【 ဆောင်းပါး 】တရုတ်လူမျိုးတွေရဲ့ ရာသီစက်ဝန်း

【 ဆောင်းပါး 】တရုတ်လူမျိုးတွေရဲ့  ရာသီစက်ဝန်း

နက္ခတ္တဗေဒပညာရပ်ဟာ  သိပ္ပံပညာရပ်မပေါ်ပေါက်ခင် လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက လူအများလက်ခံယုံကြည်ကြတဲ့ပညာရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ရှေးခေတ် ဗေဒင်ပညာရှင်တွေက လူတစ်ယောက် မွေးဖွားတဲ့အချိန်မှာ ကောင်းကင်တွင်ရှိနေတဲ့ ဂြိုလ်ခွင်များကိုကြည့်ခြင်းအားဖြင့် ရှေ့ဖြစ်လာမယ့်အကြောင်းအရာတွေကို ကြိုတင်ကာ ဟောကိန်းများကိုထုတ်လေ့ရှိကြပါတယ်။

လူတစ်ဦးတစ်ယောက်မွေးဖွားသည့် အချိန်၊ နေ့ရက်၊ နာရီတို့ကိုမှတ်သားကာ ရာသီခွင်တွေကို သတ်မှတ်လေ့လည်းရှိကြပါတယ်။ ရာသီခွင်တစ်ခွင်တွင် နက္ခတ်တစ်လုံး(ကြယ်တစ်စု)ရှိကာ ၎င်းရာသီခွင်တစ်ခုစီအတွက် ရုပ်ပုံတစ်ခုစီဖြင့် ခွဲခြားသတ်မှတ်ထားခဲ့ကြပါတယ်။

ထို ၁၂ ရာသီခွင်ကို နေသာမက၊ ကျန် အခြားဂြိုဟ်များကလည်း ဖြတ်သန်းသွားလာကြပါတယ်။ ထိုစဉ်အချိန်က ၁၂ ရာသီခွင်ကို လက်တင်အမည်များဖြင့် ခွဲခြားထားခဲ့ကြကာ ရာသီခွင်အတွင်းမှာရှိတဲ့ နက္ခတ်တွေရဲ့  ရုပ်ပုံများနဲ့လည်း ယှဉ်တွဲဖော်ပြခဲ့ကြပါတယ်။ အဆိုပါ လက်တင်အမည်များမှာ ရှေးဂရိလူမျိုးတွေရဲ့ အခေါ်အဝေါ် တွေကနေ ဆင်းသက်လာခြင်းဘဲ ဖြစ်ပါတယ်။

နက္ခတ္တဗေဒပညာရပ်ဟာ ဗေဒင်ပညာရပ်နည်းပတ်သက်မှုများစွာရှိပါတယ်။ ကမ္ဘာပေါ်ရှိတိုင်းပြည် အသီးသီးမှာ မိမိတို့ လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့များအလိုက် ဝေဒပညာများ တစ်မျိုးစီ ရှိကြပြီး တစ်မျိုးတစ်ဘာသာစီအလိုက် ထူးခြားမှုတွေရှိပါတယ်။ ဒါပေမယ့် တူညီသော အချက်ကလေးတွေကတော့  အနည်းနဲ့အများ ရှိတတ်ကြပါတယ်။

တရုတ်လူမျိုးတွေရဲ့  ရိုးရာအတွေးအခေါ်များနဲ့ တရုတ်ဗေဒင်တွေကိုလည်း “ယင်း” (Yin) နဲ့ “ယန်း” (Yang) စနစ် အပေါ်မှာ အခြေခံထားပါတယ် ။ ယင်းနှင့်ယန်းဟာ စကြဝဋ္ဌာတရားရဲ့ အခြေခံတွေပဲ ဖြစ်ကြပါတယ်။ တရုတ်လူမျိုးတွေက “ယန်း” ကို မျဉ်းရှည်တစ်ခုအနေနဲ့  ဖေါ်ပြကာ “ယင်း” ကို မျဉ်းတိုနှစ်ခုအနေနဲ့  ဖေါ်ပြလေ့ရှိကြပါတယ်။

တရုတ်လူမျိုးတွေမှာတော့ နှစ်တစ်နှစ်တိုင်းကို ကိုယ်စားပြုတဲ့ ရာသီအလိုက်အကောင်တွေ အသီးသီးရှိကြပါတယ်။ ရာသီခွင်အရ နှစ်တစ်နှစ်ကို ကိုယ်စားပြုတဲ့ ရာသီအလိုက်အကောင်တွေ အသီးသီးဟာ တရုတ်လူမျိုးတွေရဲ့ နေ့စဉ်လူမှုဘ၀နဲ့ ယဉ်ကျေးမှုမှာ အရေးပါသလို လူ့ဘဝကံကြမ္မာကိုလည်း အဆုံးအဖြတ်ပေးတဲ့ အရာတွေပဲဖြစ်ကြပါတယ်။

ထိုနှစ်တစ်နှစ်ကို ကိုယ်စားပြုတဲ့ ရာသီအလိုက်အကောင်တွေက ကျန်းမာရေး၊ စီးပွားရေးနဲ့ နှလုံးသားရေးရာတွေအထိပါ လွှမ်းမိုးမှုရှိသလို လက်ထပ်ဖို့ သင့်တော်၊ မတော်နဲ့ ကလေးယူဖို့ သင့်တော်၊ မတော်စတဲ့ ကိစ္စတွေအထိပါ အဆုံးအဖြတ်ပေးသလို တရုတ်လူမျိုးတွေကလည်း ယုံသက်ဝင်မှုလည်း ရှိကြပါတယ်။

တရုတ်ရာသီခွင်များကို  ဟန်မင်းဆက် လက်ထက်တုန်းကတည်းက စတင်အသုံးပြုခဲ့ကြကာ တရုတ်နိုင်ငံနှင့် အရှေ့အာရှဒေသတွင်လည်း ယနေ့တိုင် အသုံးပြုနေတဲ့ ပြက္ခဒိန်ဖြစ်ပါတယ်။ တရုတ်ရိုးရာပြက္ခဒိန်ဟာ ကောဇာသက္ကရာဇ်ကဲ့သို့”လ”ကိုကြည့်၍တွက်ချက်ခြင်းနှင့် ခရစ်သက္ကရာဇ်ကဲ့သို့”နေ”တစ်မျိုးတည်းကို ကြည့်၍ တွက်ချက်သည့် ပြက္ခဒိန်အမျိုးအစားမဟုတ်ဘဲ နေနှင့်လ နှစ်မျိုးစလုံးကိုကြည့်၍တွက်ချက်သောပြက္ခဒိန်ပဲဖြစ်ပါတယ်။

တရုတ်ရာသီခွင်စက်ဝန်းတစ်ပတ်ကို ဒြပ်စင် (၅) မျိုးဖြင့် သတ်မှတ်ထားကာ ရာသီစက်ဝန်းတစ်ပတ်ပြည့်ဖို့အတွက် နှစ် (၆၀)ကြာမြင့်ပါတယ်။ ဒြပ်စင်အမျိုးအစားမှာ သစ် ၊ မြေ  ၊ မီး ၊ ရေ နဲ့ သတ္တုတို့ဖြစ်ကြပါတယ်။ ရာသီခွင်တပတ်သည် (၁၂)နှစ်ဖြစ်ပြီး ကြွက်နှစ်မှ အစဉ်လိုက်စတင်ကာ  ဝက်နှစ်မှာ အဆုံးသတ်ပါတယ်။

ရာသီခွင်တစ်ပတ်တွင်  ရာသီ(၁၂) ကောင်ပါဝင်ပြီးတော့ ကိုယ်စားပြုရာသီ (၁၂) ကောင်မှာ (၁) ကြွက်၊  (၂) နွား၊ (၃) ကျား၊ (၄) ယုန်၊ (၅) နဂါး ၊ (၆) မြွေ၊ (၇) မြင်း၊ (၈) ဆိတ်၊ (၉) မျောက်၊ (၁၀) ကြက်၊ (၁၁) ခွေး၊ (၁၂) ဝက်တို့ ဖြစ်ကြပါတယ်။

တရုတ်ဝေဒပညာမှာလည်း ရာသီအကောင် ၁၂ ကောင်သည် ၁၂ နှစ်တစ်ပတ်ကာလကို စိုးမိုးတဲ့ အပြင် ၂၄ နာရီ (တစ်နေ့တာ)ကိုလည်း စိုးမိုးထားပါတယ်။ ထိုစနစ်ကို တစ်နည်းအားဖြင့် လဗိမ္မာန်ဘုံ ၁၂ ဆင့် ဟုတင်စားခေါ်ဆိုကြကာ လပြည့်လကွယ်ရက်များဖြင့် တွက်ယူသော ပြက္ခဒိန်လများ ဖွဲ့ယူထားပါတယ်။

ယခု ၂၀၂၃ ခုနှစ်  ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်ကာ ယုန်နှစ်သို့စတင်ဝင်ရောက်လာခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်နက္ခတ်ဗေဒင်အရ ယုန်နှစ်သည် စိတ်ရှည်မှုနှင့် ကံကောင်းခြင်းတို့ကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။ နှစ်တစ်နှစ်တိုင်းစီမှာကိုယ်စားပြုတဲ့ သတ္တဝါတိုင်းမှာ အားနည်းချက်အားသာချက်တွေရှိပါတယ်။ ယုန်နှစ်ကတော့ ငြိမ်းချမ်းမှုကိုကိုယ်စားပြုပါတယ်။

တရုတ်ရိုးရာ ဗေဒင်များအရ ယုန်နှစ်ဖွားများဟာ အပေါ်ယံအားဖြင့်တော့ ကြောက်ရွံ့ထိတ်လန့် တတ်တယ်လို့ ထင်ရသော်လည်း ယုန်နှစ်မွေးဖွားသူများဟာ အမှန်တကယ် တည်ငြိမ်ပြတ်သားသူများ ဖြစ်ကြတာကြောင့် အခက်အခဲဆုံးအခြေအနေတွေကနေ အလွယ်တကူ ရုန်းထွက်နိုင်သူများဖြစ်ကြပါတယ်လို့သိရပါတယ်။ ယုန်နှစ်ဟာ  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်ပြီးဆုံးကာ နှစ်သစ်နဂါးနှစ်သို့ရောက်ရှိမှာ ဖြစ်ပါတယ်။

နိုင်တံခွန်