【 ဆောင်းပါး 】တရုတ်သစ်ပင်စိုက်ပွဲတော်နေ့

【 ဆောင်းပါး 】တရုတ်သစ်ပင်စိုက်ပွဲတော်နေ့

ကမ္ဘာ့နိုင်ငံအသီးသီးမှာ သစ်ပင်စိုက်ပွဲတော်ကို ပုံစံအမျိုးမျိုးနဲ့ နေ့ရက်များ သတ်မှတ်ပြီး ကျင်းပလေ့ရှိပါတယ်။ သစ်ပင်စိုက်ပွဲတော်ကို ကမ္ဘာတစ်ဝန်းက 'Arbor Day' လို့ လူသိများပါတယ်။
'Arbor Day' သစ်ပင်စိုက်ပွဲတော်ဟာ စပိန်နိုင်ငံ Mondoñedo ရွာကနေ ဆင်းသက်လာတယ်လို့ သိရပါတယ်။ ကမ္ဘာ့ပထမဆုံးသော မှတ်တမ်းဝင်တဲ့ သစ်ပင်စိုက်ပွဲတော်ကို ၁၅၉၄ ခုနှစ်မှာ Mondoñedo ရွာရဲ့ အကြီးအကဲက စီစဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ထိုစဉ်အချိန်က စိုက်ပျိုးခဲ့တဲ့ ထုံးနှင့် မြင်းသီးပင်များကို ဆက်လက်မြင်တွေ့နိုင်ပါသေးတယ်။
မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ အမျိုးသား သစ်ပင်စိုက်ပျိုးနေ့ကို မတ်လ ၁၂ ရက်နေ့မှာ သတ်မှတ်ကျင်းပလေ့ရှိပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ တရုတ်နိုင်ငံဟာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေကို အာရုံစိုက်လျက်ရှိနေပြီး၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေး၊ လေထုနဲ့ ရေထုညစ်ညမ်းမှုတွေ လျှော့ချရေးနဲ့ သစ်ပင်ပန်းမန်များ မပြတ်စိုက်ပျိုးရေးတို့ကို လုပ်ဆောင်လျက်ရှိနေပါတယ်။
သစ်တောပြုန်းတီးမှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်ပင်၊ သစ်တောများ အရေးပါပုံကို ပြည်သူများ သိရှိနားလည်စေဖို့အတွက် တရုတ်နိုင်ငံက ၁၉၇၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပဉ္စမအကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေးမှာ တစ်နိုင်ငံလုံး ဆန္ဒအလျောက် သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ အဆိုပါဆုံးဖြတ်ချက်နဲ့အတူ နိုင်ငံလုံးဆိုင်ရာ သစ်ပင်စိုက်ပွဲတော် 'Arbor Day' ဖြစ်ပေါ်လာခဲ့ပြီး အသက် ၁၁ နှစ်က ၆၀ နှစ်ကြားရှိတဲ့ နိုင်ငံသားတိုင်းဟာ တစ်နှစ်ကို သစ်ပင်သုံးပင်မှငါးပင် စိုက်ပျိုးရမယ့် လုပ်ဆောင်ချက်တွေကိုလည်း ချမှတ်ခဲ့ပါတယ်။ ထိုသို့ နှစ်စဉ်နှစ်တိုင်း မပြတ်ကျင်းပခဲ့ရာမှာ ပြည်သူတစ်ရပ်လုံး ပါဝင်လာခဲ့ပြီး၊ စာသင်ကျောင်းများ၊ ပန်းခြံများနဲ့ လူမှုအသိုင်းအဝိုင်းများ အပါအဝင် နိုင်ငံအနှံ့မှာ သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ လှုပ်ရှားမှုတွေကို အမျိုးမျိုးကျင်းပခဲ့ကြပါတယ်။
တရုတ်သစ်ပင်စိုက်ပွဲတော်နေ့ကို နှစ်စဉ်နှစ်တိုင်း မတ်လ ၁၂ ရက်နေ့မှာ ကျင်းပလေ့ရှိပြီး၊ ချစ်သူစုံတွဲအများအပြားဟာလည်း နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ နေ့ထူးနေ့မြတ်မှာ လက်ထပ်မှတ်ပုံတင်မှုတွေ ပြုလုပ်ကြလေ့ရှိပါတယ်။ မတ်လ ၁၂ ရက်နေ့ တရုတ်သစ်ပင်စိုက်ပွဲတော်နေ့မှာ လက်ထပ်ပြီးစ ချစ်သူစုံတွဲတွေဟာ အတူတူ သစ်ပင်စိုက်ပျိုးလေ့ရှိကြပြီး လက်ထပ်ပြီး ဘဝအစနဲ့ သစ်ပင်ရဲ့ ဘဝသစ်အစလို့ ယူဆကြကာ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးကြတာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ နှစ်စဉ်နှစ်တိုင်း အမျိုးသားသစ်ပင်စိုက်ပျိုးနေ့ကို ကျင်းပခဲ့မှုကြောင့် မကြာသေးမီနှစ်များအတွင်းမှာ သစ်တောပြုန်းတီးခြင်း လျှော့ချမှုနဲ့ သစ်တောထိန်းသိမ်းခြင်းတို့မှာ သိသာထင်ရှားတဲ့ တိုးတက်မှုရလဒ်တွေကို ရရှိခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ ထိုသို့သစ်ပင်စိုက်ပျိုးမှုတွေကြောင့် တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ မြစ်ကြီးများမှာ ရေထုညစ်ညမ်းမှုနည်းပါးခဲ့သလို၊ လေထုညစ်ညမ်းမှုလည်း လျော့ကျလာခဲ့ပါတယ်။
လက်ရှိအချိန်မှာ တရုတ်နိုင်ငံက သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်များပြုထားလျက်ရှိပြီး၊ သဲကန္တာရများ၊ မြေဆီလွှာတိုက်စားမှုနဲ့ အခြားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို တိုက်ဖျက်ရေးအတွက် စီမံချက်များကို ချမှတ်ထားလျက်ရှိပါတယ်။
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) ရဲ့ ၂၇ ကြိမ်မြောက် ညီလာခံ (COP27) မှာလည်း တရုတ်နိုင်ငံအနေနဲ့ တက်တက်ကြွကြွ ပါဝင်လျက်ရှိနေပြီး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေကိုလည်း တက်ကြွစွာ ဆောင်ရွက်လျက်ရှိနေပါတယ်။
 
မိုးသီဟန်