉ မှာတည်ရှိပါတယ်။

ထိုက်ဟန်ရိုးမတောင်တန်းဟာ ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၂၀၀၀မှာတည်ရှိပြီး မြောက်ဘက် မှတောင်ဘက်သို့ မြေဝါကုန်းပြင်မြင့်ကိုခွလျက်တည်ရှိပါတယ်။ ထိုက်ဟန်ရိုးမတောင်တန်းရဲ့ အဓိကတောင်ထွတ် တစ်ခုဖြစ်တဲ့ ရှောင်၀ူထိုင်ရှန်းတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၈၈၂ မှာတည်ရှိပါတယ်။

ချီလျံရိုးမတောင်တန်းဟာ ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၄၀၀၀ ကျော်မှာတည်ရှိပြီး တိဗက်ကုန်းပြင်မြင့်ရဲ့ အရှေ့မြောက်ဘက်ပိုင်းမှာ အရှည်လိုက်တည်ရှိပါတယ်။ ချီလျံရိုးမတောင်တန်းရဲ့ အဓိကတောင်ထွတ်တစ်ခုဖြစ်တဲ့ ချီလျံတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၅၄၇ မှာတည်ရှိပါတယ်။

ဟိန်တျွန်တောင်တန်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆၀၀၀ မှာတည်ရှိပြီး တိဗက်၊ စီချွမ်နဲ့ ယူနန်စတဲ့ ပြည်နယ်သုံးခုနဲ့ထိစပ်လို့နေပါတယ်။ ဟိန်တျွန်တောင်တန်းရဲ့ အမြင့်ဆုံးတောင်ထွတ်တစ်ခုဖြစ်တဲ့ ကုန့်ဂယ်တောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၇၅၅၆မှာတည်ရှိပါတယ်။

ထိုင်ဝမ်ရိုးမတောင်တန်းဟာ ပင်လယ်ရေအထက်မီတာ ၃၅၀၀ မှာတည်ရှိကာ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဘက်ပိုင်းကို ကန့်လန့်ဖြတ်အဖြစ်တည်ရှိနေပါတယ်။ ထိုင်ဝမ်ရိုးမတောင်တန်းရဲ့ အဓိကတောင်ထွတ်တစ်ခုဖြစ်တဲ့ ယွီရှန်းတောင်တန်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၉၉၇ မီတာမှာတည်ရှိလို့နေပါတယ်။

တရုတ်နိုင်ငံရဲ့ တောင်စဉ်တောင်တန်းတွေက သဘာဝတောတောင်ရေမြေအနေအထားများအတွက်သာ အချက်အခြာကျသည်မဟုတ်ကာ ဘာသာရေးကိုးကွယ်မှုတွင်လည်း မြစ်ဖျားခံရာဒေသများလည်း ဖြစ်ကြပါတယ်။

သမိုင်းမှတ်တမ်းများအရ တရုတ်နိုင်ငံရဲ့ ဘာသာကြီးတစ်ခုဖြစ်တဲ့ တာအိုဘာသာက တောင်စဉ်တောင်တန်းများပေါ်တွင်မွေးဖွားခဲ့ကာ တာအိုဘာသာကိုစတင်တည်ထောင်သူ လာအိုဇူက ဟူနန်ပြည်နယ်ရဲ့  တောင်တန်းများပေါ်တွင် ရှင်သန်နေထိုင်ခဲ့တယ်လို့သိရပါတယ်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ကြသူများက တောင်စဉ်တောင်တန်းများ ပေါ်တွင်နေထိုင်ခဲ့ကြပြီး ဘုရားကျောင်းအများအပြားကို တောင်စဉ်တောင်တန်းများပေါ်တွင် အခိုင်အမာဆောက်လုပ်နေထိုင်ခဲ့ကြရာ ထိုဘုရားကျောင်းဆောင်များကို ယနေ့ထက်တိုင် အများသူငါမြင်တွေ့နိုင်ပါတယ်။

နိုင်တံခွန်