【 ဆောင်းပါး 】တရုတ်ဘက်မှလာသော ကုန်ပစ္စည်းများနှင့် အခြေခံလူနေမှုစနစ်

【 ဆောင်းပါး 】တရုတ်ဘက်မှလာသော  ကုန်ပစ္စည်းများနှင့် အခြေခံလူနေမှုစနစ်

အခြေခံလူနေမှုဘ၀တွင် အသက်ရှင်သန်ရပ်တည်ရေးအတွက် ပုံမှန်စားသောက်နိုင်ရေးဟာ အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သည်။  မိသားစုဘ၀ စားသောက်ရေးအတွက် ရုန်းကန်ရင်း ဝမ်းရေးကို နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းကြရသည်။

ထိုသို့သော နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းလုပ်ကိုင်ရာတွင် ကုန်ပစ္စည်းများရောင်းချ၍ လုပ်ကိုင်ခြင်းမှာလည်း အပါအဝင်ဖြစ်သည်။ ကုန်ပစ္စည်းများ ရောင်းချရာတွင် လက်လီ၊ လက္ကားရောင်းချမှုများရှိသလို အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်းများကိုလည်း ခေတ်နှင့်အညီ လုပ်ဆောင်လာကြသည်။

ပြည်တွင်းမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့်အပြိုင် အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများလည်း စျေးကွက်ပြိုင်ကာ ရောင်းချလာသည်။ အရောင်အသွေး၊ ဒီဇိုင်းပုံစံအနေအထား၊ စျေးနှုန်းအခြေ အနေ ကွာခြားမှုကြောင့် ဝယ်သူအများစုဘက်ကလည်း အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုသာ နှစ်သက်လာသလို ယင်းပစ္စည်းများမှာ ပြည်တွင်းစျေးကွက်အတွင်း တွင်ကျယ်လာခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း ယခုနောက်ပိုင်း လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာသည့် အီလက်ထရွန်နစ်ပစ္စည်းများ စျေးကွက်တွင် အိမ်နီးချင်းနိုင်ငံများမှ ထုတ်လုပ်သည့် ပစ္စည်းများအနက် မူလက ထိုင်းမှတင်သွင်းသောပစ္စည်းများနှင့် တရုတ်မှတင်သွင်းသည့် ကုန်ပစ္စည်းများမှာ စျေးကွက်ယှဉ်ပြိုင်နေသော အခြေအနေမှ စျေးကွက်လိုအပ်ချက် မြင့်မားလာသည့် တရုတ်ပစ္စည်းများမှာ နောက်ပိုင်းတွင် ဝယ်သူအကြိုက်စျေးကွက်မျိုးဖြစ်ခဲ့သည်။

“တရုတ်ပစ္စည်းနဲ့ ယိုးဒယားပစ္စည်းက စျေးကွာတယ်ဆိုပေမယ့် တရုတ်ပစ္စည်းက နှစ်ခုလောက် ဝယ်လို့ရတယ်၊ ရိုရိုသေသေ သုံးရင် အသုံးခံပါတယ်၊ အဲ့ဒီတော့ တရုတ်ပစ္စည်းတွေပဲ ဝယ်တာများတယ်လေ၊ ကျွန်တော်တို့ ရောင်းတဲ့သူတွေဘက်ကလည်း မြန်မြန်နဲ့ ရောင်းရတဲ့ဟာမျိုး ပိုပြီးကြိုက်တယ်လေ၊ အဲ့ဒီတော့လည်း စျေးကွက်ထဲ တရုတ်ပစ္စည်းတွေလူသုံးများလာတာ မဆန်းဘူးလေ”ဟုလည်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်း အီလက်ထရွန်နစ်ပစ္စည်းအရောင်းဆိုင် ဖွင့်ထားသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းတွင် လျှပ်စစ်မီးများအလှည့်ကျ ရလာသလို လျှပ်စစ်မီးပျက်ချိန်တွင် သုံးစွဲသည့် LED မီးအိမ်များ၊ အားသွင်း မီးလုံးများ အစရှိသည့် အီလက်ထရွန်နစ်ပစ္စည်းများတွင်လည်း တရုတ်ပစ္စည်းများက သုံးစွဲသူများပြားနေပြီး တင်သွင်းရောင်းချသူများကလည်း စျေးကွက်အကြိုက်တင်သွင်းနေကြရသည်။ အလားတူ အီလက်ထရွန်နစ် အားသွင်းပန်ကာများ၊ ဓာတ်အားသွင်း၍ အသုံးပြုရသည့် ပစ္စည်းများစွာအနက်တွင်လည်း တရုတ်ပစ္စည်းများက စျေးကွက်ဦးဆောင်နေခြင်း ဖြစ်သည်။

“စျေးကွက်ထဲမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စျေးနှုန်းတွေ မြင့်တက်လာချိန်မှာ တရုတ်ကနေ တင်သွင်းလာတဲ့ ကြက်သွန်တွေကြောင့်လည်း စျေးကွက်ဝယ်လိုအားလိုအပ်ချက်ကို ဖြည့်ပြီးတော့ အရမ်းကြီးစျေးမမြင့်သွားအောင် ချိန်ဆပေးနိုင်ခဲ့တယ်” ဟုလည်း ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်၏ အကြီးအကဲတစ်ဦးက ပြောပြခဲ့သည်။ အခြေခံစားသောက်ကုန်ပစ္စည်း စျေးကွက်တွင်လည်း တရုတ်မှတင်သွင်းလာသည့် ပစ္စည်းများမှာ စျေးကွက်ဝင်နေသလို အားထားအသုံးပြုနေရဆဲ အခြေအနေမျိုးလည်း ဖြစ်နေသည်။ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ စျေးကွက်တွင် တရုတ်မှ တင်သွင်းထားသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးများမှာ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သည့် ကုန်ပစ္စည်းများထက် တစ်ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၁၈၀၀ ကြား ဝန်းကျင်လောက်ဖြင့် စျေးသက်သာခဲ့ကာ စျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

မိုဘိုင်းဖုန်းစျေးကွက်တွင်လည်း ယခင် Keypad များသာ အသုံးပြုခဲ့ကြရသောအချိန်မှ လက်ရှိ Touch Screen များကို တွင်ကျယ်အောင်သုံးစွဲလာသည့် အချိန်များတွင်လည်း တရုတ်နိုင်ငံထုတ်မိုဘိုင်းဖုန်းများမှာ စျေးကွက်အတွင်း ဝယ်လိုအားအများဆုံးဖြင့် ဦးဆောင်နေသည်ဟုလည်း ရန်ကုန်မြို့အခြေစိုက် မိုဘိုင်းဖုန်းအရောင်းဆိုင်များက ဆိုကြသည်။

ဖုန်းတစ်လုံး၏ စွမ်းဆောင်ရည်၊ ဒီဇိုင်းနှင့်အရောင်အသွေး၏ သစ်လွင်ကာ စွဲဆောင်မှုနှင့် သင့်တင့်သောစျေးနှုန်းတို့ကလည်း ဝယ်သူ၏ငွေကြေးသုံးစွဲမှုအရ ရွေးချယ်စရာအကောင်းဆုံးဖြစ်နေသလို ဝယ်လိုအားအကောင်းဆုံးသော အနေအထားဖြင့် ဦးဆောင်နေခြင်းလည်း ဖြစ်သည်။

အလားတူ အဝတ်အထည်စျေးကွက်တွင်လည်း တရုတ်မှတင်သွင်းလာသည့် အဝတ်အထည်ဒီဇိုင်းမျိုးစုံ၊ ပိတ်စအမျိုးမျိုး၊ ဖိနပ်၊ ဦးထုပ်၊ အိတ် စသည်ဖြင့်လည်း ပြည်တွင်းစျေးကွက်တွင် လူသုံးများကာ စျေးကွက်ဝယ်လို အားကောင်းနေသည့် အခြေအနေမျိုးဖြင့် အခြားသောထုတ်ကုန်များရှေ့မှ ဦးဆောင်နေလျက်ရှိသည်။

ယခုနောက်ပိုင်းတွင် အရည်အသွေးပိုင်းပါ ကောင်းမွန်လာခြင်းကြောင့် ပြည်တွင်းစျေးကွက်တွင် အသုံးပြုသူများလာပြီး ရောင်းချသူများမှာလည်း တရုတ်နိုင်ငံထုတ်ပစ္စည်းများကိုသာ အဓိကထားရောင်းချလာခြင်းလည်း ဖြစ်သည်။

“တရုတ်ပစ္စည်း ဆိုတိုင်း Quarlity ကို သွားပြီး အထင်သေးလို့မရဘူး၊ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ သွင်းလာတဲ့ပစ္စည်းတွေက တရုတ် ကွမ်ကျိုးထုတ်တွေများပါတယ်၊ သူက အရင်ဟာတွေထက်ကို Quarlity ကောင်းလို့ ဝယ်တဲ့သူတွေလည်း ကြိုက်ကြတယ်” ဟုလည်း ရန်ကုန်မြို့ရှိ ဖက်ရှင်အဝတ်အထည်မျိုးစုံရောင်းချနေသော အရောင်းဆိုင်တာဝန်ခံ ကိုလွင်မင်းစိုးက ဆိုထားသည်။ ထို့သို့စျေးကွက်အတွင်း ရောင်းတန်းဝင်ကာ ဝယ်လိုအားများလာခြင်းကြောင့် တရုတ်စျေးကွက်မှ အဝတ်အထည်၊ လူသုံးကုန်အပါအဝင် ကုန်စည်အမျိုးမျိုးကို အများအပြား တင်သွင်းမှုများကို လုပ်ဆောင်လာခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် ပို့ကုန်အနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆၃၅၂ ဒသမ ၂၃၉ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ  ဒေါ်လာ ၃၅၀၉ ဒသမ ၄၄၀ သန်း၊စုစုပေါင်း ဒေါ်လာ ၉၈၆၁ ဒသမ ၆၇၉ သန်း ရှိခဲ့ပြီး သွင်းကုန်အနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ ဒေါ်လာ ၈၅၇၀ ဒသမ ၅၆၇ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၁၂၆၄ ဒသမ ၃၂၈ သန်း စုစုပေါင်း ဒေါ်လာ ၉၈၃၄ ဒသမ ၈၉၅ သန်း ကုန်သွယ်မှုများပြုလုပ်နိုင်ခဲ့ကြောင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် (အောက်တိုဘာလ) ထိ စာရင်းများ၌ ဖော်ပြထားသည်။ ထိုကုန်သွယ်မှု ကိန်းဂဏန်းများအနက်တွင် လူသုံးကုန်ပစ္စည်းများတင်သွင်းမှုမှာ ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ဒေါ်လာ ၂၄၂၁ ဒသမ ၉၉၂ သန်းဖိုး၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ဒေါ်လာ ၄၇၇ ဒသမ ၁၇၀ သန်းဖိုး၊ စုစုပေါင်း ဒေါ်လာ ၂၈၉၉ ဒသမ ၁၆၂ သန်းဖိုး တင်သွင်းခဲ့ကြောင်း ယင်းဝန်ကြီးဌာန၏စာရင်း၌ ဖော်ပြထားလျက်ရှိသည်။

“ပြည်တွင်းမှာ ဝယ်လိုအားကောင်းတယ်ဆိုပြီး အတင်းရမ်းသန်းပြီး သွင်းတာမျိုးလည်း အဆင်မပြေနိုင်ဘူး၊ တကယ်က ဟိုဘက်ဒီဘက်မှာ မှန်ကန်တဲ့ ကုန်သည်တွေပေါ့၊ ပုံမှန်ယုံကြည်မှုတွေနဲ့ လုပ်ကိုင်နေတဲ့ကုန်သည်တွေ အချင်းချင်း လက်တွဲပြီး အလုပ်လုပ်ရင် ငွေကြေးအားဖြင့် လိမ်လည်တဲ့ဖြစ်ရပ်တွေ၊ ကုန်ပစ္စည်းအားဖြင့် လိမ်လည်တဲ့ ဖြစ်ရပ်တွေကနေ ကင်းဝေးစေမှာ”ဟုလည်း ကိုလွင်မင်းစိုးက ရှင်းပြခဲ့သည်။

ပြည်တွင်းစျေးကွက်၏ အရောင်းအဝယ်ကဏ္ဍတွင် အချို့သောသူများမှာ ငါးပွက်ရာငါးစာချသလို လတ်တလော လူစိတ်ဝင်စား၍ ဝယ်လိုအားကောင်းနေသည့် ကုန်ပစ္စည်းမျိုးကိုသာ လိုက်လံလုပ်ဆောင်တတ်ပြီး မှန်ကန်သော အရောင်းအဝယ်ဖြစ်မှု၊ ဝယ်သူအတွက် မှန်ကန်သော အရည်အသွေးရှိသည့် ကုန်ပစ္စည်းမျိုးဖြစ်မှုကို အလေးထားလုပ်ကိုင်ခြင်းမျိုးမရှိဘဲ ကောင်းမွန်သောစျေးကွက်ကျင့်စဉ်ကို ရှောင်ဖယ်ကာ အကျိုးအမြတ်ရရေးတစ်ခုတည်းအဖြစ်သာ ရည်ရွယ်လုပ်ကိုင်ခြင်းများကြောင့်လည်း ရောင်းသူနှင့်ဝယ်သူများကြားတွင် အငြင်းပွားစရာများဖြစ်လာကာ ထုတ်လုပ်သည့် ကုန်ပစ္စည်း Brand အပေါ် နာမည်ဖျက်သလို ဖြစ်လာစေခဲ့သည်။

ထို့ကြောင့်ပင် စျေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် ကုန်စည်၏ အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်းများ၊ အသုံးပြုပုံ၊ ဈေးနှုန်း၊ ဝန်ဆောင်မှုနှုန်းထား၊ မိမိထံပေး အပ်နိုင်မည့်အချိန်၊ ယင်းကုန်ပစ္စည်းအပေါ် အာမခံပေးထားခြင်း ရှိ၊ မရှိ၊ သက်ဆိုင်ရာနိုင်ငံ အစိုးရဌာနအဖွဲ့အစည်းများက သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊ အရည်အသွေးတို့နှင့် ကိုက်ညီရန်၊ ကုန်အညွှန်းအမှတ်အသားများကို ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြထားရန် ယင်းကုန်စည်များနှင့်ပတ်သက်၍ လိုအပ်ပါက ဆက်သွယ်စုံစမ်းနိုင်မည့် လိပ်စာ၊ ဖုန်းနံပါတ်များ ရေးသားဖော်ပြထားခြင်း ရှိ၊ မရှိကိုလည်း ကောင်း၊ အပြစ်အနာအဆာ၊ ချို့ယွင်းချက်များကို ဖုံးကွယ်ထားခြင်း ရှိ၊ မရှိကိုလည်းကောင်း၊ ပါဝင်သည့် အချက်အလက်များမှာ ပြည့်စုံခိုင်မာမှုမရှိဘဲ ချဲ့ကားဖော်ပြထားခြင်းမျိုး ရှိမရှိကိုလည်း ရောင်းသူနှင့်ဝယ်သူကြားတွင်လည်း ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှု လက်ခံသူကြားတွင်လည်းကောင်း လေ့လာစစ်ဆေးလုပ်ဆောင်ခြင်းဖြင့် လတ်တလောကြုံရသည့် ရောင်းသူဝယ်သူကြားတွင် ဝိသမလောဘသားတစ်ချို့ကြောင့် အရောင်းအ ဝယ် ထိခိုက်သော အခြေအနေကို ကုစားနိုင်မည်ဖြစ်သည်။

ခေတ်ကာလ မည်သို့ပင်ပြောင်းလဲသော်လည်း လူမှုအဖွဲ့အစည်းအတွင်း ရောင်းဝယ်မှုများက ရှိနေဦးမည်ဖြစ်သည်။ ထိုရောင်းဝယ်ရာတွင် လူကြိုက်များကာ စျေးကွက်ကောင်းသည့် ကုန်ပစ္စည်းများကို အသုံးပြုသည့် ရောင်းဝယ်မှုများကလည်း ရှိနေဦးမည်ဖြစ်ပြီး ယင်းအနက်တွင် တရုတ်ပစ္စည်းများက အားထားနေရဆဲ အခြေအနေမျိုးဖြင့် စျေးကွက်အတွင်း အခိုင်အမာရှိနေဦးမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ဧပရယ်လ်