【 ဆောင်းပါး 】တရုတ်အသွင်ပုံစံခေတ်မီရေး အတွေ့အကြုံများကြားမှ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်

【 ဆောင်းပါး 】တရုတ်အသွင်ပုံစံခေတ်မီရေး အတွေ့အကြုံများကြားမှ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်

မြန်မာနိုင်ငံနှင့် ရေမြေထိစပ်နေသော အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ် ကာလများ အတွင်း၌ပင် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာလျက်ရှိသလို လက်ရှိတွင် တရုတ်ပြည်၏ စီးပွားရေးမှာ တိုးတက်မှု အရှိန်ကောင်းလာခဲ့သလို ကမ္ဘာ့ ဒုတိယအင်အားအကြီးဆုံး နိုင်ငံတစ်နိုင်ဖြစ်လာခဲ့သည်။

တရုတ်ပြည်၏ တိုးတက်မှုအရှိန်ကောင်းစေသော စီးပွားရေးကိုကြည့်လျှင် ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့်သည့်နှစ်၌ တရုတ်ပြည်သူ လူထုအားလုံးကို အတော်အတန် ကြွယ်ဝချမ်းသာသည့် လူ့အဖွဲ့အစည်းဖြစ်အောင်လုပ်နိုင်သော ရည်ရွယ်ချက်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် နှစ် ၁၀၀ ပြည့်ဖြစ်သော ၂၀၄၉ ခုနှစ်တွင် တရုတ်တစ်ပြည်လုံး၌ ကြွယ်၀ချမ်းသာသော နိုင်ငံကြီးတစ်ခုဖြစ်အောင် လုပ်ဆောင်ရန် မျှော်မှန်းထားသည့် China Dream ကို အကောင်အထည် ဖော်ဆောင်နေခြင်းမှာ အင်မတန်စိတ်ဝင်စားစရာကောင်းလှသည်။

ထိုသို့မျှော်မှန်းချက်အပေါ် အကောင်အထည်ဖော်ရင်း စီးပွားရေးတွင် ကမ္ဘာ့ဒုတိယအင်အားအကြီးမားဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်လာကာ မြို့ပြလူဦးရေ၏ ၆၆ သန်းလောက်ကို အလုပ်အကိုင်ဖော်ထုတ်ပေးနိုင်ခဲ့သည်။ တရုတ်နိုင်ငံ ၏ဖွံ့ဖြိုးတိုးတက် မှုတွင် မိမိချမ်းသာလာသည်နှင့် တရုတ်တစ်ပြည်လုံး ပိုပြီးချမ်းသာရမည်ဟူသည့် သမ္မတကြီး ရှီကျင့်ဖျင်၏ မိန့်ခွန်းမှာ ယခု အောင်မြင်မှုအခြေအနေကို လက်တွေ့သိမြင်ခံစားနိုင်သော အခြေအနေမျိုးဖြစ် လာသည်။

တရုတ်ကွန်မြူနစ်ပါတီ ထူထောင်သော ၁၉၂၁ ခုနှစ်၊ ဇူလိုင်လမှ နှစ် ၁၀၀ ပြည့်ချိန် ၂၀၂၁ ခုနှစ်၊ ဇူလိုင်တွင် တရုတ်နိုင်ငံ၏ သမိုင်းမှာ ပြောင်းလဲမှုများစွာ အများအပြားဖြစ်လာခဲ့သလို တရုတ်နိုင်ငံ၏ လူဦးရေပေါင်း သန်း ၈၅၀ လောက်ကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ “တရုတ်ပြည်ကြီး ချမ်းသာတော့ ပတ်ဝန်းကျင်ကဟာတွေကို ပိုပြီးချမ်းသာအောင် သူကလုပ်ပေးတယ်၊ လုပ်ပေးတော့ဘာဖြစ်လဲ ချမ်းသာရင် ခင်ဗျားလည်းချမ်းသာတယ်၊ ကျွန်တော်လည်း ချမ်းသာတယ်ဆိုရင် ခင်ဗျားပစ္စည်း ကျွန်တော်ယူဖို့ မစဉ်းစားဘူး၊ ခင်ဗျားပစ္စည်း ကျွန်တော်လုဖို့မစဉ်းစားဘူး၊ ဒေသတွင်း ငြိမ်းချမ်းမယ်၊ ဒေသတွင်းငြိမ်းချမ်းရင် တစ်ကမ္ဘာလုံးငြိမ်းချမ်းမယ်၊ ရှီကျင့်ဖျင်ရဲ့ ပေါ်လစီက ငြိမ်းချမ်းရေးပေါ်လစီလို့ ပြောရင်လည်း မမှားဘူး၊ အတုယူစရာ ကောင်းပါတယ်”ဟုလည်း မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က‌ ပြောကြားသည်။

တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းကို လေ့လာကြည့်ရာတွင် ကမ္ဘာပေါ်ရှိ ရင်သပ်ရှုမောဖွယ်ရာ ကောင်းသော အောင်မြင်မှုတစ်ခုလည်း ဖြစ်သည်။ တရုတ်ပြည်တွင် တံခါးဖွင့်ဝါဒမကျင့်သုံးခင် လွန်ခဲ့သော ၁၉၇၈ ခုနှစ်က GDP မှာ ၂၁၄ ဘီလီယံသာရှိသလို ကမ္ဘာပေါ်တွင် နံပါတ် ၁၀ အခြေအနေ၌ ရှိနေခဲ့သည်။ သို့ရာတွင် ၂၀၂၃ ခုနှစ်ကာလသို့ ရောက်သွားချိန်တွင် တရုတ်နိုင်ငံ၏ GDP မှာ  ၁၆ ထရီလီယံရှိခဲ့သည်။ Property Rate ကို ကြည့်သည့်အခါ ၁၉၇၈ ခုနှစ် က တရုတ်နိုင်ငံ လူဦးရေ၏ ၉၇ ရာခိုင်နှုန်းမှာ တစ်ရက်လျှင် ၁ ဒသမ ၉ ဒေါ်လာ သာရကာ လူ ၁၀၀ အနက်တွင် ၉၇ ဦးလောက်က ဆင်းရဲတွင်း နစ်နေသော အခြေအနေမျိုးဖြစ်သည်။ ယခုအခါ ၂၀၂၁ ခုနှစ်၏ စာရင်းကိုပြန်ကြည့်ပါက လူဦးရေ သန်း ၈၅၀ လောက်မှာ ဆင်းရဲမှုပပျောက်၍ တစ်ရာခိုင်နှုန်းလောက်သာ ကျန်နေသည့် အခြေအနေမျိုးဖြစ်လာခဲ့သည်။

မြို့ပြဖြစ်ပေါ်မှုနှင့် ပတ်သက်၍ကြည့်သည့်အခါတွင်လည်း ၁၉၇၈ ခုနှစ်က မြို့ပေါ်နေလူဦးရေမှာ ၁၈ ရာခိုင်နှုန်းသာ ရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၆၃ ရာခိုင်နှုန်းအထိ ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ၏ အခြေခံအဆောက် အဦမှာ ယင်းနိုင်ငံအတွင်း၌သာမကဘဲ အာရှတိုက်၊ အာဖရိကတိုက်အပါအဝင် တိုးတက်သည့် နိုင်ငံများတွင် တရုတ်၏ နည်းပညာပံ့ပိုးမှု၊ ငွေကြေးပံ့ပိုးမှု အစရှိသည့် ပံ့ပိုးမှုများစွာရှိလာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အပိုင်းတွင်လည်း ၁၉၇၈ ခုနှစ်လောက်က ကမ္ဘာ့ကုန်သွယ်ရေး၏ တစ်ရာခိုင်နှုန်းသာရှိသည့် အခြေအနေမှ ယခုအခါ ၁၃ ရာခိုင်နှုန်း ဖြစ်လာခဲ့သည်။

“အဲဒီတော့ ဆရာတို့ပဲစဉ်းစားကြည့်၊ တရုတ်ရဲ့ တရုတ်အသွင်ပုံစံခေတ်မီရေး အတွေ့အကြုံများဟာ ဘယ်လောက်အထိ တစ်ခြားနိုင်ငံတွေကို ဘယ်လိုအတုယူလို့ရမလဲ။ ဟို … သူတို့ရဲ့အောင်မြင်မှုတွေ နောက် ဆင်းရဲမွဲတေမှုပပျောက်တာကလည်း ကမ္ဘာ့ကုလသမဂ္ဂကတောင် သူတို့ရဲ့ အောင်မြင်မှုတွေကို တခြားနိုင်ငံတွေကတောင် လေ့လာအသုံးပြုနိုင်ဖို့ အကြံပြုထားတယ်ဆိုတော့ တော်တော်ကြီးကို ကျွန်တော်တို့ လေ့လာဖို့ ကောင်းပါတယ်”ဟုလည်း ကမ္ဘာလုံးဆိုင်ရာ ပိုးလမ်းမစီမံကိန်း သုတေသနကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဖွံ့ဖြိုးလာသည်နှင့်အမျှ ဆင်းရဲမွဲတေမှုကို လျှော့ချကာ ပပျောက်အောင်ကြိုးစားလာမှုနှင့်အတူ ယင်းအတွေ့အကြုံများကို ကမ္ဘာကြီးဆီ မျှဝေပေးခဲ့သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို လုပ်ဆောင်ရာတွင် ကျယ်ပြန့်သည့် အဆိုပြုချက်သုံးခုဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးသာမကဘဲ ဆင်းရဲမှုလျော့နည်းပပျောက်ရေး၊ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေးစသည့် အဆိုပြုချက်များကို အထင်းသား မြင်တွေ့ရမည်ဖြစ်သည်။ ပြီးခဲ့သော ၂၀၂၁ ခုနှစ်က ပြုလုပ်သည့် ၇၆ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏မိန့်ခွန်းတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်က Global Development Initiative  ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဆိုပြုခဲ့သလို ၂၀၂၂ ခုနှစ်က ပြုလုပ်သည့် Boao Forum for Asia (BFA) Annual Conference 2022 ၌ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် အဆိုပြုခဲ့သည်။ ပြီးခဲ့သည့် မတ်လ ၁၅ ရက်က ပြုလုပ်သည့် ကမ္ဘာ့နိုင်ငံရေး ပါတီများ၏ အဆင့်မြင့်အစည်းအဝေးတစ်ခု၌ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုမြင့်မားရေးကို အဆိုပြုခဲ့ပြန်သည်။ ထိုအဆိုပြုချက်များမှာ မြန်မာအပါအဝင် တစ်ကမ္ဘာလုံး၌ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ကာ တည်ငြိမ်ငြိမ်းချမ်းရေး အတွက် တရုတ်နိုင်ငံက ဦးဆောင်လုပ်ကိုင်သွားမည့် အနေအထားကိုလည်း အဆိုပြုခဲ့ကြောင်း မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ ဝါရင့်အကြံပေးဖြစ်သူ ဒေါက်တာ နိုင်ဆွေဦးက သုံးသပ်ပြောကြားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးကဏ္ဍမှာ ပြီးခဲ့သောဆယ်စုနှစ်အတွင်း လျင်မြန်စွာတိုးတက်လာရာ ၂၀၁၂ ခုနှစ်တွင် ယွမ် ၅၃ ဒသမ ၉ ထီလီယံရှိရာမှ ၂၀၂၁ ခုနှစ်တွင် ယွမ် ၁၁၄ ဒသမ ၄ ထရီလီယံအထိတိုးတက်လာခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေးအချိုးအစား၏ ၁၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ လူတစ်ဦးချင်း ပျမ်းမျှ GDP မှာ ၂၀၁၂ ခုနှစ်က ၆၃၀၀ ဒေါ်လာမှ ၂၀၂၁ ခုနှစ်တွင် ၁၂၀၀၀ ဒေါ်လာကျော် ရောက်ရှိလာကာ ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း လူတစ်ဦးချင်း ပျမ်းမျှ GDP တစ်ဆကျော် မြင့်တက်လာသည်ဟု ဆိုကြသည်။ “နိုင်ငံစပြီး ထူထောင်တဲ့ ၁၉၄၉ ခုနှစ်က ကာလနဲ့စာရင်တော့ အစပေါင်း ၂၇၀ လောက် တိုးတက်လာပါတယ်၊ ဒီတံခါးဖွင့် စီးပွားရေး ဖေါ်ဆောင်ပြီးတော့မှ ပြုပြင်ပြောင်းလဲရေး စတင်လုပ်ဆောင်တဲ့အချိန်က ရေတွက်မယ်ဆိုရင်တော့ အဆပေါင်း ၇၇ ဆ လောက် တိုးတက်လာတယ်ဆိုတာ ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်၊ ဆိုတော့ ဒီဖွံ့ဖြိုးမှုကိုကမ္ဘာ့နိုင်ငံတွေကလည်း လက်တွေ့ကျကျ လက်ခံထားကြပါတယ်”ဟုလည်း ဒေါက်တာ နိုင်ဆွေဦးက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု အောင်မြင်လာခြင်းနှင့်အတူ ကိုဗစ် ၁၉ ကဲ့သို့သော ကပ်ရောဂါ၏ စိန်ခေါ်မှုကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်။ နိုင်ငံကြွယ်၀ခြင်းသည် ပြည်သူများ၏ချမ်းသာကြွယ်၀ခြင်းဖြစ်သည်ဟူသော လွန်ခဲ့သည့် နှစ်ပေါင်း ၁၈၀၀ ကျော်က တရုတ်စကားပုံတစ်ခုလည်းရှိခဲ့သည်။ နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်၀မှုသည် ယင်းနိုင်ငံ၏ဘဏ္ဍာတိုက်နှင့် ရိက္ခာတို့ကို ပြည့်၀နေသည်သာမကဘဲ ပြည်သူများ၏ ကြွယ်၀မှုကိုလည်း ရည်ညွှန်းခြင်းဖြစ်သလို ပြည်သူများကြွယ်၀လာပါက နိုင်ငံလည်း ချမ်းသာလာမည်မှာ အသေအချာပင်ဖြစ်သည်။ တရုတ်နိုင်ငံက ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြည့်ပါက တရုတ်နိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ပညာရှင်အဖွဲ့များက အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ လာအို စသော နိုင်ငံများ၏ ဝေးလံသော တောင်ပေါ်ဒေသများဆီ သွားရောက်လုပ်ဆောင်ကာ ကူညီခဲ့ကြသည်။ အာဖရိကတိုက်ကိုကြည့်မည်ဆိုပါက တရုတ်မှ ထောက်ပံ့ပေးထားသည့် ရွာတစ်သောင်းဆက် ဂြိုလ်တုဒီဂျစ်တယ်စီမံကိန်းရှိပြီး ယင်းစီမံကိန်းဒေသတွင် နေထိုင်သော ပြည်သူများက အိမ်ထဲမှ အိမ်ပြင်ထွက်စရာမလိုဘဲ ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုများကို ပြင်ပကမ္ဘာနှင့် ထိတွေ့မှုရရှိစေခဲ့သည်။ ထို့အပြင် လက်တင်အမေရိကဘက်ကို ကြည့်ပါကလည်း ဘရာဇီးနိုင်ငံ၏ တောင်နှင့်မြောက်ကို လျှပ်စစ်ပေးဖူးသည့် စီမံကိန်းမှလည်း လူပေါင်း ၂၂ သန်းအတွက် လျှပ်စစ်မီး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သမုဒ္ဒရာရပ်ဝန်းတွင် မှိုမျှစ်၊ ယာစပါး အစရှိသည့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် နည်းပညာများ ဖြန့်ဝေပေးခဲ့သလို ဖီဂျီနှင့် နယူးဂီနီလိုဒေသတွင်လည်း လယ်ယာစိုက်ပျိုးရေး၌ ဖွံ့ဖြိုးတိုးတက်မှုများရှိလာခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖိန်၏ နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကမ်းလှမ်းချက်ဖြစ်သော Belt and Road BRI ရပ်ဝန်းနှင့် ပိုးလမ်းမ အစီအစဉ်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆၀ ကျော် ပါဝင်ပတ်သက်လျက် ရှိသည့်အပြင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပလက်ဖောင်းသစ်ကို ဖန်တီးပေးလျက်ရှိသည်။ Belt and Road ကို အဆိုပြုခဲ့သည့် ၁၀ နှစ်အတွင်းတွင် စီမံကိန်းကြီးမှ ဖွံ့ဖြိုးတိုးတက်မှုလက်တွေ့ရလဒ်များကို နိုင်ငံအသီးသီးရှိပြည်သူများ ခံစားလာရပြီ ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်အထင်ကရအမှတ်အသား ပြည်သူ့အကျိုးပြုစီမံကိန်း ပူးပေါင်းဆောင်ရွက်မှု မှတ်ကျောက်တိုင် ကိုလည်း ဖန်တီးနိုင်ခဲ့သည်။ ထို ၁၀ နှစ်အတွင်းတွင် Belt and Road အဆိုပြုချက်မှ အမေရိကန်ဒေါ်လာ ထရီယံချီသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၃၀၀၀ ကျော်လည်း အကောင် အထည်ဖော်နိုင်ခဲ့သည်။ လမ်းကြောင်းတစ်လျှောက် နိုင်ငံများအတွက် အလုပ်အကိုင်အခွင့်အရေးပေါင်း ၄ သိန်း ၂ သောင်းကျော် ဖန်တီးနိုင်ခဲ့သလို လူဦးရေ သန်း ၄၀ နီးပါးကိုလည်း ဆင်းရဲနွမ်းပါးမှု ပပျောက်စေခဲ့သည်။

မကြာသေးခင်က တရုတ်နိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံကို အသစ်ပြန်လည် မွမ်းမံခဲ့ပြီး ယင်းအမျိုးသားကဇာတ်ရုံ(ရန်ကုန်)မှာ တရုတ်အကူအညီဖြင့်ပင် ၁၉၉၀ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့သလို တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး စီမံကိန်းများအနက်မှ အရေးပါသောစီမံကိန်းအဖြစ် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ထို့အပြင် သု၀ဏ္ဏအမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) ကိုလည်း အဆင့်မြှင့်တင်ရန် တရုတ်က ယွမ် သန်း ၂၀၀ ကျော်အကုန်အကျခံ ထောက်ပံ့ပေးခဲ့ပြီး ယင်းပြိုင်ပွဲရုံ(၁)မှာ မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အဖြစ် ၁၉၈၃ ခုနှစ်က ငွေကျပ်သန်း ၃၁၀ ကျော်၊ အကုန်ကျခံကာ တရုတ်ပညာရှင်နှင့် ကျွမ်းကျင်သူများ ပေါင်းစပ်တည်ဆောက်ခဲ့သလို ၁၉၈၆ ခုနှစ် မတ်လတွင် တည်ဆောက်ပြီးစီး၍ အောက်တိုဘာ ၂၅ ရက်က စတင်အသုံးပြုခဲ့သည်။ မြန်မာပြည်သူများအတွက် အဖိုးတန်ရတနာများလည်းဖြစ်သလို ကမ္ဘာ့အထင်ကရ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ပုဂံစေတီပုထိုးများနှင့် ပတ်သက်၍လည်း မြန်မာ-တရုတ် ချစ်ကြည်ရေးကို လက်ဆင့်ကမ်းသည့်အနေဖြင့် သဗ္ဗညုဘုရား တည်ဆောက်ထိန်းသိမ်းရေးစီမံကိန်း၊ ရွှေစည်းခုံစေတီတော် အရှေ့ဘက်ရင်ပြင်တွင် ၁၉၆၁ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်း မတည်လှူဒါန်းငွေဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ရာ ချူအင်လိုင်း တန်ဆောင်း ပြုပြင်ထိန်းသိမ်းမှုစီမံကိန်းများကိုလည်း တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးခဲ့သည်။

“တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းမှာ စီးပွားရေးကဏ္ဍမှာ အထူးတိုးတက်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်၊ ဒီလို စီးပွားရေး အထူးလျင်မြန်စွာတိုးတက်သွားတဲ့အတွက် ဒါလူမှုရေးကဏ္ဍကိုလည်းတိုက်ရိုက် အကျိုးသက်ရောက်သွားတာ တွေ့ခဲ့ရတယ်၊ ဒီလိုတရုတ်နိုင်ငံဖွံ့ဖြိုးလာတဲ့အခါမှာ သူ့နိုင်ငံအတွက် ၊ သူ့လူမျိုးအတွက် စဉ်းစားတာမျိုးမဟုတ်တော့ဘဲနဲ့ တခြားနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း သူ့အနေနဲ့ စိတ်ဝင်စားလားတယ်၊ အဲ့လိုစဉ်းစားလာတာနဲ့အမျှ သူ့နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့ လုပ်နည်းလုပ်ဟန် နည်းစနစ်တွေကို ဖြန့်ဝေဖို့ ကြိုးစားလာနိုင်တယ်လို့ မြင်ပါတယ်”ဟုလည်း မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်က ဆိုပါသည်။

Belt and Road စီမံကိန်းသည်လည်း လန်ချန်း-မဲခေါင် ပူးတွဲဆောင်ရွက်ရေးနှင့် ချိတ်ဆက်နေသလို မြန်မာနှင့် တရုတ် နှစ်ဘက်စလုံးက ချိတ်ဆက်ထားလျက်ရှိသည်။ ယင်းချိတ်ဆက်မှုအရ နှစ်နိုင်ငံဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုကောင်းလာကာ စွမ်းအင်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်သလို အားလုံးချမ်းသာမှ ဒေသတစ်ခုလုံး ချမ်းသာမည် ဒေသတစ်ခုလုံး ချမ်းသာမှ ငြိမ်းချမ်းမည်ဟူသည့် ပိုးလမ်းမစီမံကိန်းနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ငြိမ်းချမ်းရေး ပေါ်လစီကိုပါ တစ်ပါတည်း တွဲ၍ လုပ်ဆောင်လာမှုကိုလည်း အတိုင်းသားမြင်ရမည်ဖြစ်သည်။

“ဒီလို အချိန်အတောအတွင်းမှာကို ကျွန်တော်တို့က ခေတ်ကောင်းလေး တစ်ခုရော ရောက်ပါတယ်၊ ဘာဖြစ်လို့ဆိုရင် ရှေ့ကနေ လုပ်ခဲ့တဲ့ဟာလေးတွေ ကျွန်တော်တို့ လေ့လာသုံးသပ်လို့ရတယ်၊ ဆက်လုပ်ရမယ့်ကဏ္ဍလေးတွေရော ဘယ်ကဏ္ဍလေးတွေက ကျွန်တော်တို့ မိမိနိုင်ငံနဲ့ ဘယ်ကဏ္ဍတွေ အဆင်ပြေလဲ ဘယ်ကဏ္ဍတွေက ပြည်သူလူထုတွေအတွက်နဲ့ ပိုလိုအပ်မှုရှိလဲ ဒါလေးတွေကို ကျွန်တော်တို့ ဘက်စုံသုံးသပ်ပြီးတော့ ဒါလေးတွေ စဉ်းစားသင့်တယ်လို့ ကျွန်တော်တို့က တင်ပြချင်ပါတယ်”ဟုလည်း မြန်မာ့အားမာန် စီးပွားရေးလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးနိုင်ကလည်း သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးမျှော်မှန်းချက်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်ကို မြင်တွေ့ရပြီး ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီပေးမည့် ခါးပတ်တစ်ကွင်းလမ်းတစ်စင်းဟူသည့် စီမံကိန်းများမှ ဆင်းရဲချမ်းသာကွာဟမှု လျော့ပါးရေးအပေါ် အကူအညီပေးရန် ရည်ရွယ်ထားသော အခြေအနေမျိုးဖြစ်သလို ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများကလည်း ထောက်ခံအားပေးမှုများရနေသည့် အခြေအနေမျိုးဖြစ်လာသည်။ ထို့ကြောင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးသည် အနောက်တိုင်းနိုင်ငံများ၏ ခေတ်မီမှုလမ်းကြောင်းနှင့်မတူသော်လည်း ထူးခြားသည့် တိုးတက်မှုမျိုး ဖြစ်သလို မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်မည့် အခြေအနေမျိုးဖြစ်ကြောင်းကို စကားဝိုင်းအဖြစ် ဆွေးနွေးခဲ့ကြသည်။

အောင်ထွဋ်မင်း